Transparency Myanmar

transparency.myanmar@gmail.com

The Christian Science Monitor, By Jim Della - Giacoma, 15th July 2010

မြန်မာနိုင်ငံ၏ စစ်အစိုးရကို အထီးကျန် ပစ်ပယ်ထားရန် နောက်ထပ် ကြိုးပမ်းမှုများသည် အောင်မြင်နိုင်လိမ့်မည် မဟုတ်ပေ။ ကမ္ဘာ့ခေါင်းဆောင်များ အနေဖြင့် ယခုကဲ့သို့ မပြည့်စုံသော အားနည်းချက်များ ရှိသော အခြေအနေများထံမှ မြန်မာနိုင်ငံကို ပြန်လည် စုစည်းပေးနိုင်ရန် နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် လုပ်ဆောင်သင့်လှပေသည်။

မြန်မာနိုင်ငံတွင် ယခု နှစ်ကုန်ပိုင်း၌ ပြုလုပ်မည့် ရွေးကောက်ပွဲများသည် လွတ်လပ်၍ တရား မျှတလိမ့်မည် မဟုတ်ပေ။

နှစ်ပေါင်း နှစ်ဆယ်ခန့် ငြိမ်သက်နေခဲ့သော တိုင်းပြည်တွင် ယခုကဲ့သို့ ပြီးပြည်စုံခြင်း မရှိသည့် ရွေးကောက်ပွဲသည် ပင်လျှင် မရှိသည်ထက် စာလျှင် မဆိုးဟု ဆိုရချေမည်။ ထို့ကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် မည်သူ့ထံတွင် အာဏာရှိသည် ဆိုသည်ကို မေ့ထားလျက် ပြောင်းလဲလာမည့် အခြေအနေကို အခွင့်အရေး ယူသင့်လှပေသည်။

အများက အရှေ့တောင်အာရှ၏ အဆင်းရဲဆုံး နိုင်ငံ ဖြစ်သော မြန်မာနိုင်ငံ၏ စစ်အစိုးရကို ကမ္ဘာပေါ်တွင် အဖိနှိပ်ဆုံး၊ အရိုင်းစိုင်းဆုံး အစိုးရ အဖြစ် ယုံကြည်ထားသည်။ မြန်မာနိုင်ငံတွင် အဓမ္မ လုပ်အားပေးစေရန် စေခိုင်းမှုများသည် ကျယ်ကျယ်ပြန့်ပြန့် ရှိနေဆဲ ဖြစ်သည်။ အစိုးရမှာလည်း လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ရက်ရက်စက်စက် နှိပ်ကွပ်မှုများကို မှန်မှန် ပြုလုပ်ဆဲ ဖြစ်သည်။ ပြီးခဲ့သည့် မတ်လက အာဏာရှင် အစိုးရသည် အနှစ်နှစ်ဆယ် အတွင်း ပထမဦးဆုံး အကြိမ် ရွေးကောက်ပွဲများ ကျင်းပပေးမည်ဟု ကြေညာခဲ့သည်။ ထို့ကြောင့် နိုင်ငံတကာက အာရုံ ကျခဲ့ကြပြီး၊ သံသယများလည်း ထွက်ပေါ်ခဲ့သည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ရွေးကောက်ပွဲများကို ၁၉၉၀ ခုနှစ်က ကျင်းပခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် တစ်ပြည်လုံး အနိုင်ရခဲ့သော်လည်း အစိုးရက လက်ခံခဲ့ခြင်း မရှိသည့်အပြင် ထိုစဉ်ကတည်းက ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ် အကျယ်ချုပ်ဖြင့် နေထိုင်ခဲ့ရသည်။

ယခုနှစ် မတ်လကပင် ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ပါတီသည် ရွေးကောက်ပွဲကို သပိတ်မှောက်မည် ဖြစ်ကြောင်း ပြောခဲ့သည်။ သူမ၏ သပိတ်မှောက်မှုကြောင့် အစိုးရကို ဆန့်ကျင်၍ ဆန္ဒမဲပေးမည့်  သူများသည် မည်သူဆိုစေ ရွေးချယ်စရာ နည်းသွားပြီ ဖြစ်သည်။

ရွေးကောက်ပွဲ အပြီးတွင် အားနည်းချက်များ ရှိနေသော အခြေခံ ဥပဒေသည် အသက်ဝင်လာမည် ဖြစ်သည်။ သို့သော် အခြေခံ ဥပဒေသည် နိုင်ငံရေး အဖွဲ့အစည်း အသစ်များကို ဖန်တီးပေးလိမ့်မည် ဖြစ်သည်။ သမ္မတ အုပ်ချုပ်သော စနစ် ရှိလာမည် ဖြစ်ပြီး၊ ပါလီမန် နှစ်ရပ်နှင့် ဒေသဆိုင်ရာ အစိုးရ ၁၄ ခုလည်း ရှိလာမည် ဖြစ်သည်။ နေရာ အတော်များများကို စစ်အစိုးရနှင့် နီးစပ်သူများကသာ ယူကြမည် ဖြစ်သော်လည်း၊ မြန်မာနိုင်ငံ အတွက် ကျယ်ပြန့်သော အသွင်သဏ္ဍာန် ပြောင်းလဲမှုကြီး ဖြစ်ပြီး၊ တိုင်းပြည် အနာဂတ်အတွက် သွားရမည့် လမ်းကြောင်းတွင် ပြောင်းလဲသွားမည့် အခွင့်အလမ်းပင် ဖြစ်သည်။

ထို့အပြင် ရွေးကောက်ပွဲ နှင့်အတူ မျိုးဆက်သစ် ခေါင်းဆောင်ပိုင်း ပြောင်းလဲမှုနှင့်အတူ အသက်အရွယ် ကြီးရင့်ပြီ ဖြစ်သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် မောင်အေးတို့သည် အနားယူခြင်း (သို့မဟုတ်) ဂုဏ်ထူးဆောင် နေရာများတွင်သာ ယူခြင်းတို့ ဖြစ်လာမည် ဖြစ်သည်။ အမှန်တကယ်ပင် ဤပြောင်းလဲမှုများသည် အကောင်းအတွက် အလိုအလျောက် ခြေလှမ်းတစ်လှမ်း ဖြစ်ရုံမက၊ အလွန်တရာ အရေးကြီးသော ပြောင်းလဲမှု ဖြစ်မည်။

ဝေဖန်သူများက ရွေးကောက်ပွဲတွင် ပါဝင်ခြင်းသည် ဘာမျှအကျိုး ရှိမည် မဟုတ်၊ မှားယွင်းသော မူဖြစ်ကြောင်း ငြင်းချက် ထုတ်ခဲ့ကြသည်။ အချို့ကလည်း ပြည့်စုံသော အခြေအနေများ မရှိပဲ ရွေးကောက်ပွဲ မလုပ်သင့်ဟု ဆိုသည်။ ၎င်းတို့က ၁၉၉၀ ရွေးကောက်ပွဲ ကျင်းပစဉ်က အစိုးရနှင့် သူမိသားစု အချို့ အပါအဝင် NLD ကို မဲပေးခဲ့သလိုမျိုး ယခုတစ်ကြိမ်တွင် ၎င်းတို့၏ မဲများကို လွတ်လွတ်လပ်လပ် ပေးခွင့်ရလိမ့်မည် မဟုတ်ဟု ဆိုသည်။

အထက်ပါ ငြင်းချက် ထုတ်မှုများသည် ဖိနှိပ်မှုများကြောင့် အပြောင်းအလဲ ဖြစ်စေရန် အစိုးရအား ဆန့်ကျင် ဆန္ဒမဲပေးလိုက်မည် ဟု အားခဲထားသော သာမန် ပြည်သူများ၏ ရဲဝံ့သော စိတ်ဓာတ်ကို မထေမဲ့မြင် ပြုရာ ရောက်ပေသည်။

Timor-Leste နိုင်ငံတွင် ဖြစ်ပျက်ခဲ့သည်များကို စဉ်းစားကြည့်လိုက်ပါ။ ရာပေါင်း ထောင်ပေါင်း များစွာသော တစ်ဦးချင်းသည် ၎င်းတို့၏ ကိုယ်ပိုင် ဆန္ဒမဲကို သတ္တိရှိရှိ မပေးခဲ့လျှင် ယနေ့ လွတ်လပ်သော နိုင်ငံအဖြစ် ရှိမနေနိုင်ပါ။ ကြောက်ရွံ့စိတ်များနှင့် မဲများကို လိုရာ ဖြစ်စေရန် ထိန်းချုပ်ခြင်းများ အတွက် ဖြစ်နိုင်မှုကို လျှော့မတွက်သင့်သလို ဆန္ဒမဲပေးမည့် ပြည်သူများ၏ ရဲရင့်မှုနှင့် ဆုံးဖြတ်ချက်ကိုလည်း ထည့်သွင်း တွက်ချက်ရလိမ့်မည် ဖြစ်သည်။ ရွေးကောက်ပွဲသည် ဘာမျှမဟုတ်ဟု ဆိုခဲ့လျှင်တောင်၊ ၎င်းသည် လူသိအောင် ကြေညာသော စတန့် တမျိုးပင်ဖြစ်ရာ နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် မြန်မာနိုင်ငံတွင်းရှိ နိုင်ငံသားများသည် ပြည့်စုံသော ယခုလို အခြေအနေမှာပင် အကောင်းဆုံး ဖြစ်အောင် ပြုလုပ်ရန် ဆုံးဖြတ်ထားသင့်ပေသည်။

ရာစုနှစ် တဝက်နီးပါးမျှ အာဏာရှင် အုပ်စိုးမှုမှ တဖြည်းဖြည်း ပြောင်းလဲမှု ဖြစ်စဉ်တွင် နှေးကွေးမှုများ၊ ရပ်တန့်နေမှုများနှင့် မပြည့်စုံမှုများ ရှိနေမည် ဖြစ်သည်။ မည်သည့်နေရာတွင်မဆို မပြည့်စုံသော လိုအပ်ချက်များ ရှိသော ရွေးကောက်ပွဲသည် ထိုအသွင် ကူးပြောင်းရေး ဖြစ်စဉ်၏ အစိတ်အပိုင်း တစ်ခု ဖြစ်သည်။ ဥပမာအားဖြင့် ယခုအခါ အချို့ပါတီများသည် အနာဂတ် ဥပဒေ အဆိုပြုမှုများ၊ ဥပဒေ မူကြမ်းများကို စတင် ဆွေးနွေးနေကြပြီ ဖြစ်သည်။ ထိုခြေလှမ်းများသည် ဒီမိုကရေစီ အတွက် အဓိက ခြေလှမ်းများပင် ဖြစ်ရာ၊ လွန်ခဲ့သော တစ်နှစ်က ထိုကဲ့သို့ တွေးဆခွင့်၊ ဆွေးနွေးခွင့် မရှိနိုင်ခဲ့ပေ။

မကြာသေးမီက မြန်မာနှင့် မြောက်ကိုရီးယားကြား ဆက်နွယ်မှု နှင့်ပတ်သက်၍ စွပ်စွဲမှု အသစ်များ ထွက်ပေါ်လာရာ မြန်မာနိုင်ငံသည် နျူကလီယာနှင့် ဒုံးကျည် နည်းပညာများကို အာသာငမ်းငမ်း ရှိနေနိုင်သည်ဟု ဆိုခြင်းကြောင့် နိုင်ငံတကာ မြန်မာနိုင်ငံကို ပစ်ပယ်ရေး အတွက် အသစ်တဖန် ကြိုးစားနေကြပြန်ပြီ ဖြစ်သည်။ သို့သော် အင်အားကြီး အိမ်နီးချင်း နိုင်ငံများ ဖြစ်သော အိန္ဒိယနှင့် တရုတ်တို့ ရှိနေခြင်းနှင့် အာဆီယံ နိုင်ငံများ ရှိနေခြင်းကြောင့် မြန်မာနိုင်ငံသည် အထီးကျန် ဖြစ်ရန် အလှမ်းဝေးနေသေးသည်။

အရေးယူ ပိတ်ဆို့မှုများကလည်း နှစ်ပေါင်း များစွာကြာသည့်တိုင် ၎င်း၏ ရည်မှန်းချက်များ ပြည့်မြောက်ခြင်း မရှိခဲ့ပေ။ ထို့ကြောင့် အလုပ်မဖြစ်သော အရေးယူ ပိတ်ဆို့မှု လမ်းစဉ်ကို ပြန်လိုက်နေမည့် အစား နိုင်ငံတကာ အနေဖြင့် မြန်မာနိုင်ငံ ပြန်လည် စုစည်းရေးကို ကြိုးပမ်းသင့်လှပေသည်။ နိုင်ငံတကာ အသိုင်းအဝိုင်းသည် ရွေးကောက်ပွဲ သတင်းများကို ပြောင်းလဲမှု အတွက် ပြတင်းတံခါး သဖွယ် အသုံးပြုနိုင်သည်။

သေချာအောင် ပြောရလျှင် အစိုးရက လမ်းကြောင်း ပြောင်းတော့မည် မဟုတ်ဘဲ ရွေးကောက်ပွဲကတော့ ရှေ့ဆက်သွားလိမ့်မည် ဖြစ်သည်။ သို့သော် ရွေးကောက်ပွဲတွင် အခွင့်အရေးများ ရှိနေဆဲ ဖြစ်သည်။ ရွေးကောက်ပွဲ ပြီးနောက် အစိုးရသစ် တစ်ခု ထွက်ပေါ်လာသော အခါ၊ နိုင်ငံတကာ အနေဖြင့် ရွေးကောက်ပွဲ၏ တရားမျှတခြင်း မရှိပုံကို ဝေဖန်သင့်သော်လည်း ပြောင်းလဲမှု၏ အရေးပါပုံကို မျက်ကွယ်ပြုထားခြင်း မပြုသင့်ပေ။

 

 

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment