Transparency Myanmar

transparency.myanmar@gmail.com

နိုင်ငံတွင်း ဖြစ်ပေါ်လျက် ရှိသော အဂတိ လိုက်စားမှုများနှင့် အလွဲ သုံးစားမှုများကို တိုက်ဖျက်သည့် အနေဖြင့် တရုတ်အစိုးရ အရာရှိကြီးများနှင့် နိုင်ငံပိုင် ကုမ္ပဏီများမှ အရာရှိကြီးများ အနေဖြင့် ပုဂ္ဂိုလ်ရေး ပိုင်ဆိုင်မှုများ အားလုံးကို ထုတ်ဖော် အသိပေးရမည် ဖြစ်ကြောင်း ဘေဂျင်း ကွန်မြူနစ် အစိုးရက ဥပဒေတစ်ရပ် ထုတ်ပြန်လိုက်သည်။

အရာရှိကြီးများ အနေဖြင့် မိမိတို့ မိသားစုဝင်များ၊ သားသမီးများတို့နှင့် သက်ဆိုင်သော ပိုင်ဆိုင်မှုများကို ပြသရန် လိုအပ်သည်ဟု ဘေဂျင်း အစိုးရက ထုတ်ပြန်သော ဥပဒေ စည်းမျဉ်းသစ် တစ်ရပ်က ဆိုသည်။ ယခု ထုတ်ပြန်သော ဥပဒေသည် ပြီးခဲ့သည့် ဧပြီလအတွင်း ကွန်မြူနစ် ပါတီဝင် စီနီယာ အရာရှိကြီးများ အတွက် ထုတ်ပြန်သော စည်းမျည်းနှင့် တူညီကြောင်း China Daily သတင်းစာက ရေးသားသည်။ သို့သော် အလယ်အလတ် အဆင့်အတန်း ရှိသော အရာရှိများနှင့် အထက်ပိုင်းအတွက် ဖြည့်စွက်ထားသည်ဟု ဆိုသည်။

ကွန်မြူနစ် ပါတီဝင် မဟုတ်သူများနှင့် နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများတွင် ဝင်ရောက် လုပ်ကိုင်နေသူများ အနေဖြင့်လည်း ပိုင်ဆိုင်မှု ပြသရန် လိုအပ်သည်။ တရုတ်နိုင်ငံတွင် အစိုးရ အရာရှိကြီးများ အဂတိ လိုက်စားသည်ဟု အခြေခံ လူတန်းစားများက ထုတ်ဖော် အသိပေးခဲ့ကြောင်း၊ ယင်းဖြစ်ရပ်သည် နိုင်ငံရေး မတည်မငြိမ်မှုဆီသို့ ဦးတည်သွားနိုင်သည် ဟူသော အချက်ကို ကွန်မြူနစ် ခေါင်းဆောင်ပိုင်းက နားလည် သဘောပေါက်ခဲ့သောကြောင့် ယခုလို ဥပဒေ စည်းမျဉ်း စည်းကမ်းသစ် တစ်ရပ် ထုတ်ပြန်လိုက်ခြင်း ဖြစ်ကြောင်း Xinhua သတင်းက ဆိုသည်။

တရုတ် ဗဟိုအစိုးရ၏ ဝက်ဆိုက်ဘ်ပေါ်တွင် တရားဝင် ထုတ်ပြန်ထားသော အဆိုပါ ဥပဒေအရ အရာရှိကြီးများ အနေဖြင့် အိမ်ထောင်ရေး အပြောင်းအလဲ ပြုလုပ်မှု အပါအဝင် ပုဂ္ဂိုလ်ရေး ပိုင်ဆိုင်မှု၊ ရင်းနှီးမြှုပ်နှံထားမှု၊ မိသားစုဝင်များ၏ စီးပွားရေး လုပ်ဆောင်မှု အစရှိသည့် အသေးစိတ် အချက်အလက်များကို အသိပေး ဖော်ပြရမည် ဖြစ်သည်။

ထို့ပြင် အရာရှိများ၏ မိသားစုဝင် သို့မဟုတ် သားသမီးတို့ ပြည်ပတွင် နေထိုင်ခြင်းရှိ၊ မရှိ၊ သားသမီးများ နိုင်ငံခြားသားများနှင့် ထိမ်းမြား လက်ထပ်ထားခြင်းရှိ၊ မရှိ (နိုင်ငံခြားသား ဟူသည် ဟောင်ကောင်၊ ထိုင်ဝမ်မှ နိုင်ငံသားများပါ ပါဝင်သည်) အစရှိသည် တို့ကိုလည်း အသိပေး ဖော်ပြရမည်ဟု ဆိုသည်။

ယင်းသို့ ပြုလုပ်ရန် ပျက်ကွက်သူများကို အပြစ်ပေးရာတွင် တရားဝင် လူသိရှင်ကြား ပြစ်တင် ဝေဖန်မှုမှသည် အလုပ်မှ ထုတ်ပယ်သည် အထိ ပါဝင်သည်။ တရုတ်နိုင်ငံ၏ လာဘ်စားမှု တိုက်ဖျက်ရေး ဆောင်ရွက်ချက်များသည် ရှုပ်ထွေးလေ့ ရှိသည်။ သို့သော် လာဘ်စားမှု ကျူးလွန်သူများကို အပြစ်ပေးရာ၌ တစ်ခါတစ်ရံ လွန်စွာ ပြင်းထန်လေ့ ရှိသည်။ လွန်ခဲ့သည့် သုံးနှစ်တာ ကာလက ဆေးဝါးအတု ပြုလုပ်မှု တစ်ခုကို လာဘ်ပေး လာဘ်ယူပြီး ဖုံးကွယ်ခဲ့သော တရုတ် အစားအစာနှင့် ဆေးဝါးကွပ်ကဲရေး အေဂျင်စီမှ ဒါရိုက်တာ တစ်ဦးကို ကွန်မြူနစ် အစိုးရက ကွပ်မျက်ခဲ့ဖူးသည်ကို တွေ့ရသည်။

တရုတ်ရေးရာ လေ့လာ သုံးသပ်သူများက တရုတ်နိုင်ငံတွင် လာဘ်ပေး လာဘ်ယူမှုမှာ အရိုးစွဲနေပြီ ဖြစ်ပြီး ယခုလို စည်းမျဉ်း စည်းကမ်းဖြင့် ဖြေရှင်း၍ ရမည် မဟုတ်ကြောင်း ပြောဆိုကြသည်။ အချို့ကမူ လွတ်လပ်သော အဖွဲ့အစည်းများက ဝင်ရောက်ပြီး လာဘ်စားမှုကို တိုက်ဖျက်ပေးရန် လိုအပ်သည်ဟု တိုက်တွန်းကြသည်။

"အရာရှိကြီးတွေ တော်တော် များများမှာ သားသမီးတွေ ရှိကြတယ်၊ ဆွေမျိုးသားချင်းတွေ၊ မောင်နှမတွေလည်း ရှိကြတယ်။ သူတို့တတွေက ကုမ္ပဏီကြီးတွေ၊ စီးပွားရေး လုပ်ငန်းကြီးတွေမှာ ဝင်ရောက် ရင်းနှီး မြှုပ်နှံထားကြတာ။ ဒါမျိုးက အမြဲတမ်း ဖြစ်နေကျပဲ။ အဲဒါတွေကို အစီရင်ခံ အသိပေးဖို့ ဘယ်လို လုပ်မှာလဲ။ တကယ်လို့ သူတို့ ထုတ်ဖော် အသိပေးတယ် ဆိုရင်တောင်မှ အဲဒါတွေက လက်ရှိ ထုတ်ပြန်လိုက်တဲ့ ဥပေဒေအရ တရားဝင် ဖြစ်နေတာလေ" ဟု တရုတ် နိုင်ငံရေးနှင့် ဥပဒေ တက္ကသိုလ်၏ နိုင်ငံရေးနှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု အင်စတီကျုမှ ပါမောက္ခ Yang Yang က ပြောသည်။

အစိုးရက လာဘ်စားမှု တိုက်ဖျက်ရေးတွေ လုပ်နေသည် ဟူသော အချက်ကို ထုတ်ဖော် ပြသလိုသည့် သဘောသာ ဖြစ်ကြောင်း မစ္စတာ Yang Yang က ပြောသည်။ သို့သော် ယခု ဥပဒေ စည်းမျဉ်း စည်းကမ်းသစ်ကြောင့် ကန့်သတ်မှု ပါသော ထိရောက်မှုများ ဖြစ်ပေါ်လာနိုင်သည်ဟု ဆိုသည်။ "တကယ်လို့ ဥပဒေအရ ပိုင်ဆိုင်မှုတွေကို အစီရင်ခံစာမှာ ဖြည့်စွက် ရေးသားရပြီပဲ ထားပါတော့။ ဘယ်သူမှ အဲဒီ ကြေညာချက်တွေကို စစ်ဆေးမှာ မဟုတ်ဘူး။ အဲဒါတွေကို ရိုးရိုးသားသားနဲ့ ဖြည့်စွက်မယ့်သူ ဆိုတာလည်း အင်မတန် ရှားပါလိမ့်မယ်" ဟု ၎င်းက ဆိုသည်။

AP သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment