Transparency Myanmar

transparency.myanmar@gmail.com

BBC News, 10th June 2010

ချိုနန် သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သက်၍ တာဝန် ပျက်ကွက်ကြောင်း တွေ့ရှိရမည့် စစ်ဖက် ခေါင်းဆောင်များကို အရေးယူရန် တောင်ကိုရီးယား အစိုးရအား ဝိုင်း၍ အကြံပြုနေကြသည်။

သင်္ဘော တိုက်ခိုက်ခံရမှု၏ အသေးစိတ် အချက်များကို ဖုံးဖိ ကွယ်ဝှက်ခဲ့သည့် အတွက် တာဝန်ရှိသူ ၂၅ ဦးမှာ ပြစ်ဒဏ်နှင့် ရင်ဆိုင်ရမည်ဟု အစိုးရ စစ်ဆေးရေး အရာရှိများက ပြောကြားလိုက်သည်။

မတ်လ ၂၆ ရက်က ချိုနန် နစ်မြုပ်မှုတွင် သင်္ဘောသား ၄၆ ဦး အသက် ဆုံးရှုံးခဲ့ရပြီး အဆိုပါ နစ်မြုပ်မှုသည် မြောက်ကိုရီးယား တိုပီဒိုကြောင့် ဖြစ်သည်ဟု နိုင်ငံတကာ စုံစမ်း စစ်ဆေးရေးမှူးများက ပြောကြားခဲ့သည်။

အဆိုပါ ကိစ္စကို လုံခြုံရေးကောင်စီတွင် စစ်ဆေးရန် ဆိုးလ်က တရားဝင် တင်ပြ တိုင်ကြားခဲ့သည်။

သင်္ဘော တိုက်ခိုက်ခြင်း မခံရမီ ရက်များအတွင်း မြောက်ကိုရီးယား ရေငုပ်သင်္ဘော လှုပ်ရှားမှု အစီရင်ခံစာ တက်လာခဲ့သော်လည်း ကြိုတင်သတိပေး ကာကွယ်မှု ပြုလုပ်ရန် ပျက်ကွက်ခဲ့ခြင်း အပါအဝင် စစ်တပ်၏ အဓိက မှားယွင်းမှုများစွာ တွေ့ရှိရသည်ဟု တောင်ကိုရီးယား စုံစမ်း စစ်ဆေးရေး ဘုတ်အဖွဲ့က ပြောကြားသည်။

ထို့အပြင် သင်္ဘော တိုက်ခိုက်ခံရသည့် အချိန်တွင် ထိပ်ပိုင်း တာဝန်ရှိပုဂ္ဂိုလ် အချို့ထံ သတင်းပို့ရာတွင် နှောင့်နှေးမှု ရှိခဲ့ပြီး စစ်တပ် ခေါင်းဆောင်များက ၎င်းတို့၏ ကနဦး အစီရင်ခံစာတွင် အချက်အလက် အချို့ကို ဖုံးဖိ ကွက်ဝှက်ခဲ့သည်။

ယခု အစီရင်ခံစာတွင် ပူးတွဲ စစ်ဦးစီးချုပ်များ ဥက္ကဌ၊ အရပ်ဖက် ဝန်ကြီးဌာန တာဝန်ရှိ ပုဂ္ဂိုလ် နှစ်ဦးနှင့် အခြား အဆင့်မြင့် အရာရှိကြီး ၂၂ ဦးကို ပြစ်တင် ဝေဖန်မှု ပြုလုပ်ထားသည်။

အမျိုးသား လုံခြုံရေးနှင့် ပတ်သက်သည့် ကြီးမားသော ဟာကွက်ကြီးတစ်ခုကို ချိုနန် နစ်မြုပ်မှုက ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်ဟု အမည်မဖေါ်လိုသူ ကာကွယ်ရေးဌာန အရာရှိတစ်ဦးက ယွန်ဟပ် သတင်းဌာနသို့ ပြောကြားခဲ့သည်။

"စစ်တပ်ကို ပြည်သူတွေရဲ့ ယုံကြည်မှု ပြန်ရဖို့ အတွက် အကြီးစား အရေးယူ၊ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ရမဲ့ ကိစ္စကို ရှောင်လွှဲလို့ မရပါဘူး" ဟု ၎င်းက ဆက်လက် ပြောကြားသည်။

မြောက်ကိုရီးယားက အဆိုပါ တိုက်ခိုက်မှု အတွက် တစုံတရာ တာဝန်မရှိဟု ငြင်းဆိုခဲ့ပြီး ၎င်းဖြစ်ရပ် အတွက် ကိုယ်တိုင် စစ်ဆေးမှု ပြုလုပ်နိုင်အောင် ပြုံယမ်းကို ကူညီပေးရန် လုံခြုံရေး ကောင်စီကို တိုက်တွန်း တောင်းဆိုသည့် စာတစ်စောင်ကို လုံခြုံရေး ကောင်စီ ဥက္ကဌထံ ပေးပို့ခဲ့ပြီး နောက်တစ်ရက် အကြာတွင် တောင်ကိုရီးယား စစ်ဖက်ကို ပြင်ဆင် ပြောင်းလဲရန် အလားအလာ ရှိသည့် သတင်းများ ထွက်ပေါ်လာခြင်း ဖြစ်သည်။

မြောက်ကိုရီးယားက ကိုယ်တိုင် စစ်ဆေးရန် တောင်းဆိုခြင်းကို တောင်ကိုရီးယားက ပယ်ချခဲ့သည်။

စစ်သင်္ဘော နစ်မြုပ်မှု ကိစ္စကြောင့် ကိုရီးယား နှစ်နိုင်ငံကြား တင်းမာမှုကို များစွာ မြင့်တက်စေခဲ့ပြီး ဆိုးလ်က နှစ်နိုင်ငံ ကုန်သွယ်ရေးကို ရပ်ဆိုင်းခဲ့သလို ပြုံးယမ်းကလည်း ဆက်ဆံရေး အားလုံး ဖြတ်တောက်ကာ တင်းတင်းမာမာ တုန့်ပြန်ခဲ့သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment