Transparency Myanmar

transparency.myanmar@gmail.com

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ လက်ထောက်အဖြစ် တာဝန် ယူဖူးခဲ့သူ ဦးဝင်းထိန်သည် ၁၄ နှစ်တာမျှ စစ်အစိုးရ၏ ဖမ်းဆီး အကျဉ်းချခြင်း ခံရပြီးနောက် ဇူလိုင်လ ၁၅ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ကသာ အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက် လာပြီ ဖြစ်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ့ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ တစ်ခုက ဆိုသည်။

"ဒီနေ့ မနက်ပဲ ဦးဝင်းထိန် အကျဉ်းထောင်ကနေ လွတ်မြောက်လာတာပါ" ဟု မြန်မာ နိုင်ငံရေး အကျဉ်းသားများ အကူအညီ အထောက်အပံ့ ပေးရေး အဖွဲ့ (AAPP) မှ တွဲဖက် အတွင်းရေးမှူး ဦးဝင်းထိန်က ပြောသည်။ သူ၏မိသားစုဝင်များအဆိုအရ ဦးဝင်းထိန်သည် ရန်ကုန်မြို့သို့ မရောက်ရှိသေးကြောင်း သိရသည်။ ယခုအခါ အသက် ၆၉ နှစ် အရွယ် ရှိပြီ ဖြစ်သော ဦးဝင်းထိန်သည် ၁၉၈၈ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) စတင် ထူထောင်ချိန်တွင် ပါတီသို့ ဝင်ရောက်ခဲ့သည်။

ဦးဝင်းထိန်သည် ၁၉၇၀ ပြည့်နှစ်များတွင် မြန်မာ့ တပ်မတော်၌ ဗိုလ်ကြီးအဆင့်ဖြင့် တာဝန် ထမ်းဆောင်စဉ် ရာထူးမှ ထုတ်ပယ်ခြင်း ခံခဲ့ရသည်။ ထိုစဉ်က ဦးဝင်းထိန်သည် နိုင်ငံတော် လုပ်ကြံမှုဖြင့် ကြိုးပေးခံရသူ ဗိုလ်ကြီး အုန်းကျော်မြင့်နှင့် ပတ်သက်ခဲ့သည် ဟူသော စွပ်စွဲချက်ဖြင့် ရာထူးမှ ထုတ်ဖယ်ခံရခြင်း ဖြစ်သည်။ ဦးဝင်းထိန်သည် ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံ ကာလ နောက်ပိုင်း အနည်းဆုံး သုံးကြိမ်ခန့် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသည်။ ၁၉၈၉ ခုနှစ်မှ ၁၉၉၅ ခုနှစ် မတိုင်မီ ကာလအတွင်း ရန်ကုန် အင်းစိန် အကျဉ်းထောင်တွင် ဖမ်းဆီးခံရပြီး ၁၉၉၆ ခုနှစ်တွင် နိုင်ငံခြား သတင်းဌာနများသို့ သတင်းအမှားများ ဖြန့်ဝေမှုဖြင့် ထောင်ဒဏ် ၁၄ နှစ် ပြစ်ဒဏ် ချမှတ်ခြင်း ခံခဲ့ရသည်။

၂၀၀၈ ခုနှစ်တွင် ၎င်းအား ကသာ အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသော်လည်း ချက်ခြင်း ဆိုသလိုပင် ပြန်လည် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသည်။

Irrawaddy သတင်းဌာနမှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment