Transparency Myanmar

transparency.myanmar@gmail.com

မြောက်ကိုရီးယား ခေါင်းဆောင်ကြီး ကင်ဂျုံအီလ်၏ အငယ်ဆုံး သားဖြစ်သူသည် လာမည့် ကွန်မြူနစ်ပါတီ ဆွေးနွေးပွဲတွင် ပါတီသို့ ဝင်ရောက်မည် ဖြစ်ကြောင်း အစီရင်ခံစာ တစ်ရပ်ကို ကိုးကားပြီး Kyodo သတင်းဌာနက ဖော်ပြသည်။

ကင်ဂျုံအီလ်၏ သားဖြစ်သူမှာ ကင်ဂျုံအန် ဖြစ်ပြီး ၎င်းသည် စက်တင်ဘာလတွင်း ကျင်းပမည့် အာဏာရ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီမှ အရေးပါသော ကိုယ်စားလှယ်ကြီးများ တွေ့ဆုံ ဆွေးနွေးတွင် ပါတီ အဖွဲ့ဝင်အဖြစ် ရွေးချယ်ခံရဖွယ် ရှိကြောင်း၊ ဤနည်းဖြင့် ကင်ဂျုံအန်သည် ဖခင်ဖြစ်သူ၏ အရိုက်အရာ ဆက်ခံနိုင်မည် ဖြစ်ကြောင်း သတင်းက ဆိုသည်။

ဘေဂျင်းနှင့် ပြုံးယမ်းတို့မှ လာသော သတင်းများအရ ကင်ဂျုံအီလ်၏ သားတော်မောင်သည် အဆိုပါ စက်တင်ဘာ တွေ့ဆုံပွဲပြီးနောက် မကြာမီကျင်းပမည့် ဗဟိုကော်မတီ အထွေထွေ အစည်းအဝေးတွင်  ကွန်မြူနစ်ပါတီ နိုင်ငံရေးဗျူရို အမြဲတမ်း အဖွဲ့ဝင်အဖြစ်လည်း ရွေးချယ်ခံရဖွယ် ရှိသည်။

မြောက်ကိုရီးယား နိုင်ငံသည် လာမည့် ၂၀၁၂ ခုနှစ်တွင် ကွန်ဂရက် အစည်းအဝေးကြီး တစ်ရပ်ကို ကျင်းပဖွယ် ရှိပြီး ယင်းအစည်းအဝေးတွင် ကင်ဂျုံအန်အား ဖခင်ရာထူး ဆက်ခံသူအဖြစ် တစ်ခါတည်း တရားဝင် ကြေညာလိမ့်မည် ဖြစ်ကြောင်း သတင်းရင်းမြစ်များ၏ ပြောကြားချက်ကို ကိုးကားပြီး Kyodo သတင်းဌာနက ရေးသားသည်။

ယခုအခါ အသက် ၆၈ နှစ်အရွယ် ရှိပြီ ဖြစ်သော ကွန်မြူနစ် ခေါင်းဆောင်ကြီး ကင်ဂျုံအီလ်သည် ၂၀၀၈ ခုနှစ်၊ သြဂုတ်လတွင် လေသင်တုန်း ဖြတ်ခြင်း ခံစားခဲ့ရသည်။ ထိုအချိန်မှစ၍ ကင်ဂျုံအီလ်သည် အငယ်ဆုံး သားဖြစ်သူကို ၎င်း၏ အရိုက်အရာ ဆက်စေလိမ့်မည် ဟူသော သုံးသပ် ပြောဆိုမှုများ ထွက်ပေါ်လာခဲ့သည်။ မြောက်ကိုရီးယား အစိုးရသည်
ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ ပြုလုပ်ရန် စီစဉ်လျက် ရှိကြောင်း ပြီးခဲ့သည့် ဇွန်လက ကြေညာခဲ့သည်။ အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲသည် ၁၉၄၈ ခုနှစ် ကွန်မြူနစ် နိုင်ငံတော် စတင် ထူထောင်ပြီး နောက်ပိုင်း တတိယ အကြိမ်မြောက် ကျင်းပခြင်း ဖြစ်သည်။ ၁၉၈၀ ပြည့်နှစ်မှ စ၍ ယင်းပါတီ ကိုယ်စားလှယ်များ တွေ့ဆုံပွဲကို မြောက်ကိုရီးယားအတွက် အရေးကြီးသော ကိစ္စရပ် တစ်ခုအဖြစ် ရှုမြင်လာကြသည်။ အကြောင်းမှာ ထိုနှစ်တွင် ပါတီ ကိုယ်စားလှယ်များ အားလုံးက ကင်ဂျုံအီလ်ကို မြောက်ကိုရီးယား ခေါင်းကိုင်ဖခင်ကြီး ကင်အီဆွန်း၏ အရိုက်အရာ ဆက်ခံသော သားအဖြစ် တရားဝင် ကြေညာလိုက်သောကြောင့် ဖြစ်သည်။

ယခုအခါ ခေါင်းဆောင် ကင်ဂျုံအီလ်သည် ကျန်းမာရေး အခြေအနေ ဆိုးရွားလျက် ရှိရာ ၎င်းအနေဖြင့် သားဖြစ်သူအား ရာထူး လွှဲပြောင်းပေးရေး ကိစ္စကို အမြန်ဆုံး ပြုလုပ်လိုသောကြောင့် ယင်းသို့ တွေ့ဆုံဆွေးနွေးပွဲကြီး ပြုလုပ်ရန် စိုင်းပြင်းနေခြင်း ဖြစ်ကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေး အကြီးအကဲက ဆိုသည်။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment