Transparency Myanmar

transparency.myanmar@gmail.com

မြစ်ဆုံ ရေလှောင်တမံ စီမံကိန်း အနီးရှိ ရာဘာ စိုက်ခင်းပိုင်ရှင်နှင့် အလုပ်သမား လေးဦးကို မြို့နယ် ရဲတပ်ဖွဲ့ဝင်များက ဧပြီလ ၁၈ ရက်နေ့တွင် ဖမ်းဆီး ထိန်းသိမ်းလိုက် ကြောင်း Kachin News Gourp (KNG) က သတင်း ပေးပို့သည်။ အလုပ်သမား နှစ်ဦးအား စစ်ဆေး မေးမြန်းမှုများ ပြုလုပ်ပြီးနောက် ပြန်လွှတ်လိုက်သည်ဟု ဆိုသည်။

ဖမ်းဆီးခံရသော ရာဘာစိုက်ခင်း ပိုင်ရှင်မှာ Chyinghkrange ကျေးရွာနေ Ze Lum ဆိုသူ ဖြစ်သည်။

ဧပြီလ ၁၇ ရက်နေ့တွင် မြစ်ဆုံ ရေလှောင်တမံ စီမံကိန်းအတွင်း ဗုံးများ ပေါက်ကွဲခဲ့သလို သင်္ကြန် အချိန်ကာလ အတွင်းက ရန်ကုန်မြို့တော်တွင် ဗုံးသုံးလုံး ပေါက်ကွဲခဲ့သည်။ ထိုင်းနိုင်ငံ အခြေစိုက် KNG သတင်း အယ်ဒီတာ Lapai Naw Din က " တကယ်တော့ သူတို့မှာ အပြစ် မရှိပါဘူး။ မြစ်ဆုံ ရေလှောင်တမံ စီမံကိန်း စတင်တော့ သူ့ရဲ့ ရာဘာခြံ ကြီးကို မီးရှို့ ဖျက်ဆီးခြင်း ခံခဲ့ရပါတယ်။သူက ကုမ္ပဏီကို လျော်ကြေး တောင်းခဲ့တယ်။ ဒါပေမဲ့ ကုမ္ပဏီက လျော်ကြေး ပေးဖို့ ကိစ္စကို ပယ်ချခဲ့တယ်" ဟု ပြောသည်။

အဆိုပါ ကိစ္စနှင့် စပ်လျဉ်း၍ မြစ်ကြီးနား ရဲဌာနသို့ Irrawaddy သတင်းဌာနက ဆက်သွယ် မေးမြန်းခဲ့သော်လည်း ပြန်လည် ဖြေကြားခြင်း မရှိပေ။ သတင်း ပေးပို့ချက်အရ မြစ်ဆုံ ရေလှောင်တမံ ဗုံးပေါက်ကွဲမှုတွင် လူ လေးဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာ ရရှိခဲ့သည်။ အများစုမှာ တရုတ် အလုပ်သမားများ ဖြစ်ကြသည်။

အေးရှားဝေါလ် ကုမ္ပဏီရုံးခန်း ရှေ့ဘက်တွင် အနည်းဆုံး ဗုံးသုံးလုံး ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု သတင်းများက ဆိုသည်။ အေးရှားဝေါလ်သည် အဆိုပါ စီမံကိန်းအတွက် အဓိက ကန်ထရိုက်တာ ဖြစ်ပြီး စီမံကိန်းကို တရုတ် နိုင်ငံပိုင် ကုမ္ပဏီ ဖြစ်သော China Power Investment Corporation(CPI) က ငွေကြေး မတည်ပေးခြင်း ဖြစ်သည်။

ဒေသခံများ၏ အဆိုအရ ယခုအခါ အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် စီမံကိန်း တစ်ဝိုက်တွင် လုံခြုံရေးများ တိုးမြှင့်ချထားသည်ဟု သိရသည်။ တရုတ်-မြန်မာ နယ်စပ်တွင် နေထိုင်သော ကချင် သတင်းရင်းမြစ် ဖြစ်သော Aung Wa က "မြစ်ကြီးနားက ဧရာဝတီ ဗလမင်းထင် တံတားကို ဖြတ်တဲ့ လူတိုင်းကို အာဏာပိုင်တွေက အသေးစိတ် စစ်ဆေးကြတယ်။ ပါလာသမျှ ပစ္စည်းတွေ အားလုံးကိုလည်း စစ်ကြတယ်။ ဗုံးမပေါက်ခင်တုန်းက ဗလမင်းထင် တံတားကို ၂၄ နာရီ ဖြတ်လို့ ရတယ်။ အခုတော့ ည ၇ နာရီ ကျော်ရင် ပေးမဖြတ်တော့ဘူး" ဟု Irrawaddy သို့ ပြောသည်။

အဆိုပါ စီမံကိန်းတွင် CPI ကုမ္ပဏီမှ တရုတ် အလုပ်သမား ၃၀၀ ခန့် လုပ်ကိုင်လျက် ရှိသည်။ လူ့အခွင့်အရေး အဖွဲ့များနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝါဒီများက အဆိုပါ စီမံကိန်းကို ပြစ်တင် ရှုတ်ချကြသည်။ ယင်း ရေလှောင်တမံ တည်ဆောက်ခြင်းကြောင့် လူပေါင်း ၁၅၀၀၀ ခန့် နေရာ ရွှေ့ပြောင်း နေထိုင်ခဲ့ကြရသည်။

Irrawaddy သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment