Transparency Myanmar

transparency.myanmar@gmail.com

တရုတ်နိုင်ငံ၏ စီးပွားရေးသည် ယခုနှစ်ဝက်ခန့်တွင် ၁၁ ဒဿမ ၁ ရာခိုင်နှုန်းခန့် မြင့်တက်လာကြောင်း အစိုးရက ဇူလိုင်လ ၁၅ ရက်နေ့တွင် ထုတ်ပြန် ကြေညာသည်။ သို့သော် အဆိုပါနှုန်းသည် ပထမနှစ် လေးပုံ တစ်ပုံခန့်တွင် ရှိခဲ့သော ၁၁ ဒဿမ ၉ ရာခိုင်နှုန်း အောက်တွင်ပင် ရှိနေသည်ကို တွေ့ရသည်။

တရုတ်အစိုးရသည် နိုင်ငံတွင်း ဖြစ်ပေါ်လျက် ရှိသော အိမ်ခြံမြေ ဈေးနှုန်းများ အဆမတန် မြင့်တက်မှုကို ထိန်းချုပ်နိုင်ရေးအတွက် ကြွေးမြီများကို လျှော့ချလျက် ရှိသည်။ ကမ္ဘာ့ စီးပွားရေး အကျပ်အတည်း ကာလအတွင်း ဘေဂျင်းအစိုးရ၏ စီးပွားရေး နှိုးဆွသည့် အစီအစဉ်ကို အထောက်အကူ ပေးသည့် အနေဖြင့် နိုင်ငံဘဏ်ပိုင်များက ငွေကြေး အမြောက်အမြား ထုတ်ချေးခဲ့ပြီးနောက် ရရန် ရှိသည့် ကြွေးမြီပမာဏမှာ လွန်စွာ မြင့်တက်ခဲ့သည်။ သို့အတွက်ကြောင့် အဆိုပါ ကြွေးမြီ ပြဿနာ လျော့ပါးရေးအတွက် ဗဟိုဘဏ်နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနတို့ အစွမ်းကုန် နပန်းလုံးလျက် ရှိသည်။

အဆိုပါ စီးပွားရေးနှိုးဆွမှု အစီအစဉ် ဂယက် ရိုက်ခတ်မှုများ၊ ကြွေးမြီ လျှော့ချရေး အစီအစဉ်များကြောင့် စီးပွားရေး တိုးတက်မှုနှုန်းမှာ နှေးကွေးလျက် ရှိသည်ဟု ကျွမ်းကျင်သူ များက ထောက်ပြသည်။ အကယ်၍ တရုတ်ကသာ သံမဏိနှင့် စက်မှုလုပ်ငန်း ဆိုင်ရာ ပစ္စည်းများ၊ အခြားသော နိုင်ငံခြား ကုန်ပစ္စည်းများ တင်သွင်းမှုကို ဖြတ်တောက်လိုက်ပါက စီးပွားရေး တိုးတက်မှုနှုန်း လျော့ကျကာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတွင်လည်း ဂယက် ရိုက်ခတ်မှုများ ဖြစ်ပေါ်နိုင်သည်ဟု ဆိုသည်။

ယခု နောက်ဆုံး ထုတ်ပြန်လိုက်သော ဘေဂျင်း အစိုးရ၏ စာရင်းဇယားများအရ တရုတ်သည် ကမ္ဘာ့ ဒုတိယ စီးပွားရေး အကြီးဆုံး ဂျပန်နိုင်ငံကို ကျော်တက်နိုင်မည့် အနေအထားသို့ ရောက်ရှိနေသည်ကို တွေ့ရသည်။ တရုတ်နိုင်ငံ၏ ငွေကြေး ဖောင်းပွမှုမှာ မေလတွင် ၃ ဒဿမ ၁ ရာခိုင်နှုန်း ရှိခဲ့ရာမှ ဇွန်လတွင် ၂ ဒဿမ ၉ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့သည် ဟု တရုတ် အမျိုးသား စာရင်းစစ်ဗျူရို (NBS) ၏ ထုတ်ပြန်ချက်အရ သိရသည်။ တရုတ် အစိုးရက ငွေကြေး ဖောင်းပွမှုနှုန်း တစ်နှစ်တွင် ၃ ရာခိုင်နှုန်း လျော့ကျရမည်ဟု သတ်မှတ် ထားရှိမှုကိုပင် ကျော်လွန်သွားခြင်း ဖြစ်သည်။

AP သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment