Transparency Myanmar

transparency.myanmar@gmail.com

english.Chosun.com, 9th August 2010

မြောက်ကိုးရီးယားတွင် ယမန်နှစ် နှောင်းပိုင်းက ပြုလုပ်ခဲ့သော မှားယွင်း ဆိုးရွားသည့် ငွေကြေး ပြောင်းလဲမှုများကြောင့် မြောက်ကိုးရီးယားမှ ထွက်ပြေးသူ အတန်းအစားများ ပြောင်းလဲလာမှုများကို တွေ့နေရသည်။ ထိုသို့ ငွေကြေး ပြုပြင်ပြောင်းလဲမှု မပြုလုပ်မီက၊ ထွက်ပြေးကြသူ အများစုသည် အလွန် ဆင်းရဲကြသူများ ဖြစ်ပြီး ဖမ်းမိသွားပါကလည်း အသတ်ခံရမည်ကို မကြောက်သူများ ဖြစ်ကြသည်။

သို့သော် ငွေကြေးပြုပြင် ပြောင်းလဲမှု အပြီးတွင်မူ မြောက်ကိုးရီးယား လူလတ်တန်းစားများ ပိုမို ထွက်ပြေးလာကြသည်ဟု တောင်ကိုးရီးယား လုံခြုံရေး တာဝန်ရှိသူ တစ်ဦးက ခန့်မှန်းသည်။

အင်္ဂါနေ့က မြောက်ကိုးရီးယားမှ လာသော သတင်းတစ်ရပ်က ပြောကြားရာတွင် ငွေကြေး ပြုပြင်ပြောင်းလဲမှုသည် လူအများစုကို အစိုးရအား စိတ်ကုန်သွားစေပြီး၊ မြောက်ကိုးရီးယားတွင် ဗွီဒီယိုနှင့် စီဒီများမှတဆင့် လျှို့ဝှက်စွာ ပြန့်နှံ့နေသော တောင်ကိုးရီးယားပေါ့ပ် ယဉ်ကျေးမှုကလည်း မြောက်ကိုးရီးယား လူလတ်တန်းစားနှင့် အထက်တန်းစားများကို ထွက်ပြေးရန် အားပေးရာ ရောက်သည်ဟု ဆိုသည်။ မကြာသေးမီရက်များ အတွင်းက ငွေကြေးပြုပြင် ပြောင်းလဲမှုကြောင့် စုဆောင်းထားသော ငွေများ ဆုံးရှုံးသွားကြသူများသည် ထွက်ပြေးရန် ဆုံးဖြတ်ခဲ့ကြသည်ဟု ဆိုသည်။

"တင်းတင်းကြပ်ကြပ် စောင့်ကြည့်နေတော့၊ ထွက်ပြေးချင်တဲ့ လူတွေဟာ ဒါမှမဟုတ် မြောက်ကိုးရီးယား နယ်စပ်စောင့် လုံခြုံရေးတွေကို လာဘ်ငွေ အများကြီး ပေးကြရတယ်။ အဲဒီလို ပေးနိုင်တယ် ဆိုကတည်းက သူတို့ဟာ အလယ်အလတ် တန်းစား၊ သို့မဟုတ် အထက်တန်းစားတွေ ဖြစ်ရမယ့် အပြင် တောင်ကိုးရီးယားမှာ ဆွေမျိုးတွေ ရှိနိုင်တယ်'' ဟု တောင်ကိုးရီးယား အစိုးရ တာဝနှ်ရှိသူ တစ်ဦးက ပြောသည်။

အကြီးတန်း အရာရှိများ၏ ကလေးငယ်များ ကဲ့သို့သော အပေါ်လွှာ မြောက်ကိုးရီးယားများ ပိုမို ထွက်ပြေးကြသည်ဟု သတင်းများက ဆိုသည်။ ၎င်းတို့ တောင်ကိုးရီးယားသို့ ရောက်လာချိန်တွင်လည်း လူသိရှင်ကြား မပြောကြပေ။ ထို့အပြင် ၎င်းတို့သည် သာမန် ထွက်ပြေးသူများကဲ့သို့ Hanawon ရှိ ထွက်ပြေးလာသူများ တက်ရသည့် သင်တန်းကျောင်းသို့လည်း တက်ရောက်ရန် မလိုသဖြင့်၊ ထွက်ပြေးလာသူ ဦးရေကို သိရှိရန် မလွယ်ပေ။

မြောက်ကိုးရီးယား တို့သည် ယခုနှစ် အစောပိုင်းကတည်းက ထွက်ပြေးသူများ ဖမ်းမိရေးကို တင်းတင်းကြပ်ကြပ် ဖိအားပေး ကိုင်တွယ်ခဲ့သည်။ အဘယ်ကြောင့် ဆိုသော် အစိုးရသည် အများအပြား တပြိုင်နက်တည်း ထွက်ပြေးမည်ကို စိုးရိမ်သောကြောင့်  ဖြစ်သည်။ မြောက်ကိုးရီးယား၏ ပြည်သူလူထု လုံခြုံရေး အေဂျင်စီနှစ်ခု ဖြစ်သော လူထု လုံခြုံရေး ဝန်ကြီးဌာနနှင့် နိုင်ငံတော် လုံခြုံရေးဌာန တို့သည် ပထမဆုံးအကြိမ် အဖြစ် ပူးတွဲ သတင်းကြေညာချက် ထုတ်ပြန်ရာတွင် ထွက်ပြေးကြသူများကို "scumbags'' မရိုးသား၊ လက်မခံနိုင်သော အပြုအမူကို လုပ်သူအဖြစ် ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် မတ်လက မြောက်ကိုးရီးယား၏ အမျိုးသား ပြန်လည် ပေါင်းစည်းရေး ကောင်စီက ကြေညာချက် ထုတ်ပြန်ရာတွင် မြောက်ကိုးရီးယားမှ ထွက်ပြေးသူများ နောက်မှ ပံ့ပိုးပေးနေသော တောင်ကိုးရီးယား လူထု အဖွဲ့အစည်းများကို ဒဏ်ခတ်ရမည့် မူရင်းပစ်မှတ်များ ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ဇွန်လမှ စ၍  မြောက်ကိုးရီးယား အစိုးရသည် ထွက်ပြေးသူများအား ဖမ်းဆီးနိုင်ရန် တရုတ်နှင့် အခြားနိုင်ငံများသို့ အေးဂျင့်များ စေလွှတ်ခဲ့သည်။

Chunggng တက္ကသိုလ်မှ ပါမောက္ခ Lee Jo-won က ပြောကြားရာတွင် "မြောက်ကိုးရီးယားမှာ အခုလို အာဏာရှင် ဆက်ရှိနေဦးမယ် ဆိုရင်တော့၊ အစိုးရ အနေနဲ့ လူ့အဖွဲ့အစည်းရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းကို ခွဲထုတ်ဖို့ တစ်ချိန်တည်းမှာ မဖြစ်နိုင်ပါဘူး'' ဟု ဆိုသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment