Transparency Myanmar

transparency.myanmar@gmail.com

နိုင်ငံ အစိုးရများအတွက် အရင်းအမြစ်များ တည်ဆောက်ပေးရေး ဟူသည်မှာ ကုလ သမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP) ၏ လုပ်ငန်းစဉ်များ အနက် တစ်ခု အပါအဝင် ဖြစ်သည်။ အစိုးရဟု ဆိုရာတွင် အာဏာရှင် အစိုးရနှင့် စစ်အစိုးရများ သည်ပင် အကျုံးဝင်သည်။ UNDP ၏ အဆိုပါ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဇူလိုင်လ ၁၂ ရက်နေ့တွင် Inner City Press က UNDP Administrator ဖြစ်သူ Helen Clark ကို မေးခွန်းအချို့ မေးမြန်းဖြစ်သည်။

"ကုလသမဂ္ဂ၏ ထောင်စုနှစ် ဖွံ့ဖြိုးရေး ပန်းတိုင်များ (MDGs) ကို ယခု အချိန်တွင် လုပ်ဆောင်ရန် လွယ်ကူမှု မရှိ၊ အကြောင်းမှာ မြန်မာနိုင်ငံရှိ နိုင်ငံရေး အကြောင်းအချက် (Political Factors) များက UNDP ၏ လုပ်ဆောင်နိုင်သော ကိစ္စများကို ကန့်သတ် ပိတ်ပင်ထားသကဲ့သို့ ဖြစ်နေသောကြောင့် ဖြစ်သည်" ဟူသော အဆိုကို ရှင်းလင်းပေးပါရန် ICP က မေးမြန်းခဲ့ခြင်း ဖြစ်သည်။

မစ္စ Clark က ထိုကိစ္စမှာ မြန်မာနိုင်ငံတွင်း UNDP ၏ ကန့်သတ်ချက်များကြောင့် မဟုတ်ဘဲ နိုင်ငံရေးနှင့် အကူအညီ ပေးသည့် အလှူရှင်များကြောင့်သာ ဖြစ်သည်ဟု ဦးစွာ ရှင်းပြသည်။ အထူးသဖြင့် ပိတ်ဆို့ အရေးယူမှုကို မစ္စ Clark က ညွှန်းဆို လိုဟန် ရှိသည်။ မြောက်ကိုရီးယား အပါအဝင် မြန်မာနိုင်ငံသည် လူတစ်ဦးချင်းစီ အတွက် ဖွံ့ဖြိုးရေး အကူအညီ အနည်းဆုံး ရရှိသည့် နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။ သူမက မြန်မာနိုင်ငံတွင် နိုင်ငံရေး ဟူသည် ရှုပ်ထွေးသော အကြောင်းအရာ တစ်ခု ဖြစ်နေသည်ဟု ဆိုသည်။

"ဟုတ်ပါတယ်။ သန်းရွှေ အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို ပယ်ပျက်အောင် လုပ်ပြီး လာမယ့် ရွေးကောက်ပွဲမှာ စစ်တပ်နဲ့ အချိတ်အဆက် ရှိတဲ့သူတွေ အနိုင်ရအောင် ခွင်ဆင်ထားတယ်။ ဒီလို အစိုးရမျိုးရဲ့ အရည်အသွေးတွေ၊ အရင်းအမြစ်တွေ ကောင်းမွန်အောင် UNDP က တည်ဆောက်ပေးရမှာလား" ဟု ဆိုသည်။

ဤနေရာတွင် ဗြိတိန်နိုင်ငံ သံအမတ်ကြီး Lyall Grant က "ပိတ်ဆို့ အရေးယူမှုတွေ ဆိုတာက အစိုးရကိုပဲ ပစ်မှတ်ထားတာ" ဟု ဝင်ပြောသည်။ သံအမတ်ကြီးက မြန်မာ(Myanmar) ဟု မခေါ်ဆိုဘဲ ဘားမား (Burma) ဟု ခေါ်ဆိုသွားသည်။

သံအမတ်ကြီး Lyall Grant ၏ မှတ်ချက်ပေးမှု အပြီးတွင် ကုလသမဂ္ဂ ကလေး သူငယ်များနှင့် စစ်ရေး ပဋိပက္ခ ဆိုင်ရာ သံတမန် Radhika Coomaraswamy က မြန်မာနိုင်ငံသည် ရွေးကောက်ပွဲ ကျင်းပရန် လုပ်ဆောင်နေချိန်တွင် ကလေးစစ်သား စုဆောင်းမှု ပပျောက်ရေး လုပ်ငန်းစဉ်များ အားလုံးကို ရပ်ဆိုင်းထားသည်ဟု ဆိုသည်။

ထို့ကြောင့် Inner City Press သည် ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့တွင် ကုလသမဂ္ဂ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးအား မြန်မာအစိုးရက အဘယ့်ကြောင့် ကလေးစစ်သား ပပျောက်ရေး လုပ်ငန်းများ အားလုံး ရပ်ဆိုင်းခဲ့သနည်းဟု မေးဖြစ်ခဲ့သည်။ ထိုအခါ မြန်မာ သံအမတ်ကြီးက မိမိတို့ အစိုးရသည် မစ္စ Radhika Coomaraswamy တို့ အဖွဲ့နှင့် အနီးကပ် ဆောင်ရွက်လျက် ရှိကြောင်း၊ မြန်မာနိုင်ငံကို ကလေးစစ်သား စုဆောင်းနေသော နိုင်ငံများ စာရင်းမှ ပယ်ဖျက် ပေးစေလိုကြောင်း အာမခံ ပြောဆိုသည်။ ဤကိစ္စကိုရော UNDP က အထောက်အပံ့ ပေးမည်လော ဟု မေးစရာ ဖြစ်လာပြန်သည်။

ထို့ကြောင့် မစ္စ Helen Clark ကို ကလေးစစ်သား ၂၀ ရာခိုင်နှုန်းခန့် အသုံးပြုလျက် ရှိသော ဆိုမာလီယာ နိုင်ငံမှ UNDP ၏ လုံခြုံရေး အခန်းကဏ္ဍနှင့် ပတ်သက်၍ ICP က မေးမြန်း ကြည့်သည်။ "ကျွန်မတို့ စစ်သားတွေကို လေ့ကျင့်ပေးတာမျိုး မလုပ်ပါဘူး" ဟု သူမက ပြန်ဖြေသည်။ "အဲလို နေရာမျိုးမှာ ကျွန်မတို့ မရှိပါဘူး" ဟုလည်း ဆက်လက် ဆိုသည်။

UNDP သည် ဆိုမာလီယာ နိုင်ငံတွင် လုံခြုံရေး သင်တန်းများ အတွက် ရန်ပုံငွေ ထောက်ပံ့မှုများ ပြုလုပ်ထားသည်ကို တွေ့ရသည်။ ရန်ပုံငွေ မည်၍ မည်မျှ အသုံးပြုမည် ဟူသော ကိစ္စမှာ အငြင်းပွားဖွယ်ရာ ဖြစ်လျက် ရှိသည်။ ဤနေရာတွင် ICP အနေဖြင့် အလျဉ်းသင့်သောကြောင့် စဉ်းစားစရာ အချို့ကို ဖော်ပြလိုသည်။

UNDP က မြောက်ကိုရီးယား နိုင်ငံအတွက် ဖွံ့ဖြိုးရေး အစီအစဉ်ကို ပြန်လည် စတင်လိုက်ချိန်တွင် မစ္စတာ Vijay Thapa အား နိုင်ငံတကာ ဘဏ္ဍာရေး အရာရှိအဖြစ် ခန့်အပ်ခဲ့သည်။ မေးစရာ ရှိသည်မှာ မစ္စတာ Vijay Thapa ကို ၂၀၀၃ ခုနှစ် ကတည်းက မြောက်ကိုရီးယားတွင် ဘဏ္ဍာရေး အရာရှိအဖြစ် ဆောင်ရွက်ခဲ့စေရာ ၎င်းအား ထိုရာထူးကို ပေးအပ်ခြင်းသည် အကျိုးစီးပွား ပြဿနာတစ်ရပ် မဟုတ်ပါလော။ ထို့ပြင် အဆိုပါ ဖြစ်ရပ်သည် မြောက်ကိုရီးယား၌ ငွေစက္ကူတု ပြုလုပ်သည့် ပြဿနာ မပေါ်ခင် လေးနှစ်အလိုက မဟုတ်ပါလော။

မစ္စတာ Vijay Thapa သည် အမေရိကန် ဒေါ်လာအတု လုပ်သည့် အမှုလိုက်နေသည့် အမေရိကန် ရှေ့နေနှင့် တွေ့ဆုံ ဆွေးနွေးရန် ငြင်းပယ်ခဲ့သည့် မြောက်ကိုရီးယားမှ UNDP ဝန်ထမ်းများထဲတွင် တစ်ဦး အပါအဝင် ဖြစ်သည်။ သို့ဆိုလျှင် မစ္စတာ Vijay Thapa ကို နိုင်ငံတကာ ဘဏ္ဍာရေး အရာရှိအဖြစ် ခန့်အပ်မှုသည် မြောက်ကိုရီးယား အစိုးရ၏ တောင်းဆိုချက် တစ်ရပ်လော၊ UNDP က အရင်းအမြစ်များ ပိုမို ပြုစု ပျိုးထောင် ပေးလိုသောကြောင့်လော ဟု မေးစရာ ဖြစ်နေသည်။

Matthew Russell Lee ၏ ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment