Transparency Myanmar

transparency.myanmar@gmail.com

VOA News, By Ron Corben, 7th July 2010

ထိုင်းအစိုးရသည် ရွှေ့ပြောင်း လုပ်သားများနှင့် ပတ်သက်၍ မူဝါဒ အသစ်ကို အကောင်အထည် ဖော်လျက် ရှိရာ၊ ရဲများသည် မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားမှ အလုပ်သမားများ ခန့်ထားသော စက်ရုံများကို ဝင်ရောက် ဖမ်းဆီးမှုများ ပိုမို လုပ်ဆောင်လာသည်ကို တွေ့ရသည်။ ထိုသို့ ဖမ်းဆီးခြင်းများသည် တရားဝင် လိုအပ်သော စာရွက်စာတမ်းများ လုပ်ဆောင်ရန် ကြိုးစားနေသော ရွှေ့ပြောင်း လုပ်သားများ ကြားတွင် အကြောက်တရားများ ဖန်တီးသလို ဖြစ်နေကြောင်း လူ့အခွင့်အရေး အကာအကွယ် ပေးသူများက ဆိုသည်။

မကြာသေးမီက တနင်္ဂနွေ နံနက်တစ်ခု၌ ဘန်ကောက်မြို့လယ်ရှိ ကျောင်းတစ်ခုတွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများ စုဝေး၍ ဘာသာစကားနှင့် လက်နှိပ်စက် စသည်များ သင်ယူနေကြသည်။ ထိုနေရာသည် ၎င်းတို့အတွက် နောက်ဆုံးသတင်းများ ကြားရသော နေရာ ဖြစ်သည်။ သူတို့ အတွက် အရေးကြီးသော သတင်း တစ်ခုမှာ မကြာသေးမီက ရွှေ့ပြောင်းလုပ်သားများကို ဝင်ရောက် ဖမ်းဆီးခြင်းနှင့် ရာပေါင်းများစွာသော အလုပ်သမားများကို နေရပ် ပြန်ပို့သော သတင်း ဖြစ်သည်။

ထိုင်းအစိုးရက ပြောကြားရာတွင် ဖမ်းဆီးရခြင်း မူဝါဒ အသစ်၏ အစိတ်အပိုင်း တစ်ခု ဖြစ်ပြီး၊ ရွှေ့ပြောင်း အလုပ်သမား အားလုံး မှတ်ပုံတင်ပြီး၊ တရားဝင် အလုပ် လုပ်စေရန် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် ထိုင်းနိုင်ငံတွင်းရှိ ရွှေ့ပြောင်းလုပ်သား နှစ်သန်းခန့်၏ ရပိုင်ခွင့်များကို အကာအကွယ် ပေးနိုင်လိမ့်မည် ဖြစ်ကြောင်း ထိုင်းအစိုးရက ပြောခဲ့သည်။

မူဝါဒ အသစ်အရ အလုပ်သမားများသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလကတည်းက ပတ်စ်ပို့ ကဲ့သို့သော သက်သေခံ အထောက်အထားများ သက်ဆိုင်ရာ နိုင်ငံ အသီးသီးမှ ထုတ်ယူထားပြီး ဖြစ်ရမည် ဖြစ်ပြီး၊ အလုပ်လုပ်ခွင့် ပါမစ် လျှောက်ထားရမည်ဟု ဆိုသည်။ သို့သော် အချိန်မီ လျှောက်ထားသူများပင်လျှင် ယခုထိ စာရွက်စာတမ်း ကိစ္စ မပြီးသေးဟု သိရှိရသည်။ ထို့ကြောင့် ထိုင်းအစိုးရက လျှောက်ထားပြီးကြောင်း သက်သေ ပြနိုင်ပါက ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ အထိ ဆောင်ရွက်မှု ပြီးစီးအောင် အချိန်ပေးမည်ဟု ဆိုသည်။

အလုပ်သမားများသည် ၎င်းတို့ထံတွင် သက်သေခံ စာရွက်စာတမ်းများ ရှိသည့်တိုင် အလုပ်လုပ်သည့် နေရာများတွင် ဝင်ရောက် ဖမ်းဆီးမှုများကို ကြောက်နေကြကြောင်း Thai Action Committee for Democracy of Burma မှ ဒါရိုက်တာ မြင့်ဝေ၏ အဆိုအရ သိရှိရသည်။

"သူတို့မှာ အလုပ်လုပ်ခွင့် ပါမစ်က မရသေးဘူး။ Passport ကိစ္စကလည်း မပြတ်သေးတော့ ကြောက်တာပေါ့။ အလုပ်ရှင် အများစုကလည်း သူတို့က စက်ရုံ အချို့မှာ တရားမဝင် အလုပ်သမားတွေ သုံးနေရသေးတော့ ကြောက်ကြတာဘဲ။ ဒီတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်နိုင်တာပေါ့။ ကျွန်တော်ကတော့ ကျောင်းသားတွေကို တရားဝင် အလုပ်လုပ်ခွင့် ပါမစ်မူရင်း ကိုင်ထားဖို့နဲ့၊ မရှိရင် မလာကြဖို့ မှာထားတယ်'' ဟု မြင့်ဝေက ပြောသည်။

သို့သော် ထိုင်းအစိုးရ တာဝန်ရှိသူများကလည်း သူတို့၏ လုပ်ရပ် အတွက် ကာကွယ် ပြောဆိုလျက် ရှိသည်။ အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ် Panitan Wattanayagorn က ပြောကြားရာတွင် ရေရှည် ရွှေ့ပြောင်း အလုပ်လုပ်ရေး မူဝါဒကို နေသားတကျ ဖြစ်အောင် ပြုလုပ်ရေးမှာ လိုအပ်ကြောင်း ဆိုသည်။

"ကျွန်တော်တို့ အခု လုပ်နေတာက ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းလုပ်သားတွေ အတွက် စနစ်ကျတဲ့ စည်းမျဉ်းတွေနဲ့ ကိုင်တွယ်နိုင်အောင် လုပ်နေတာပါ။ ကျွန်တော်တို့ အသေအချာ စီမံထားပါတယ်။ အရင်လို ထိန်းမနိုင် သိမ်းမရ အခြေအနေမျိုး မဖြစ်လိုတော့ပါဘူး '' ဟု ၎င်းက ပြောသည်။

ထိုင်းနိုင်ငံသည် အချိန် အတော်ကြာကပင် ဆင်းရဲသော အိမ်နီးချင်း နိုင်ငံများ ဖြစ်သော မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံများမှ ရွှေ့ပြောင်းလုပ်သားများ အတွက် အလုပ်ပေါသော နိုင်ငံ တစ်ခု ဖြစ်ခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံတွင်းရှိ ပဋိပက္ခများကလည်း ထောင်ပေါင်းများစွာသော လူများကို နယ်စပ်ဖြတ်၍ ထိုင်းနိုင်ငံတွင်းသို့ ဝင်ရောက်လာစေသည်။

အများစုသည် စိုက်ပျိုးရေး၊ ဆောက်လုပ်ရေးနှင့် စက်ရုံများတွင် အလုပ်လုပ်ကြရပြီး အချို့ကလည်း ဝန်ဆောင်မှု လုပ်ငန်းများ၊ အိမ်ဖော်များ အဖြစ် လုပ်ကိုင်ကြရသည်။ ထိုအခြေအနေမျိုးတွင် အလုပ်ရှင်များသည် အလုပ်သမား အများစုထံမှ အမြတ် ထုတ်ကြသည်ဟု လူ့အခွင့်အရေး အဖွဲ့များက စွပ်စွဲကြသည်။

ကမ္ဘောဒီးယားနှင့် လာအို အစိုးရများသည် အလုပ်သမားများ Passport  ထုတ်ပေးရေးအတွက် ထိုင်းနိုင်ငံတွင် လာရောက် လုပ်ပေးခဲ့သော်လည်း မြန်မာအစိုးရသည် မြန်မာလုပ်သားများအား နယ်စပ်ကို ဖြတ်၍ မြန်မာနိုင်ငံတွင် လာရောက် လုပ်ကိုင်စေခဲ့သည်။ ထို့ကြောင့် မြန်မာများ အဖို့ ငွေကုန်ကြေးကျ ပိုများပြီး၊ မြန်မာ အာဏာပိုင်များထံတွင် အန္တရာယ် များခြင်းနှင့် နယ်စပ်တလျှောက် ရာဇဝတ်မှု ပေါများခြင်းများကို ကြုံတွေ့နေရသည်။

ကရင် လူ့အခွင့်အရေး အဖွဲ့က ဖော်ပြရာတွင် မြန်မာ အများစုသည် အခွန်ငွေ အများကြီး ပေးရခြင်း၊ အဓမ္မ လုပ်အား ပေးစေခြင်း၊ ရိုက်နှက်ခံရခြင်း၊ အဓမ္မ ပြုကျင့်ခံရခြင်းနှင့် အသတ်ခံရခြင်းများကို စာရွက်စာတမ်း ပြုလုပ်ရန် နယ်စပ် ဖြတ်ကျော်စဉ် ခံရနိုင်ကြောင်း ဖော်ပြခဲ့သည်။

ရွှေ့ပြောင်းလုပ်သားများ၏ ရပိုင်ခွင့် ကာကွယ်ပေးသော အဖွဲ့ဖြစ်သည့် Human Rights Development Foundation ၏ အဆိုအရ အလုပ်သမား တစ်သန်းကျော်သည် အလုပ်လုပ်ခွင့် ပါမစ် မလျှောက်ထားရသေးခြင်းနှင့် သက်သေခံ ပြုလုပ်ရေး လုပ်ငန်းစဉ်ကိုပင် မစရသေးခြင်းများ ရှိကြောင်း သိရှိရသည်။ ၎င်းတို့နှင့် ထိုင်းနိုင်ငံသို့  အလုပ်သမားများ သယ်ဆောင်လာသော လူကုန်ကူး ဂိုဏ်းခေါင်းဆောင်များမှာ ထိုင်းအစိုးရ၏ ပစ်မှတ်များ ဖြစ်လာသည်။

ရွှေ့ပြောင်းလုပ်သား (၃၀၀၀) ကျော်နှင့် အလုပ်ရှင် (၆) ဦးခန့်ကို ဖမ်းဆီးထားပြီး ဖြစ်ကြောင်း အဆိုပါ Foundation ၏ အဆိုအရ သိရှိရသည်။ အတိုက်အခံ ဖြစ်သော NCGUB က ခန့်မှန်းရာတွင် အလုပ်သမား (၁၀၀၀၀) ခန့် နေရပ် ပြန်ပို့ခြင်း ခံရကြောင်း ဆိုသည်။

လက်ရှိ မဟာဗျူဟာသည် မအောင်မြင်သည့် အတွက် အလုပ်သမား မူဝါဒ လိုအပ်လျက် ရှိသေးကြောင်း Human Rights Development Foundation မှ ပြောခွင့်ရ ပုဂ္ဂိုလ် Andy Hall က ပြောကြားခဲ့သည်။

"ဒီမှာ အလုပ်သမားတွေ လိုအပ်နေပါတယ်။ ဒီတော့ တိုင်းပြည်မှာ အလုပ်သမားတွေ ရှိဖို့ လိုပါတယ်။ ဒါပေမဲ့ အခုလက်ရှိ စီမံခန့်ခွဲနေတဲ့ စနစ်က မအောင်မြင်ပါဘူး။ အသေအချာ စဉ်းစားပြီး လုပ်နေတာ မဟုတ်ပါဘူး။ စနစ်က မအောင်မြင်တော့၊ ကောင်းမွန်တဲ့ အစီအစဉ်တွေ ထွက်မလာပြန်ဘူး။ ဒီတော့ အခု တွေ့နေရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ကုန်တာပေါ့ '' ဟု Hall က ပြောသည်။

လူ့အခွင့်အရေး အဖွဲ့များက ပြောကြားရာတွင် စာရွက်စာတမ်း မပါသော အလုပ်သမားများကို ရဲက ဖမ်းပြီး နှိပ်စက်မှုများ ခံရကြောင်း ဆိုသည်။ အချို့ အလုပ်ရှင်များကလည်း Passport များနှင့် အလုပ်လုပ်ခွင့် ပါမစ်များကို သိမ်းထားတတ်သည်။ ထို့ကြောင့် သက်သေခံ စာရွက်စာတမ်း မပြနိုင်သော အလုပ်သမားများသည် လာဘ်ငွေ ပေးရပြီး မဟုတ်ပါက နေရပ်သို့ ပြန်ပို့ခံရတတ်သည်။ ထို့နောက် ထိုင်းနိုင်ငံတွင်းသို့ တရားမဝင် ပြန်ဝင်လာရပြန်သည်။

ရွှေ့ပြောင်းလုပ်သား အကူအညီပေးရေး အဖွဲ့မှ Jackie Pollock က ပြောကြားရာတွင် မူဝါဒသစ်သည် ရွှေ့ပြောင်းများအတွက် အနည်းငယ်သာ တိုးတက်မှု ရရှိသည်ဟု ဆိုသည်။

"အလုပ်သမားတွေဟာ ဒီစနစ်ကြောင့် အချိန်ကုန် ငွေကုန်ခံရပြီး စာရွက်စာတမ်းတွေ လုပ်ရပေမဲ့ သူတို့အတွက် ဘာအကျိုး ခံစားခွင့်မှ လုပ်မပေးနိုင်ပါဘူး'' ဟု Polock က ပြောသည်။

ထိုင်းအစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်များက ဝေဖန်မှုများကို ခါးခါးသီးသီး ငြင်းဆိုခဲ့ပြီး၊ ယခု မူဝါဒသည် ထိုင်းဥပဒေနှင့် လူ့အခွင့်အရေး စံများကို ထိန်းသိမ်းထားသည်ဟု ဆိုသည်။

သို့သော် လတ်တလောအားဖြင့် ထိုင်းနိုင်ငံသည် ၎င်း၏ ရွှေ့ပြောင်းလုပ်သားများနှင့် ပတ်သက်သော မူဝါဒ သက်ဝင်ရေး အတွက် ကြီးမားစွာ ရုန်းကန်နေရသည်။ ထိုသို့ ရုန်းကန်နေရာတွင် လူများ တဖြည်းဖြည်း စီးဝင်လာနေသော နယ်စပ်များ၊ ပတ်ဝန်းကျင် နိုင်ငံများ၏ နိုင်ငံရေး အရ မသေချာမှုများ၊ ဆင်းရဲ မွဲတေမှုများကလည်း မြွေပူရာ ကင်းမှောင့် ဖြစ်နေသေးတော့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment