Transparency Myanmar

transparency.myanmar@gmail.com

DVB News, 8th June 2010

ယခုနှစ် မတ်လက ဝ ဒေသ မြို့တော်မှ ထွက်ခွာသွားခဲ့ကြသည့် အစိုးရ ပညာရေးဌာန ဝန်ထမ်းများသည် ယခုအခါ ဝ တပ်ဖွဲ့နှင့် မြန်မာ အစိုးရ အကြား တင်းမာမှု လျော့ပါးလာသည့် အလားအလာများကြောင့် ပြန်လည် ရောက်ရှိလာကြပြီဟု ကြားသိရသည်။

နိုင်ငံ အရှေ့မြောက်ပိုင်း ရှမ်းပြည်နယ်တွင်းမှ ဒေသအချို့ကို ထိန်းချုပ်ထားသော အင်အား ၃၀,၀၀၀ ရှိ အကြီးဆုံး အပစ်ရပ်အဖွဲ့ UWSA နှင့် အစိုးရ တပ်ဖွဲ့များ အကြား စစ်ပြင်ဆင်သည့် အလားအလာများ ထွက်ပေါ်ခဲ့ခြင်းကြောင်း ရှမ်းပြည်နယ် အရှေ့ဖျား ပန်ဆိုင်းမှ ကျန်းမာရေးနှင့် ပညာရေး ဝန်ထမ်းများ ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။

နေပြည်တော်၏ ထိန်းချုပ်မှု အောက်တွင် ထားရှိမည့် နယ်ခြားစောင့် တပ်ဖွဲ့ အဖြစ် အသွင်ပြောင်းရန် အစိုးရက တောင်းဆိုမှုကို လက်သင့်ခံရန် UWSA ဝ တပ်ဖွဲ့က ငြင်းဆန်ခဲ့သည်။

သို့သော်လည်း မြန်မာ မူးယစ်ဆေးဝါး ဈေးကွက်၏ အဓိက ဇစ်မြစ် ဖြစ်သည့် နာမည်ပျက် ဝ ဒေသ၏ အခြေအနေ ငြိမ်သက်လာသည့် လက္ခဏာကြောင့် ယခုအခါ ကျောင်းဆရာ ကိုးဦး အပါအဝင် ပညာရေး ဝန်ထမ်း ၃၅ ဦးခန့် ပြန်လည် ရောက်ရှိလာသည်ဟု UWSA အရာရှိ တစ်ဦးက DVB သို့ ပြောကြားသည်။

"ကျန်းမာရေး ဝန်ထမ်းတွေကတော့ ပြန်မလာကြသေးဘူး။ သူတို့ရဲ့ ဆေးခန်းတွေက ထိန်းသိမ်း စောင့်ရှောက်မှု မရှိတော့ ပျက်စီး ယိုယွင်းနေပြီ။ သူတို့က ဘာမှ မပြောဘဲ ထွက်သွားကြတော့ ကြည့်ရှု စောင့်ရှောက်ပေးမယ့်သူ တစ်ယောက်မှ မရှိဘူးပေါ့" ဟု အဆိုပါ ဝ အရာရှိက ပြောကြားသည်။

သို့ရာတွင် ပန်ဆိုင်း၌ လုပ်ငန်း လည်ပတ်နေသော ဆေးရုံ ၄ ခုနှင့် ရွာနီးချုပ်စပ်တွင် ဆေးခန်းများစွာ ရှိနေပြီး UWSA တပ်ဖွဲ့ဝင်များနှင့် တရုတ်နိုင်ငံမှ ဆရာဝန်များက ဖွင့်လှစ် လုပ်ကိုင်နေခြင်း ဖြစ်သည်ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

UWSA နှင့် အထိန်းသိမ်းခံ တပ်မတော် ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့ ၁၉၈၉ ခုနှစ်က အပစ်ရပ် သဘော တူညီချက် ရရှိပြီးနောက်ပိုင်း လေးနှစ်ခန့် အကြာတွင် စတင်ခဲ့သည့် ဝ ဒေသ ဖွံ့ဖြိုးရေး အစီအစဉ် အပါအဝင် ဖွံ့ဖြိုးရေး လုပ်ငန်း လုပ်ဆောင်နေသည့် NGO အဖွဲ့ အတော်များများ ရှိနေသည်ဟု ၎င်းက ဆိုသည်။

လွန်ခဲ့သော နှစ်ပတ်ခန့်က လက်ရှိ စစ်ထောက်လှမ်းရေး အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့် ရှမ်းပြည်နယ်သို့ လာရောက်ခဲ့ပြီး UWSA က တပ်ဖွဲ့ဝင် အင်အား တိုးမြှင့်ကာ ခံစစ် ပြင်ဆင်နေမှု အပေါ် မေးခွန်းထုတ်ခဲ့သော်လည်း ဝ တို့က ထိုင်း၊ လာအို နိုင်ငံများနှင့် နယ်ခြားတွင် လှုပ်ရှားနေသော အခြား လက်နက်ကိုင် အဖွဲ့များကို ကာကွယ်ရန် ပုံမှန် လုပ်ဆောင်ခြင်းသာ ဖြစ်သည်ဟု ရှင်းလင်းခဲ့သည်။

တရုတ်နိုင်ငံကလည်း နှစ်နိုင်ငံ နယ်ခြားအနီး မြန်မာဖက်ခြမ်းတွင် လတ်တလော စစ်ငွေ့ သန်းနေခြင်းကြောင့် ရှမ်းပြည်နယ်နှင့် ထိစပ်နေသည့် ၎င်း၏ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ကို ဆိုးကျိုးများ သက်ရောက်နိုင်သဖြင့် စိုးရိမ်ပူပန်မှု ကြီးထွားနေသည်။ မနှစ်က ကိုးကန့်စစ်တပ်နှင့် မြန်မာ အစိုးရ တပ်ဖွဲ့များ၏ တိုက်ပွဲကြောင့် စစ်ပြေးဒုက္ခသည် ၃၇,၀၀၀ ခန့် တရုတ်ပြည်တါင်း ဝင်ပြေးသွားခဲ့သည်။

မည်သည့် တိုက်ခိုက်မှုဖြစ်စေ၊ နှစ်နိုင်ငံ အကြား အဆင်ပြေနေသော နယ်စပ် ကုန်သွယ်ရေးကို ထိခိုက်မည်ကို စိုးရိမ်သဖြင့် ပြီးခဲ့သော မေလ အစောပိုင်းတွင် မြန်မာ နယ်စပ် အနီး၌ ဘီဂျင်းက တပ်ဖွဲ့ဝင် ၅,၀၀၀ ခန့် တပ်ခွဲထားသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အဓိက စီးပွားရေး မဟာမိတ် နိုင်ငံဖြစ်သော်လည်း နယ်စပ်ကို တည်ငြိမ်အောင် ထိန်းသိမ်းရန် မြန်မာ အစိုးရကို သတိပေးခဲ့သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment