အိန္ဒိယနှင့် မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးမှာ ဆယ်စုနှစ်တစ်ခု နီးပါးအတွင်း တဖြည်းဖြည်းချင်း တိုးတက် လာသည်ကို တွေ့ရသည်။ သို့သော် ယခုအခါ နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှုမှာ ပိုမို ခိုင်မာလာသည့် သဘောတွင် ရှိရာ မြန်မာနိုင်ငံတွင်း စစ်မှန်သော ဒီမိုကရေစီ စနစ် ဖော်ဆောင် လာစေရေးအတွက် အိန္ဒိယအနေဖြင့် ၎င်း၏ သြဇာ လွှမ်းမိုးမှုကို အသုံးချပြီး စစ်အစိုးရကို တွန်းအားပေးရန် အနောက်အင်အားကြီး နိုင်ငံများက မသိမသာ အားပေး အားမြှောက် ပြုလုပ်လာသည်။
မြန်မာ-တရုတ် ဆက်ဆံရေးမှာ လွန်စွာ နီးကပ်မှု ရှိသည်ဟု ယူဆရပြီး ဘေဂျင်းအစိုးရက နေပြည်တော် စစ်အစိုးရအပေါ် သိသိသာသာ လွှမ်းမိုးနိုင်မှုများ ရှိထားသည့်တိုင် အိန္ဒိယကို တရုတ်ပြီးလျှင် မြန်မာနိုင်ငံနှင့် အကောင်းဆုံး ဆက်ဆံရေး ရရှိထားသော ပါဝါအဖြစ် ရှုမြင်နိုင်သည်။
သို့သော် မကြာသေးခင် ဇူလိုင်လ ၂၅ ရက်မှ ၂၉ ရက်နေ့အထိ မြန်မာနိုင်ငံ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အိန္ဒိယနိုင်ငံသို့ သွားရောက် လည်ပတ်လိုက်ရာ နှစ်နိုင်ငံ အပြန်အလှန် ဆက်ဆံရေးမှာ ပိုမို ကြီးထွားသွားခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အဆိုပါ အိန္ဒိယ ခရီးစဉ်သည် ဒုတိယအကြိမ် ဖြစ်သည်။ ၎င်းသည် ၂၀၀၄ ခုနှစ် အောက်တိုဘာတွင် ပထမအကြိမ်အဖြစ် သွားရောက်ခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး၏ ဘာသာရေး ခရီးစဉ်လည်းဟုတ်၊ တရားဝင် နိုင်ငံတော်ခရီးစဉ်လည်း ဟုတ်သည့် အဆိုပါခရီးစဉ်၏ ပထဝီအနေအထား တိုးချဲ့ဖြန့်ကားမှုမှာ လွန်စွာပင် ထင်ထင်ရှားရှား ဖြစ်ခဲ့သည်။ မြန်မာနိုင်ငံ၏ နံပါတ်-၁ တပ်မတော် ခေါင်းဆောင်ကြီးသည် ငါးရက်တာ ခရီးစဉ်အတွင်း အိန္ဒိယနိုင်ငံမှ မြို့ ငါးမြို့ ဖြစ်သော Bodh Gaya၊ Varanasi၊ Hyderabad၊ Jamshedpur နှင့် New Delhi တို့ကို သွားရောက် လည်ပတ်ခဲ့သည်။ နယူးဒေလီတွင် အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်းနှင့် ကိုယ်စားလှယ်အဆင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဗိုလ်ချုပ်မှူးကြီးနှင့် မစ္စတာ မန်မိုဟန်ဆင်းတို့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ပြီးနောက် အသေးစိတ် စီစဉ်ထားသော ကြေညာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့သည့်တိုင် နှစ်ဖက်စလုံးက မည်သို့သော သတင်းစာ ရှင်းလင်းပွဲ တစ်ခုမျှ မပြုလုပ်ခဲ့သည့် အတွက် ယင်းခရီးစဉ်မှာ ခပ်လျှိုလျှိုဖြင့် သာမန်သဘောမျှသာ ဖြစ်ခဲ့သည်။
ခရီးစဉ်တွင် အိန္ဒိယက မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေး လုပ်ဆောင်ချက်များမှ အခန်းကဏ္ဍ သုံးခုတွင် ပါဝင်ကူညီသွားမည်ဟု သဘောတူညီခဲ့သည်။ ယင်းအခန်းကဏ္ဍ သုံးခုမှာ သတင်း အချက်အလက် နည်းပညာ၊ စက်မှုလုပ်ငန်းနှင့် အခြေခံ အဆောက်အအုံ စသည်တို့ ဖြစ်သည်။ သို့သော် ဗိုလ်ချုပ်မှူးကြီး၏ အဆိုပါခရီးစဉ်ကို နိုင်ငံတကာ အသိုင်းအဝိုင်းက နိုင်ငံရေးဆိုင်ရာ ရှုထောင့်မှ လေ့လာ စောင့်ကြည့်နေခဲ့ကြသည်။
ယနေ့အချိန်အထိ နေ့ရက် အတိအကျကို ထုတ်ပြန်ခြင်း မရှိသေးသော်လည်း မြန်မာနိုင်ငံ၌ ယခုနှစ်ကုန်ပိုင်းတွင် ဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပ ပြုလုပ်ပေးရန် စီစဉ်ထားသည်။ မည်သို့ဆိုစေ မြန်မာနိုင်ငံ၏ အဓိက အတိုက်အခံ နိုင်ငံရေး အင်အားစုက ဝင်ရောက် ယှဉ်ပြိုင်မည် မဟုတ်သောကြောင့် ဒီမိုကရေစီ ရွေးကောက်ပွဲသည် မလွဲမသွေ အတုအယောင်မျှသာ ဖြစ်နေပေလိမ့်မည်။
မြန်မာနိုင်ငံတွင်း စစ်မှန်သော ဒီမိုကရေစီစနစ် ပေါ်ထွန်းလာရေးအတွက် ဖွံ့ဖြိုးပြီးနိုင်ငံများ ဖြစ်သော အမေရိကန်၊ အီးယူ နှင့် ဂျပန်တို့က စစ်အစိုးရကို ဖိအားပေးရန် ကြိုးစားခဲ့ကြသော်လည်း အောင်မြင်မှု မရရှိခဲ့ကြပေ။ သို့အတွက်ကြောင့် နယူးဒေလီနှင့် နေပြည်တော်မှ ထိပ်ပိုင်း ခေါင်းဆောင်များ အပြန်အလှန် တွေ့ဆုံဆက်ဆံမှု ပြုလုပ်သည့်အခါတိုင်း အိန္ဒိယအနေဖြင့် စစ်အစိုးရအပေါ် ဖိအားပေးမှုများ ပြုလုပ်မည်ဟု နိုင်ငံတကာ အသိုင်းအဝိုင်းက မျှော်လင့်ကြခြင်း ဖြစ်သည်။
သို့သော် အိန္ဒိယသည် မဟာဗျူဟာအရေး၊ လုံခြုံရေး၊ စီးပွားရေး အကျိုးအမြတ် ရရှိရေး အစရှိသည်တို့ အပါအဝင် ကီလိုမီတာ ၁၆၄၀ ရှည်လျားသော နယ်နိမိတ်ကို မျှဝေ ပိုင်ဆိုင်ထားသည် ဖြစ်ရာ မြန်မာနိုင်ငံနှင့် စေ့စပ် ဆွေးနွေးရေး ကိစ္စကို နိုင်ငံတကာ အသိုင်းအဝိုင်း၏ တွန်းအားပေးမှု မပါဝင်သော်ငြား စိတ်ဝင်စားမှု ရှိထားပြီး ဖြစ်သည်။
အိန္ဒိယအစိုးရ ကိုယ်တိုင်ကလည်း မြန်မာနိုင်ငံတွင်း အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ် စတင်နိုင်ရေး အထူးပင် လိုအပ်သည်ဟူသော ကိစ္စနှင့်ပတ်သက်ပြီး စစ်အစိုးရကို အလေးအနက်ထား ပြောဆိုခဲ့သည်။ ယခု ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ခရီးစဉ်တွင်လည်း အဆိုပါကိစ္စကို ထပ်မံပြောဆိုခဲ့သည်။ သို့သော် သတိပြုရမည့် အချက်မှာ အိန္ဒိယသည် ဒီမိုကရေစီ အရေးကိစ္စနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ စစ်အစိုးရအပေါ် ညှပ်ပူးညှပ်ပိတ် ဖြစ်အောင် ပြုလုပ်မှု လုံးဝမရှိ ဟူသောအချက်ပင် ဖြစ်သည်။
နိုင်ငံတကာ အသိုင်းအဝိုင်းက ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ အကြောင်းမှာ မြန်မာနိုင်ငံအပေါ် ထားရှိသည့် အိန္ဒိယ မူဝါဒသည် ဒီမိုကရေစီ သို့မဟုတ်
လူ့အခွင့်အရေး ဟူသော အယူအဆက် အစစ်အမှန် နိုင်ငံရေး (Realpolitik) အယူအဆက ပိုမို များပြားနေသောကြောင့်ပင် ဖြစ်၏။
Indian Times မှ ဆောင်းပါးကို ဆီလျော်အောင် ဘာသာ ပြန်ဆိုသည်။
--Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.