Transparency Myanmar

transparency.myanmar@gmail.com

အမေရိကန် ပြည်ထောင်စု စီးပွားရေး ကျဆင်းမှုသည် မျှော်မှန်းထားသည်ထက် အလုပ်လက်မဲ့ ဖြစ်မှုများ ပိုမို ပေါ်ပေါက်စေခဲ့ရာ အပြည့်အဝ ပြန်လည် နာလန် ထူနိုင်ရေးအတွက် နှစ်အတန်ကြာ အချိန်ယူရဦးရမည် ဟူသော အချက်ကို ဖော်ကျူးရာ ရောက်ကြောင်း အလုပ်သမား ဝန်ကြီးဌာနက သြဂုတ်လ ၆ ရက်နေ့တွင် ပြောကြားလိုက်သည်။

အမေရိကန်ပြည်ထောင်စု ဖက်ဒရယ်နှင့် ပြည်နယ် အစိုးရများက အလုပ်အကိုင် လျှော့ချခဲ့သောကြောင့် အလုပ်အကိုင်ပေါင်း ၁၃၁၀၀၀ ပျောက်ဆုံးခဲ့ရပြီး အလုပ်လက်မဲ့နှုန်းမှာ ၉ ဒဿမ ၅ ရာခိုင်နှုန်းအထိ တိုးမြင့်ခဲ့သည်ဟု အလုပ်သမားဌာနက သတင်း ထုတ်ပြန်သည်။ ပုဂ္ဂလိက ကဏ္ဍက အစိုးရဌာနမှ အလုပ်ပြုတ်သူ ၁၄၃၀၀၀ အတွက် ခုသာခံသာ ဖြစ်အောင် လုပ်ကိုင်ပေးနိုင်ခဲ့ခြင်း မရှိကြောင်း၊ အချို့သော ပုဂ္ဂလိက လုပ်ငန်းများကသာ အလုပ်အကိုင်ပေါင်း ၇၁၀၀၀ ခန့်ကို ဖန်တီးပေးနိုင်ခဲ့ကြောင်း သတင်းက ဆိုသည်။

အလုပ်သမားဌာနက ထုတ်ပြန်သော စာရင်းဇယားများအရ အမေရိကန်ပြည်ထောင်စု စီးပွားရေး နာလန်ထူမှု တုံ့ဆိုင်းတုံ့ဆိုင်း ဖြစ်နေပြီး အလုပ်အကိုင် ဈေးကွက် ပုံမှန်အတိုင်း ပြန်ဖြစ်ရန် နှစ်အတန်ကြာ အရှိန်ယူရဦးမည် ဟူသော အချက်ကို ဖော်ပြရာ ရောက်သည်။

"အလုပ်အကိုင် ရရှိမှုနဲ့ ပတ်သက်တဲ့ ခြေလှမ်းဟာ လတ်တလောမှာ နှေးကွေးနေပါတယ်။ အဲဒီတော့ စီးပွားရေး ပျက်ကပ် ဖြစ်တုန်းက အလုပ်အကိုင်ပေါင်း ၈ သန်းလောက် ပျောက်ဆုံးသွားတာကို အစားပြန်ထိုးဖို့ ဆိုတာ နောက်တစ်နှစ်၊ နှစ်နှစ်နဲ့ မရပါဘူး။ နောက် ငါးနှစ် အတွင်းမှာတောင် မဖြစ်နိုင်လောက်ဘူးလို့ မြင်ပါတယ်" ဟု အမေရိကန် စီးပွားရေး သုတေသန လုပ်ငန်းတစ်ခု ဖြစ်သော The Conference Board မှ Chief Economist ဖြစ်သူ Bart van Ark က ပြောသည်။

"ဆောက်လုပ်ရေးနဲ့ ကုန်ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းတွေ အနေနဲ့ စီးပွားရေး ကျဆင်းမှု မဖြစ်ခင်အချိန်က ရှိခဲ့တဲ့ အလုပ် ခေါ်ယူနိုင်တဲ့ အဆင့်မျိုးကို ပြန်ရောက်ဖို့ မလွယ်လှပါဘူး" ဟု ၎င်းက ပြောသည်။ ယခုနှစ် အစောပိုင်း ကာလများတွင် အလုပ်သမား ဝန်ကြီးဌာနက အလုပ်အကိုင် ၁၂၅၀၀ ခန့် ပျောက်ဆုံးခဲ့ရသည်ဟု သတင်း ထုတ်ပြန်ခဲ့သော်လည်း ဇွန်လအတွင်းသို့ ရောက်သောအခါ ၂၂၁၀၀၀ ခန့်အထိ ရောက်ရှိလာသည်ဟု ဆိုပြန်ရာ အလုပ်အကိုင်နှင့် ပတ်သက်၍ စိုးရိမ်စရာများ ဖြစ်ပေါ်ခဲ့ရသည်။

ယင်းကိစ္စကြောင့် သမ္မတ ဘားရက်အိုဘားမား အနေဖြင့် ၎င်း၏ စီးပွားရေး မူဝါဒများ အလုပ်ဖြစ်ပါသည် ဟူသောအချက်ကို သက်သေထူရန် ဖိအားများလည်း ဖြစ်ပေါ်စေခဲ့သည်။ ထို့ပြင် လာမည့် နိုဝင်ဘာတွင် သမ္မတ သက်တမ်းနှစ်ဝက် ရွေးကောက်ပွဲ ကျင်းပရန် ရှိရာ ရီပတ်ဘလစ်ကန်များ အနေဖြင့် ယခု စာရင်းဇယားများကို အကြောင်းပြုပြီး အိုဘားမား၏ စီးပွားရေး နာလန်ထူနိုင်ရေးအတွက် ဧရာမသုံးစွဲမှုများ အလုပ်မဖြစ်ဟု သက်သေ ထူပြလာနိုင်သည်။

"သမ္မတ အိုဘားမားရဲ့ စီးပွားရေး ပေါ်လစီတွေက စဉ်ဆက်မပြတ် အလုပ်အကိုင် တိုးပွားမှုကို ဖန်တီး မပေးနိုင်ခဲ့ပါဘူး" ဟု ရီပတ်ဘလစ်ကန် အမျိုးသားကော်မတီ ဥက္ကဋ္ဌ Michael Steele က ပြောကြားသည်။

ယခုနှစ် ဇူလိုင်လလောက်တွင် အလုပ် လုပ်ကိုင်နေသော အမေရိကန် နိုင်ငံသား ၈၇၀၀၀ ခန့် အလုပ်အကိုင် ပျောက်ဆုံးလာဖွယ် ရှိပြီး အလုပ်လက်မဲ့ ဦးရေ ၉ ဒဿမ ၆ ရာခိုင်နှုန်း အထိ မြင့်တက်လာဖွယ် ရှိကြောင်း ပညာရှင်များက ဟောကိန်း ထုတ်ခဲ့ကြသည်။ အမေရိကန် စီးပွားရေး လမ်းကြောင်း မည်သည့်ဘက်သို့ ဦးတည်မည် ဟူသော အချက်ကို ရင်းနှီးမြှုပ်နှံသူများက လအတန်ကြာ စိုးရိမ်တကြီး စောင့်စားခဲ့ကြသော်လည်း ယခု အလုပ်သမားဌာနက ထုတ်ပြန်သော စာရင်းဇယားများ၊ ကိန်းဂဏန်းများကြောင့် ရှုပ်ထွေးမှုများစွာ ဖြစ်ပေါ်စေသည်။

အမေရိကန် စီးပွားရေး တုံ့ဆိုင်းမှုမှာ ဆက်လက် ဖြစ်နေဦးမည့် သဘောတွင် ရှိရာ အိုဘားမား အပါအဝင် မူဝါဒ ရေးဆွဲသူများ အနေဖြင့် နောက်ထပ် စီးပွားရေး အကျပ်အတည်း ဖြေရှင်းရေး ဆောင်ရွက်ချက်များ လုပ်ကိုင်ရန် လိုအပ်မှု ရှိ၊ မရှိ ဟူသော အချက်ကို ခက်ခက်ခဲခဲ ဆုံးဖြတ်ရမည့်ကိန်း ဆိုက်နေသည်။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment