Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်မည့် အမေရိကန်သံတမန် Kurt Cambell အား မြန်မာစစ်အစိုးရက အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေး ဖွယ်ရာရှိကြောင်း တာဝန်ရှိသူတစ်ဦးက AFPသတင်းဌာနသို့ ပြောကြားသည်။

အကယ်၍ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားအတိုက်အခံ အဖွဲ့ဝင်များနှင့် တွေ့ဆုံခွင့် ပြုမှသာ အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Cambell ကို စေလွှတ်မည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက မေလ ၇ ရက်နေ့တွင် အသိပေး ပြောကြားသည်။

နိုဗယ်ငြိမ်းချမ်းရေးဆုရှင်၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (၆၄ နှစ်)သည် လွန်ခဲ့သော နှစ် ၂၀ ကာလအတွင်း ၁၄ နှစ်တာမျှ စစ်အစိုးရ၏ ဖမ်းဆီးအကျဉ်းချ ခံခဲ့ရသူဖြစ်သည်။ သံတမန် Kurt Cambell သည် ၁၄ နှစ်တာ ကာလအတွင်း အမေရိကန်အစိုးရ၏ အဆင့်အမြင့်ဆုံး အရာရှိတစ်ဦးအဖြစ် ပြီးခဲ့သည့် နိုဝင်ဘာလက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သူဖြစ်သည်။ မစ္စတာ Cambell သည် အမေရိကန်သမ္မတ ဘားရက်အိုဘားမား၏ စစ်အစိုးရနှင့် စေ့စပ်ညှိနှိုင်းရေး မူဝါဒကို အကောင်အထည် ဖော်သည့် အနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ခြင်း ဖြစ်သည်။

မစ္စတာ Cambell သည် ယခုခရီးစဉ်တွင် မြန်မာနိုင်ငံ၌ သုံးရက်တာမျှ နေထိုင်မည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ (NLD) ၏ခေါင်းဆောင်များ နှင့်လည်း တွေ့ဆုံရန် ရှိကြောင်း မြန်မာအစိုးရဘက်မှ တာဝန်ရှိသူများက AFP သတင်းဌာနသို့ ပြောဆိုသည်။

"တနင်္လာနေ့မှာ NLD ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ကိုးဦးနဲ့ တွေ့ဆုံ ဆွေးနွေး ပါလိမ့်မယ်။ အဲဒီနေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမယ်လို့လည်း ယူဆပါတယ်။ ဒါပေမဲ့ မသေချာသေးပါဘူး" ဟု မြန်မာအစိုးရမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မစ္စတာ Cambell သည် နေပြည်တော်ရှိ စစ်အစိုးရ အဖွဲ့ဝင်များနှင့် သွားရောက်တွေ့ဆုံပြီး နေရပ်သို့မပြန်မီ ရန်ကုန်မြို့သို့ ပြန်လည် ဝင်ရောက်ဦးမည်ဖြစ်ကြောင်းလည်း သိရသည်။ NLD သည် အငြင်းပွားစရာ ဖြစ်နေသော ရွေးကောက်ပွဲ ဥပဒေကို မကျေနပ်၍ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည် မဟုတ်ဟု ဆုံးဖြတ်ခဲ့ရာ ဥပဒေကြောင်းအရ မေလ ၆ ရက်နေ့တွင် တရားဝင် အဖွဲ့အစည်းအဖြစ်မှ ပယ်ပျက်သွားပြီ ဖြစ်သည်။

"မစ္စတာ Cambell နဲ့ တနင်္လာနေ့မှာ တွေ့ဆုံကြမယ်။ သူနဲ့တွေ့ဖို့ စောင့်နေပါလို့ ကျွန်တော်တို့ကို ပြောထားပါတယ်" ဟု NLD ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးက ပြောကြားသည်။

"ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးခြား တွေ့မယ်လို့လည်း ကြားတယ်။ သူမနဲ့ တခြားနိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့၊ စစ်အစိုးရအနေနဲ့ ယုံကြည်စိတ်ချရတဲ့ ရွေးကောက်ပွဲ တစ်ရပ်ကျင်းပပေးဖို့ စတာတွေ အပေါ်မူတည်ပြီး မစ္စတာ Cambell နဲ့ ကျွန်တော်တို့ ဆွေးနွေးကြမှာပါ" ဟု ဦးတင်ဦးက ပြောကြားသည်။

NLD သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ရန် နောက်ဆုံးနေ့ ဖြစ်သော မေလ ၆ ရက်နေ့ အထိ မှတ်ပုံတင်ရန် ငြင်းဆိုခဲ့သော ပါတီဖြစ်သည်။ NLD ပါတီဝင်အချို့က နိုင်ငံရေး ပါတီသစ် တစ်ခုကို NLD ၏ အဖွဲ့ခွဲတစ်ခုအဖြစ် ယခုရက်သတ္တပတ် အတွင်း ဖွဲ့စည်းတည်ထောင်မည်ဟု သိရသည်။ သို့သော်  ရွေးကောက်ပွဲသို့ ဝင်ရောက်မည့် ကိစ္စကိုမူ မဆုံးဖြတ်ရသေးဟု ဆိုသည်။

ရွေးကောက်ပွဲမဝင်ဘဲ သပိတ်မှောက်သည့် ကိစ္စကြောင့် NLD အတွင်း သက်ကြီးပိုင်းတို့၏ အယူအဆနှင့် မျိုးဆက်သစ် လူငယ်တို့၏ အယူအဆတို့ ကွဲပြားခြားနားလျက် ရှိသည်။ သက်ကြီးပိုင်းများက သဘောထား တင်းမာသည့် အမြင်ရှိသော်လည်း မျိုးဆက်သစ်များကမူ လက်ငင်း အကျိုးဖြစ်ထွန်းမည့် ဝါဒကို ပိုမိုနှစ်သက်ကြသည်။

AFP သတင်းကိုဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment