Transparency Myanmar

transparency.myanmar@gmail.com

ယခုနှစ် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် နိုင်ငံရေး ပါတီကြီး သုံးခုသည် နောင် ဖြစ်ပေါ်လာမည့် လွှတ်တော်တွင် နေရာ ရရှိရေးအတွက် မဟာမိတ် ဖွဲ့ရန် အဆိုပြု ဆွေးနွေးခဲ့ကြကြောင်း စုံစမ်း သိရှိရသည်။

အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီမှ ပြောရေးဆိုခွင့် ရှိသူ ဦးခင်မောင်ဆွေက "ဒီမိုကရက်တစ် ပါတီတွေ အချင်းချင်း ယှဉ်ပြိုင်မှာ မဟုတ်သလို ဆန့်ကျင်ကြမှာလည်း မဟုတ်ပါဘူး" ဟု ပြောသည်။ NDF ပါတီတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ ပါတီ (NLD) မှ အဖွဲ့ဝင်ဟောင်းများ ပါဝင်သည်။

NDF နှင့် မဟာမိတ် ဖွဲ့မည့် ပါတီများတွင် ပြည်ထောင်စု ဒီမိုကရေစီ ပါတီ (UDP) နှင့် ဒီမိုကရေစီ ပါတီတို့ ပါဝင်ပြီး အဆိုပါ ပါတီများမှာ အတိုက်အခံ မဟုတ်သကဲ့သို့ အစိုးရ လိုလားသူများလည်း မဟုတ်ပေ။ ၎င်းတို့ကို တတိယ အင်အားစု (Third Force) ဟု နိုင်ငံရေး လောကတွင် သတ်မှတ် ပြောဆိုလျက် ရှိကြသည်။ ထို့အတူ ရှမ်းအမျိုးသားများ ဒီမိုကရေစီ ပါတီ (SNDP)၊ ရခိုင်ပြည်နယ် တိုးတက်ရေး ပါတီနှင့် အခြား မွန်နှင့် ချင်းပါတီများလည်း အလားတူ ပူးပေါင်း ဆောင်ရွက်ရန် စီစဉ်ထားကြကြောင်း သိရသည်။

"လွှတ်တော်မှာ ကွာဟတာတွေ၊ ထပ်နေတာတွေ အစရှိတာတွေ မဖြစ်ဖို့ တစ်ပါတီနဲ့ တစ်ပါတီ စေ့စပ် ညှိနှိုင်းသွားဖို့ အတွက် ကျွန်တော်တို့ သဘော တူညီမှု ရရှိထားပါပြီ။ ဒါပေမဲ့ ဥပဒေအရ ကျွန်တော်တို့ အနေနဲ့ ရွေးကောက်ပွဲ မတိုင်မီ ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ အဖြစ်နဲ့ပဲ လုပ်လို့ ရမှာပါ" ဟု ဦးခင်မောင်ဆွေက ဆက်လက် ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ကျင်းပမည့် ဒီမိုကရေစီ ရွေးကောက်ပွဲနှင့် ပတ်သက်၍ လူအနည်းစုကသာ လွတ်လပ်ပြီး မျှတမှု ရှိလိမ့်မည်ဟု ခန့်မှန်းကြသည်။ မြန်မာ စစ်အစိုးရ ရေးဆွဲခဲ့သော ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ခွင့် မရှိပေ။ လွှတ်တော် အမတ် နေရာ လေးပုံတစ်ပုံမှာလည်း စစ်တပ်အတွက်သာ ဖြစ်သည်။

ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ကြမည့် နိုင်ငံရေး ပါတီပေါင်း ၃၈ ခုခန့်မှာ ဝန်ကြီးချုပ် ဦးသိန်းစိန် ဦးဆောင်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် ယှဉ်ပြိုင် ကြရမည် ဖြစ်သည်။ USDP သည် အစိုးရ ကျောထောက် နောက်ခံ ပေးမှု ရရှိထားရာ ရွေးကောက်ပွဲတွင် မလွဲမသွေ အနိုင်ယူလိမ့်မည်ဟု လေ့လာသူ အများစုက ပြောဆိုသည်။

ပြည်ထောင်စု ဒီမိုကရေစီ ပါတီ (UDP) မှ ဦးဖြိုးမင်းသိန်းက ပါလီမန် လွှတ်တော်သစ်တွင် ဖြစ်ပေါ်လာမည့် အရေးကိစ္စများကို အားလုံး အတူတကွ လက်တွဲပြီး အဖြေရှာနိုင်ပါက လွန်စွာ ကောင်းမွန်မည် ဖြစ်သည်ဟု ဆိုသည်။

"ရွေးကောက်ပွဲ ကော်မရှင်နဲ့ အဆက်အသွယ် လုပ်ထားဖို့လည်း ကျွန်တော်တို့တတွေ ဆွေးနွေး ဖြစ်ခဲ့ကြပါတယ်။ နိုင်ငံရေး ပါတီတွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေ ပြောဖို့ လိုလာရင် ကျွန်တော်တို့တတွေ အချင်းချင်း ညှိနှိုင်းပြီးမှ တစ်သံတည်း ဖြစ်အောင် ပြောသွားမှာပါ" ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) ကို ရွေးကောက်ပွဲ ကော်မရှင်က ပြီးခဲ့သည့် ဇွန်လတွင် ပါတီအဖြစ် ထူထောင်ခွင့် ပြုခဲ့သည်။ အမေရိကန် အစိုးရက NDF ကို ထူထောင်ခွင့် ပြုသည့် ကိစ္စ ရှိသော်ငြားလည်း ရွေးကောက်ပွဲအပေါ် အယုံအကြည် မရှိသေးကြောင်း သဘောထား ထုတ်ပြန်ထားသည်။

DVB သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment