Transparency Myanmar

transparency.myanmar@gmail.com

Reuters, 13th July 2010

မြန်မာနိုင်ငံတွင် ယခုနှစ် နှစ်ဝက်တွင် ဆန်တင်ပို့မှုမှာ တန် ၂၇၆၁၈၀ သာ ရှိပြီး လွန်ခဲ့သော နှစ်နှစ်၌ ယခုလို အချိန်မျိုးထက် စာလျှင် များစွာ လျော့နည်းကြောင်း အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍမှ ကိန်းဂဏန်း အချက်အလက်များအရ သိရှိရသည်။

အစိုးရ၏ ဗဟို စာရင်းအင်းဌာန (CSO)၊ မြန်မာပြည်တွင် ဖွင့်လှစ်ထားသော Swiss ပိုင် ကုန်ပစ္စည်း စစ်ဆေးရေးအဖွဲ့ (SGS) နှင့် UMFCCI တို့၏ ကိန်းဂဏန်းများအရ ၂၀၀၉ ခုနှစ် နှစ်ဝက်တွင် တန် ၇၅၀၁၀၀ တင်ပို့နိုင်ခဲ့ပြီး၊ ၂၀၀၈ ခုနှစ် ယခုလိုအချိန်တွင် ၄၃၂၀၀၀ တန် တင်ပို့နိုင်ခဲ့သည်ဟု သိရှိရသည်။

ယခုနှစ်တွင် ကမ္ဘာ့ဈေးကွက်တွင် ဆန်ဝယ်လိုအား ကျဆင်းခဲ့ပြီး၊ ကမ္ဘာ့အကြီးဆုံး ဆန်တင်ပို့သူ ထိုင်းနိုင်ငံနှင့် ဒုတိယ အများဆုံး တင်ပို့သူ ဗီယက်နမ်တို့တွင် ဆန်ဈေး ဇောက်ထိုး ကျခဲ့သည်။

သို့သော် မြန်မာနိုင်ငံတွင် ဆန်တင်ပို့မှု ကျဆင်းရခြင်း အတွက် ကုန်သည် အချို့က အုပ်ချုပ်ပုံ စနစ်ကို အပြစ်တင်ခဲ့ကြသည်။

"ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင်၊ ကျွန်တော်တို့မှာ လှောင်ထားတဲ့ဆန် အများကြီး ရှိပါတယ်။ ဒါပေမယ့် ပြဿနာ တချို့ ရှိပါတယ်။ အဲဒီအထဲမှာ ဆန်တင်ပို့လို့ အကောင်းဆုံး အချိန်မှာ ဘာကြောင့်မှန်း မသိဘဲ export လိုင်စင်က ကြာနေတယ်။ ဒါက ဒီနှစ် ပထမ ခြောက်လကို ပြောတာပါ" ဟု အမည် မဖော်လိုသူ ကုန်သည်တစ်ဦးက ပြောသည်။

၂၀၀၉ ခုနှစ်တွင် ဆန်တန်ချိန် ၁.၀၉ သန်းနှင့် ၂၀၀၈ ခုနှစ်တွင် ဆန်တန်ချိန် ၅၄၇၆၀၀ တင်ပို့နိုင်ခဲ့သောကြောင့် CSO ၏ အချက်အလက်များအရ သိရှိရသည်။

၂၀၀၉ ခုနှစ်တွင် ထိုင်းနိုင်ငံသည် ဆန်တန်ချိန် ၈.၅၇ သန်းနှင့် ဗီယက်နမ်သည် တန် ၆ သန်း အသီးသီး တင်ပို့နိုင်ခဲ့ကြသည်။

မြန်မာနိုင်ငံ၏ စစ်အစိုးရသည် နှစ်ပေါင်းများစွာ စီမံခန့်ခွဲမှု မှားယွင်းစွာ အုပ်ချုပ်လာခဲ့ပြီးနောက်၊ ယခုအခါ ဆန်စပါး ကဏ္ဍကို ပြန်လည် အားကောင်းလာအောင် ကြိုးစားနေသည်။ လွန်ခဲ့သော နှစ်ပေါင်း များစွာက မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ထိပ်တန်း ဆန်တင်ပို့သော နိုင်ငံ ဖြစ်ခဲ့ပြီး၊ အကောင်းဆုံးနှစ်အဖြစ် ၁၉၃၄ ခုနှစ်က ဆန်တန်ချိန် ၃.၄ သန်း တင်ပို့နိုင်ခဲ့သည်။

ယခုနှစ် အစောပိုင်းက အစိုးရ အာဏာပိုင်များသည် ဆန်နှင့် ပတ်သက်သော အဖွဲ့များကို စုပေါင်းလျက် မြန်မာ့ဆန်စပါး ထုတ်လုပ်ရေးအဖွဲ့ (Myanmar Rice Industry Association) ဖွဲ့စည်း တည်ထောင်စေခဲ့သည်။ အဆိုပါ အဖွဲ့တွင် လွတ်လပ်သော စီးပွားရေး ပညာရှင်များနှင့် နည်းပညာရှင်များ စုစည်းထားသော ဥာဏ်ကြီးရှင်အဖွဲ့ (Think Tank) လည်း ပါဝင်သည်။

အဆိုပါ အဖွဲ့သည် မတူသော ချဉ်းကပ်နည်းဖြင့် စတင်ခဲ့ပြီး၊ ဥပမာအားဖြင့် အတိုးနည်းသော ချေးငွေများ ထုတ်ပေးခြင်း၊ အရည်အသွေး ကောင်းသော မျိုးစေ့များ ထုတ်ပေးခြင်း စသည်များ ပြုလုပ်ခဲ့သည်။ သို့သော် ဝေဖန်သူ တစ်ချို့က အဆိုပါ အဖွဲ့သည် အဓိက ဆန်စပါး ဒေသကြီး ဖြစ်သော ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသတွင်သာ အာရုံကျနေကြောင်း၊ တိုင်းပြည်တွင် အခြားနေရာ များစွာ ရှိသေးကြောင်း ဆိုသည်။

"ဒီဘဏ္ဍာရေးနှစ်မှာ ဆန်တင်ပို့မှု တိုးတက်အောင် လုပ်မယ်ဆိုရင် ကျွန်တော်တို့မှာ လုပ်နိုင်တဲ့ အခြေအနေ ရှိပါတယ်။ ဒါပေမယ့် ဆန်ဈေးကွက်မှာ ဆန်ဈေးနှုန်းက မက်လောက်စရာ မရှိတော့၊ ကျွန်တော်တို့ ဆန်တင်ပို့မှုကို အတင်း မလုပ်လိုပါဘူး" ဟု MRIA ဥက္ကဋ္ဌ ဦးချစ်ခိုင်က ပြောသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment