Transparency Myanmar

transparency.myanmar@gmail.com

News.yahoo.com, 7th July 2010

ပြည်သူ့ ဆက်ဆံရေး ပြဿနာများ ရှိနေသော ရေနံ ကုမ္ပဏီကြီးများ စာရင်းတွင် chevron နှင့် ပြင်သစ်စွမ်းအင် ဘီလူးကြီး Total တို့ ပါဝင်လာခြင်းကြောင့် ၂ နေရာ ထပ်တိုးသွားသည်။ Earth Rights International NGO အဖွဲ့က တနင်္လာနေ့တွင် ထုတ်ပြန်သော အစီရင်ခံစာတွင် အဆိုပါ ကုမ္ပဏီများသည် မြန်မာနိုင်ငံမှ လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် ပါဝင် ပတ်သက်နေကြောင်း စွပ်စွဲထားပြီး မြန်မာပြည်တွင်းရှိ Total နှင့် Chevron ပိုက်လိုင်းစောင့် စစ်သားများသည် ဒေသခံများကို သတ်ဖြတ်ခဲ့သကဲ့သို့ ဓါတ်ငွေ့တင်ပို့ စီးဆင်းမှု ချောမွေ့စေရေး ထိန်းသိမ်းရန် ရည်ရွယ်၍ အရပ်သားများအား လုပ်ခမပေးဘဲ အလုပ်ကြမ်း အဓမ္မ ခိုင်းစေခဲ့ကြသည်ဟု အခိုင်အမာ ပြောကြားခဲ့သည်။ ထို့အပြင် စီမံကိန်းမှ ရရှိသော ဝင်ငွေ ဘဏ္ဍာများသည် မြန်မာ ဖိနှိပ် အုပ်စိုးသူ အစိုးရကို ဆယ်စုနှစ် တစ်စုကျော် အထောက်အပံ့ ပေးခဲ့ခြင်းကြောင့် တိုင်းပြည်တစ်ခုလုံး ထိခိုက်စေသော အန္တရာယ် ရှိသည့် နိုင်ငံရေး အကျိုးဆက်များ ဖြစ်ပေါ်စေခဲ့သည်ဟုလည်း အစီရင်ခံစာတွင် သုံးသပ်ထားသည်။

Total နှင့် Chevron အပေါ် Earth Rights International ၏ စွပ်စွဲချက်များမှာ အသစ်အဆန်း မဟုတ်ပေ။ ပိုက်လိုင်းစောင့် စစ်သားများက လုပ်ခ မပေးသော အလုပ်ကြမ်း အလုပ်သမားများကို မည်သို့ အတင်းအကျပ် ခိုင်းစေခဲ့သည်ကို ဒေသခံများနှင့် ဆွေးနွေး မေးမြန်းထားသော အင်တာဗျူးများကို ဝါရှင်တန်နှင့် ချင်းမိုင် အခြေစိုက် NGO က မနှစ်က ထုတ်ပြန်ခဲ့ဖူးသည်။ မြန်မာ ပိုင်နက် အတွင်း မိုင် ၄၀ ကျော် ဖြတ်သန်းသွားသော ဓါတ်ငွေ့ပိုက်လိုင်းသည် Chevron၊ Total၊ ထိုင်းစွမ်းအင် ကုမ္ပဏီနှင့် မြန်မာ့ရေနံနှင့် သဘာဝ ဓါတ်ငွေ့လုပ်ငန်း တို့အကြား ဖက်စပ် ရင်းနှီး မြှုပ်နှံမှု တစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံ အစွန်းအဖျားကို ဖြတ်သန်းသွားသည့် တိုတောင်းသော ကုန်းပေါ် ပိုက်လိုင်းသည် ဒေသခံ နေထိုင်သူများနှင့် ပိုက်လိုင်းစောင့် တာဝန်ကျ အမှတ် ၂၈၂ ခြေလျင် တပ်ရင်းမှ စစ်သားများအကြား မပြီးနိုင်သော ပြဿနာများကို ဖြစ်ပွားစေခဲ့သည်ဟု လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောကြားပါသည်။ ပိုက်လိုင်း တည်ဆောက်ခဲ့သည့် ၁၉၉၀ ခုနှစ်များ အထိ အဆိုပါ ဒေသတွင် စစ်ဖက် လှုပ်ရှားမှု အနည်းငယ်သာ ရှိခဲ့သည်။ ပိုက်လိုင်းစောင့် တပ်ရင်းမှ စစ်သားအချို့သည် ဖေဖော်ဝါရီလ အတွင်းက ဒေသခံ နှစ်ဦးအား လက်နက်ကိုင် သူပုန်များနှင့် အဆက်အသွယ် ရှိသည်ဟု သံသယ ရှိမှုဖြင့် သတ်ဖြတ်ခဲ့ကြောင်း Earth Rights အစီရင်ခံစာ အရ သိရှိရသည်။

မြန်မာနိုင်ငံ ရတနာ ဓါတ်ငွေ့သိုက်မှ ဓါတ်ငွေ့များကို ထိုင်းနိုင်ငံသို့ ဆယ်စုနှစ် တစ်စုကျော် တင်ပို့ ရောင်းချခဲ့သော Total နှင့် Chevron တို့၏ လုပ်ငန်းသည် မြန်မာစစ်ဖက် အစိုးရအား ကြွေးမြီ ကင်းရှင်းအောင် ပြုလုပ်ပေးနေသည်ဟု အစီရင်ခံစာက ဆိုသည်။ ပြီးခဲ့သော အောက်တိုဘာလ အတွင်း Total က ရှားရှားပါးပါး ဆောင်ရွက်ချက် တစ်ရပ် အနေဖြင့် မြန်မာ အစိုးရအား ၎င်း၏ ရှယ်ယာ အချိုးကျဝင်ငွေ မည်မျှ ပေးခဲ့ရသည်ကို ထုတ်ဖော် ပြောကြားခဲ့ရာ ယခင်နှစ်အတွင်း ရတနာ စီမံကိန်း၏ Total အပိုင်းမှ အချိုးကျ ဝင်ငွေ ဒေါ်လာ ၁၅၄ သန်း မြန်မာ အစိုးရက ရရှိခဲ့သည် ဟု သိရှိရသည်။ ၁၉၉၈ နှင့် ၂၀၀၉ နှစ်ကုန် အကြား ကာလအတွင်း အဆိုပါ စီမံကိန်းမှ စုစုပေါင်းဝင်ငွေ အနေဖြင့် ဒေါ်လာ ၉ ဘီလီယံခန့်ကို မြန်မာအစိုးရနှင့် ရေနံကုမ္ပဏီများအား ရှာဖွေပေးခဲ့ရာ ဒေါ်လာ ၄.၆ ဘီလီယံ ခန့်မှာ မြန်မာ အာဏာပိုင်များထံ တိုက်ရိုက် ပေးချေခဲ့ရသည်ဟု Earth Rights က ပြောကြားသည်။

သို့ရာတွင် Total နှင့် Chevron တို့ အနေဖြင့် မြန်မာအစိုးရ၏ လုပ်ဆောင်မှုများအတွက် တာဝန်ယူသင့်ပါသလားဟု မေးစရာ ရှိသည်။ အဆိုပါ မေးခွန်းကို နှစ်ပေါင်း အတန်ကြာ ပြန်လည် စေဒက တက်ခဲ့ကြသည့် ရေနံ ကုမ္ပဏီကြီးများက ၎င်းတို့သည် ကမ္ဘာတလွှား နိုင်ငံများစွာတွင် လုပ်ငန်းများ လုပ်နေကြောင်း၊  အများစုမှာ အာဏာရှင်များ ဖြစ်ကြောင်း၊ အဆိုပါ အစိုးရ တပ်ဖွဲ့ခြင်း၏ အပြုအမူများအတွက် ၎င်းတို့ တာဝန် မယူနိုင်ကြောင်း၊ အထူးသဖြင့် ၎င်းတို့၏ ကန်ထရိုက်များသည် ၂၅ နှစ်ခန့် အထိ ကြာတတ်သော လုပ်ငန်းများ ဖြစ်၍ အစိုးရ အဖွဲ့များ၏ သက်တမ်းထက်ပင် ပိုရှည်လေ့ ရှိကြောင်း ငြင်းခုံ ပြောကြားခဲ့ကြသည်။ ၎င်းတို့၏ မြန်မာနိုင်ငံ အတွင်းမှ ကန်ထရိုက် လုပ်ငန်းများသည် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်ပွားစေခဲ့သည် ဟူသော Earth Rights ၏ စွပ်စွဲချက်ကို Total နှင့် Chevron က ပယ်ချလိုက်ပြီး မြန်မာနိုင်ငံတွင်း ကျန်းမာရေး ဆေးပေးခန်းများ၊ စာသင်ကျောင်းများ စသော ကျေးလက် ဖွံ့ဖြိုးရေး အစီအစဉ်များတွင် ၎င်းတို့ ကုမ္ပဏီ ၂ ခု စလုံးက ရင်းနှီးမြှုပ်နှံ လှူဒါန်းခဲ့ကြသည်ဟု ပြောဆိုလိုက်သည်။

"အစီရင်ခံစာမှာ ပါတဲ့ စွပ်စွဲချက်တွေကြောင့် မိမိတို့ Total ကုမ္ပဏီ အရမ်း တုန်လှုပ်သွားခဲ့ရပါတယ်'' ဟု Total ပြောရေးဆိုခွင့် ရှိသူ Jean Fran Cois Lassalle က တနင်္လာနေ့တွင် TIME မဂ္ဂဇင်းသို့ ပြောကြားခဲ့သည်။ "မြန်မာတွေရဲ့ အမှန်တရားနဲ့ လုံးဝ ကင်းကွာနေတဲ့ တဖတ်သက် သုံးသပ်ချက်၊ အမြင်တွေပေါ်မှာ သူတို့က အခြေခံထားတာပါ" ဟု ၎င်းက ဆက်လက် ပြောဆိုသည်။ "ကျွန်တော်တို့ရဲ့ လုပ်ငန်းတွေမှာ လူ့အခွင့်အရေး လေးစားမှုကို ရှေ့တန်းတင်ပြီး နေ့စဉ် လုပ်ဆောင်နေပါတယ်။ လုပ်ငန်းတွေရဲ့ နောက်ကွယ်မှာလည်း ပိုမို ကောင်းမွန်စွာ စီမံအုပ်ချုပ်နိုင်ဖို့ လုပ်ဆောင်နေပါတယ်" ဟု ၎င်းက ဆိုသည်။ ယခင်နှစ်ကလည်း Earth Rights ကအလားတူ စွပ်စွဲမှုမျိုးကို ပြုလုပ်ခဲ့ပြီးနောက် Total က Lassalle နှင့် အင်တာဗျူးကို ၎င်း၏ ဝက်ဘ်ဆိုက်တွင် လွှင့်တင်ခဲ့ရာတွင် "Total သည် ကန်ထရိုက်တာ များမှ တဆင့် တိုက်ရိုက် (သို့) သွယ်ဝိုက်၍ အဓမ္မ အခိုင်းခံ လုပ်သားများ လုံးဝ အသုံးမပြုခဲ့ပါ၊ မိမိတို့ လုပ်ငန်း လုပ်ကိုင်သော ဒေသအတွင်း အဓမ္မ အခိုင်းခံ လုပ်သားများ အသုံးမပြုရန် အမြဲတမ်း သေချာစွာ အဓမ္မ အခိုင်းခံ လုပ်သားများ အသုံးမပြုရန် အမြဲတမ်း သေချာစွာ ဆောင်ရွက်ခဲ့သည်။ မြန်မာ ပိုက်လိုင်းတွင် အဓမ္မ အခိုင်းခံ လုပ်သားကိစ္စများ ဆက်နွယ် ပတ်သက်နေသည် ဟု ကုမ္ပဏီက ကြားသိရပါက လူသားချင်း စာနာသော ရှုထောင့်မှ စဉ်းစားကာ ချက်ချင်း လျော်ကြေးပေးခဲ့သည်'' ဟု ဖော်ပြထားသည်။

အကယ်၍သာ မြန်မာ ဒေသခံများက ရေနံ ကုမ္ပဏီများကို ၎င်းတို့၏ မိခင်နိုင်ငံများ ဖြစ်သော အမေရိကန်နှင့် ပြင်သစ်တွင် အသီးသီး တရားစွဲဆိုရန် ရွေးချယ်ခဲ့ပါက Total နှင့် Chevron အနေဖြင့် အဓိက ဥပဒေကြောင်း အရ စွဲဆိုမှုများ အတွက် ကုန်ကျစရိတ် ပေးချေရဖွယ် ရှိသည်ဟု Earth Rights အစီရင်ခံစာတွင် ပြောကြားထားသည်။ Chevron အတွက်မူ အဆိုပါ ကိစ္စမှာ အကျွမ်းတဝင် ရင်းနှီးပြီးသား ဖြစ်ပါလိမ့်မည်၊ ၂၀၀၅ ခုနှစ် အတွင်း Chevron က ဝယ်ယူလိုက်သော၊ ယခု မရှိတော့သည့် Unocal ရေနံကုမ္ပဏီသည် ပိုက်လိုင်း တလျှောက်ရှိ လူ့အခွင့်အရေး ညှဉ်းပန်းမှု ပြဿနာများနှင့် ပတ်သက်၍ ကယ်လီဖိုးနီးယား ပြည်နယ်တွင် ၉ နှစ်ကြာ တရားရင်ဆိုင်ပြီးနောက် မြန်မာ နစ်နာသူများအား ပမာဏ ဖော်ပြခြင်း မရှိသည့် ပိုက်ဆံများ ပေးလျော်ခဲ့ရသည်။

Total နှင့် Chevron သည် ပိုက်လိုင်းနယ်မြေမှ အနေအထားကို ဆွေးနွေးရန် အတွက် Earth Rights အဖွဲ့နှင့် တွေ့ဆုံရန် ငြင်းပယ်ခဲ့ကြပြီး၊ မြန်မာအစိုးရ သည်လည်း ၎င်း၏ ပိုက်လိုင်းစောင့် တပ်ဖွဲ့များ ကျူးလွန်သော လူ့အခွင့်အရေး ညှဉ်းပန်းမှုများ ပေါ်ထွက်လာခြင်းနှင့် ပတ်သက်ပြီး ပိုမို စိုးရိမ် ထိပ်လန့်နေပုံ ရသည် ဟု Earth Rights မှ အတိုင်ပင်ခံ ပညာရှင် Matthew Smith က ပြောကြားသည်။ "အဲဒီမှာ ဘာတွေဖြစ်နေလဲ ဆိုတာကို သတင်းပေးတဲ့ ပြည်သူတွေကို စိစစ်ဖို့ လုံခြုံရေး တပ်ဖွဲ့တွေရဲ့ အားထုတ် ကြိုးပမ်းမှုတွေ ပိုပြီးများလာပါတယ်'' ဟု ယခုအပတ် အစီရင်ခံစာကို ရေးသားသည့် Smith က ပြောကြားသည်။ ပိုက်လိုင်းနယ်မြေ အတွင်း မမြင်ဖူးသော ဧည့်သည်များ တွေ့ရှိပါက သတင်း ပို့ကြရန် ရွာသားများကို နယ်မြေခံ စစ်တပ်က ညွှန်ကြားထားသည်။ ၎င်းတို့ အားလုံး နီးပါးမှာ နိုင်ငံတကာ အစီရင်ခံစာများ ရေးသားနေသူများ ဖြစ်နိုင်သောကြောင့် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment