Transparency Myanmar

transparency.myanmar@gmail.com

မြို့တော် ဘန်ကောက် အပါအဝင် ထိုင်းနိုင်ငံ ပြည်နယ် ၁၉ ခုတွင် ထုတ်ပြန်ထားသော နိုင်ငံတော် အရေးပေါ် အခြေအနေ အမိန့်ကို အစိုးရက ထပ်မံ တိုးမြှင့်လိုက်သည်။ နိုင်ငံရေး မတည်မငြိမ်မှုများနှင့် ရုန်းရင်းဆန်ခတ် ဖြစ်မှုများ ပြန်လည် ပေါ်ထွက်လာနိုင်သောကြောင့် ယင်းသို့ တိုးမြှင့်လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

သုံးလတာမျှ သက်တမ်း ကျော်လွန်သွားပြီးနောက် အရေးပေါ် အခြေအနေ အမိန့်ကို ပြည်နယ် ငါးခု၌ ပြန်လည် ရုပ်သိမ်းလိုက်သည်။ ယခု နှစ်ဆန်းပိုင်း ကာလတွင် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုများနှင့် ပဋိပက္ခများ ဖြစ်ပေါ်ခဲ့စဉ် ကာလအတွင်း ထိုင်းအစိုးရက ယင်းအမိန့်ကို ထုတ်ပြန် ပြဋ္ဌာန်းခဲ့သည်။

ထိုင်းဝန်ကြီးချုပ် အဘီဇစ် ဝိဇ္ဇာဝီရက BBC သတင်းဌာနသို့ ပြောကြားရာတွင် အရေးပေါ် အခြေအနေ ဥပဒေများကို တဖြည်းဖြည်းချင်း ရုပ်သိမ်းသွားမည် ဖြစ်သည်ဟု ဆိုသည်။ ယင်းအရေးပေါ် ဥပဒေအရ အများပြည်သူနှင့် သက်ဆိုင်သော နေရာများတွင် လူငါးယောက်ထက် ပို၍ စုဝေးခြင်းကို ကန့်သတ် ပိတ်ပင်ထားသည်။ လုံခြုံရေး တပ်ဖွဲ့ဝင်များ အနေဖြင့်လည်း သံသယ ရှိသူများကို ရက်ပေါင်း ၃၀ အထိ ခြွင်းချက်မရှိ ထိန်းသိမ်းထားနိုင်သည်။

အရေးပေါ် အခြေအနေများ ဖြေရှင်းရေးဆိုင်ရာ စင်တာ (CRES) က အရေးကြီးသော ပြည်နယ်များတွင် အရေးပေါ် အမိန့်ကို ဆက်လက် တိုးမြှင့်ထားရှိရန် ကက်ဘိနက်သို့ ပြောဆိုထားသည်။ CRES သည် လက်နက်ကိုင် တပ်ဖွဲ့ တစ်ခုချင်းစီမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော ကော်မတီ ဖြစ်ပြီး CRES မှ အရေးပါသော နေရာများ အားလုံးကို စစ်တပ်မှ ပုဂ္ဂိုလ်များက ထိန်းချုပ်ထားသည်။

ထိုင်းအစိုးရ အဆန့်ကျင်ရေး ရှပ်နီဆန္ဒပြ အုပ်စုများကို တုံ့ပြန် နှိမ်နင်းရန် ဟူသော ရည်ရွယ်ချက်ဖြင့် CRES ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ရှပ်နီဆန္ဒပြ အုပ်စုများ ကိုင်ဆောင်ခဲ့သော လက်နက် ခဲယမ်းများကို ယနေ့ အချိန်အထိ သိမ်းဆည်းနိုင်ခြင်း မရှိသေးကြောင်း CRES မှ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး Sansern Kaewkamnerd က ပြောကြားသည်။

"နိုင်ငံမှာ အရေးပေါ် အခြေအနေကို ဆက်လက် ထိန်းသိမ်းထားတာဟာ တိုင်းပြည်ရဲ့ လုံခြုံရေးနဲ့ စီးပွားရေး တည်ငြိမ်မှုကို ထိန်းသိမ်းထားတဲ့ သဘောပဲ ဖြစ်ပါတယ်" ဟု ၎င်းက ဆိုသည်။

ထိုင်းနိုင်ငံ၌ အရေးပေါ် အခြေအနေ ဥပဒေ ပြဋ္ဌာန်းထားစဉ် အတွင်း လူပေါင်း ၄၀၀ ကျော်ကို ဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့သည်။ ယင်း ဥပဒေသည် အမိန့်အာဏာနှင့် လုပ်ပိုင်ခွင့်များကို စစ်ဘက်နှင့် ရဲဘက်ထံသို့ လွှဲပြောင်း ပေးထားသည့် သဘောမျိုး ဖြစ်သည်။

နိုင်ငံတကာ ပဋိပက္ခ စောင့်ကြည့် လေ့လာရေး အဖွဲ့ (ICG) က ထိုင်းအစိုးရ အနေဖြင့် အဆိုပါ အမိန့် ဥပဒေကို အမြန်ဆုံး ရုပ်သိမ်းရန် တောင်းဆိုထားသည်။ ယင်း ဥပဒေကြောင့် အစိုးရ ဆန့်ကျင်ရေး အုပ်စုများ အနေဖြင့် တရားဝင် (မြေပေါ်) ဆန္ဒပြမှုများ မပြုလုပ်နိုင်ဘဲ မြေအောက် လှုပ်ရှားမှုများ ပြုလုပ်လာအောင် တွန်းပို့နေသကဲ့သို့ ဖြစ်စေသည် ဟု သတိပေးသည်။ "မြေအောက် လှုပ်ရှားမှုများ၊ တရားမဝင် လုပ်ရပ်များ၊ အကြမ်းဖက်မှုများ ဖြစ်ပေါ်လာအောင် တွန်းအား ပေးနေသကဲ့သို့ ရှိသည်" ဟု ICG က ဆိုသည်။

"ထိုင်းနိုင်ငံ၏ ကြီးမားသော ကွာဟချက်ကို စေ့စပ်ပေးခြင်း" ဟူသော အမည်ဖြင့် ICG က အစီရင်ခံစာ တစ်စောင် ရေးသားခဲ့ပြီး ဖမ်းဆီး ထိန်းသိမ်းထားသူများ အားလုံးကို လွှတ်ပေးရန်နှင့် အစိုးရ ဆန့်ကျင်ရေး ဝါဒဖြန့် မီဒီယာများအပေါ် ပိတ်ပင်မှုများ ဖယ်ရှားရန် တောင်းဆိုထားသည်။

BBC သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment