Transparency Myanmar

transparency.myanmar@gmail.com

တရုတ်နိုင်ငံအနေဖြင့် ယွမ်ငွေတန်ဖိုး ပြင်ဆင်သတ်မှတ်ရေးကို ဆက်လက် ငြင်းပယ်နေမည် ဆိုပါက ကုန်သွယ်ရေးအရ ပိတ်ဆို့အရေးယူမှုများ ပြုလုပ်မည်ဟု အမေရိကန် နိုင်ငံရေးသမားများက ခြိမ်းခြောက်မှုများ ထပ်မံပြုလုပ်လိုက်သည်။

အမေရိကန်ဆီးနိတ်၏ ဘဏ္ဍာရေးကော်မတီတွင် ပြုလုပ်သော ဆွေးနွေးပွဲ၌ ဒီမိုကရက်နှင့် ရီပတ်ဘလီကန် အမတ်များက တရုတ်နိုင်ငံ၏ ယွမ်ငွေကိစ္စနှင့်ပတ်သက်၍ ၎င်းတို့အနေဖြင့် စိတ်ရှည်သည်းခံနိုင်ခြင်း မရှိတော့ကြောင်း ဘဏ္ဍာရေးဝန်ကြီး Timothy Geithner ကို သတိပေး ပြောကြားသည်။

 ဘဏ္ဍာရေးဝန်ကြီး Timothy က တရုတ်နိုင်ငံ၏ အနေအထားသည် ကမ္ဘာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုအတွက် နှောင့်နှေးကြန့်ကြာစေကြောင်း ပြောကြားသည်။

တရုတ်အစိုးရက ကုန်သွယ်ရေး အမြတ်ထွက်ရေးအတွက် ယွမ်ငွေတန်ဖိုးကို အမေရိကန် ဒေါ်လာထက် နှိမ့်ချထားသည့် ကိစ္စကို အမေရိကန်ပြည်ထောင်စုက မကျေနပ်ကြောင်း ကာလကြာရှည်စွာ ပြောဆိုခဲ့သည်။

တရုတ်အစိုးရသည် ယွမ်ငွေတန်ဖိုးကို ၄၀ ရာခိုင်နှုန်းအထိပင် လျှော့ချထားသည်ဟု စီးပွားရေး လေ့လာသုံးသပ်သူ အချို့ကပြောဆိုသည်။ ဒီမိုကရက်ပါတီအမတ် Charles Schumer က အကယ်၍ လိုအပ်ပါက တရုတ်နိုင်ငံအပေါ် ကုန်သွယ်ရေး ပိတ်ဆို့အရေးယူမည့် ဥပဒေတစ်ရပ်ပြဋ္ဌာန်းမည်ဟု ယုံကြည်ကြောင်း ပြောသည်။

"အခုပြောနေတဲ့ကိစ္စက အမေရိကန် ပြည်တွင်းစီးပွားရေး အကာအကွယ်ပေးရေး မဟုတ်ပါဘူး။ လွတ်လပ်စွာကုန်သွယ်မှု စည်းမျည်းစည်းကမ်းတွေကို တရုတ်နိုင်ငံက မထီမဲ့မြင် လုပ်နေတဲ့ ကိစ္စပါ" ဟု ၎င်းကဆိုသည်။

တရုတ်နိုင်ငံ၏ လုပ်ရပ်သည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဟန်ချက် မျှတအောင် ပြုလုပ်နိုင်ရေးအတွက် အဟန့်အတားဖြစ်စေကြောင်း ဘဏ္ဍာရေးဝန်ကြီး Timothy ကပြောဆိုသည်။

တရုတ်နိုင်ငံသည် ၂၀၀၈ ခုနှစ်တွင် ယွမ်ငွေတန်ဖိုးကို အမေရိကန်ဒေါ်လာနှင့် တပြေးတည်း သတ်မှတ်ခဲ့သည်။ အကြောင်းမှာ တရုတ်ကုန်တင်ပို့သူ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဝယ်လိုအား ကျဆင်းနေသော ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်မှု အားကောင်းမောင်းသန် ဖြစ်ရေးပင် ဖြစ်သည်။

တရုတ်နိုင်ငံ၏ ငွေကြေးတန်ဖိုး လျှော့ချသတ်မှတ်မှုကြောင့် အခြားသော အာရှနိုင်ငံများ အနေဖြင့် နိုင်ငံခြားငွေကြေး လဲလှယ်မှုဈေးကွက်အတွင်း အတိုင်းအတာတစ်ခုအထိ ဝင်ရောက် စွက်ဖက်ရန် အခြေအနေသို့ ရောက်ရှိသွားစေကြောင်း မစ္စတာ Timothy ကပြောသည်။

BBC သတင်းကိုဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment