The Los Angeles Times, By Babara Demick and Mark Magnier, 8th Sept 2010
အနောက် နိုင်ငံများက လက်မခံနိုင်သော တိုင်းပြည် ခေါင်းဆောင် တစ်ဦးသည် တရုတ်ပြည်သို့ တစ်ဖန် သွားရောက်ခဲ့ပြီး၊ တရုတ်၏ မျက်နှာသာ ပေးမှု၊ တရားဝင် အသိအမှတ် ပြုမှု၊ ငွေရရှိမှု တို့အတွက် ကြိုးပမ်းခဲ့ရာ၊ Beijing သည် အလွန် ဧည့်ဝတ် ကျေပွန်ခဲ့သည်ဟု ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။
အသက် (၇၇) နှစ်ရှိ မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှာ ဗုဒ္ဓဟူးနေ့က Beijing ရှိ ပြည်သူ့ ခန်းမကြီးတွင် ကောဇောနီဖြင့် ဧည့်ခံ ကြိုဆိုခြင်း ခံခဲ့ရသည်။
တရုတ် သမ္မတ ဟူကျင်းတောင်သည် တရုတ်-မြန်မာ ဆက်ဆံရေး အနှစ် (၆၀) ပြည့်မှုကို ချစ်ကြည် ရင်းနှီးစွာ ပြေကြားခဲ့ရာ၊ Beijing သည် ၎င်း၏ မဟာမိတ် နိုင်ငံအပေါ် နိုင်ငံတကာ ဖိအားပေးမှုများအား အကာအကွယ် ပေးရန် ကူညီမည် ဖြစ်ကြောင်း အချက် ပြလိုက်ခြင်းပင် ဖြစ်သည်။
"တရုတ်ဟာ မြန်မာနိုင်ငံရဲ့ အချုပ်အချာ အာဏာ ပိုင်ဆိုင်မှုနဲ့ နယ်မြေ ပိုင်ဆိုင်မှုကို လေးစားပါတယ်။ မြန်မာ အစိုးရရဲ့ အမျိုးသား ပြန်လည် ပေါင်းစည်းရေးအတွက် ကြိုးစား အားထုတ်မှုများကို နားလည်ပြီး ထောက်ခံပါတယ်။ နိုင်ငံတကာရဲ့ အခြေအနေတွေ ဘယ်လို ပြောင်းပြောင်း တရုတ်ရဲ့ မူဝါဒကတော့ ပြောင်းလဲမှာ မဟုတ်ပါဘူး'' ဟု ဟူကျင်းတောင်က ပြောကြားခဲ့သည်ဟု တရုတ်ပြည်သစ် သတင်းဌာန၏ ဝေဖန်ချက်တွင် ရေးသားထားသည်။
တစ်ဘာသာ စရိုက် ရှိပြီး သတင်းထောက်များအား စကားပြောခဲလှသော သန်းရွှေသည် သတင်းထောက်များ ကွန်ဖရင့် ခန်းမ အတွင်းမှ မထွက်ခွာမီ အိမ်နီးချင်းကောင်း ပီသသော ဆက်ဆံရေး အကြောင်း အနည်းငယ် ပြောခဲ့သည်။
နှစ်နိုင်ငံ ဆွေးနွေးမည့် ထိပ်ဆုံး အကြောင်းအရာများမှာ မြန်မာနိုင်ငံ၏ ကျင်းပတော့မည့် ရွေးကောက်ပွဲနှင့် နယ်စပ်များရှိ လက်နက်ကိုင် တိုင်းရင်းသားများနှင့် ကိစ္စများ ဖြစ်လိမ့်မည်ဟု ယူဆရသည်။ စစ်အစိုးရသည် ၎င်း၏ အနည်းငယ်သော နိုင်ငံတကာ မိတ်ဆွေများ အနက် တရုတ်၏ ထောက်ခံမှုကို ရရန် လိုအပ်သည်။
ထို့အပြင် မြန်မာ နိုင်ငံသည် မြောက်ကိုးရီးယား၏ လမ်းစဉ်ကို လိုက်ပြီး နျူကလီယာ လက်နက် အတွက် ကြိုးစားလျက် ရှိကြောင်း ဝါရှင်တန်က ပိုမို စိုးရိမ် ပူပန်နေချိန်တွင် မြန်မာ နိုင်ငံသည် ကုလ သမဂ္ဂတွင် တရုတ်၏ ထောက်ခံမှု ရရန် လိုအပ်နေသည့် အချိန် ဖြစ်သည်။
"ဒီခရီးစဉ်ကတော့ Beijing ရဲ့ ထောက်ခံမှု အတွက်ပါပဲ။ မြန်မာနိုင်ငံကို ငွေကြေး ထောက်ပံ့တာလည်း Beijing ပါပဲ'' ဟု ဆစ်ဒနီ တက္ကသိုလ် အရှေ့တောင် အာရှ ရေးရာ ပါမောက္ခ Adrian Vickers က ပြောကြားခဲ့သည်။
နိုဝင်ဘာလ (၇) ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲသည် အနှစ် နှစ်ဆယ် အတွင်း ပထမဆုံး ကျင်းပခြင်း ဖြစ်ပြီး၊ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များမှာ လက်ရှိ အစိုးရ ဆက်လက် အုပ်ချုပ်ရေး အတွက် သေချာစေရန် ကန့်သတ်ချက်များ ပြုလုပ်ထား၍ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်မှုများ ခံနေရချိန် ဖြစ်သည်။ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကိုမူ ရွေးကောက်ပွဲ ဝင်ရောက်ခြင်းမှ တားဆီးထားသည်။
Beijing သည် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဘဝင် မကျမှုများ ရှိသော်လည်း၊ နိုင်ငံရေးအရ အပြောင်းအလဲ မလုပ်လိုသော မြန်မာ စစ်ဗိုလ်ချုပ်များကို ရွေးကောက်ပွဲ ပြုလုပ်ရန် ဖိအားပေးခဲ့ခြင်းသည် တရုတ်၏ စီးပွားရေး ကိစ္စရပ်များကို အန္တရာယ် ရှိစေပြီး၊ နယ်စပ် မငြိမ်သက်မှုများကို ပိုမို ဆိုးရွားစေသည်။
တရုတ်သည် မြန်မာနိုင်ငံ၏ ရေကာတာများ၊ ငါးလုပ်ငန်းများ၊ သတ္တုတွင်းများ၊ ရေနံနှင့် သဘာဝဓါတ်ငွေ့၊ ဆောက်လုပ်ရေး ကဏ္ဍများတွင် များစွာ စိတ်ဝင်စားမှု ရှိပြီး၊ ယခုအခါ အိန္ဒိယ သမုဒ္ဒရာနှင့် ယူနန်ပြည်နယ်ကို ဆက်သွယ်ပေးမည့် ရေနံနှင့် ဓါတ်ငွေ့ ပိုက်လိုင်း နှစ်ခုကို ဆောက်လုပ်လျက် ရှိသည်။
"တရုတ်က မြန်မာ နိုင်ငံကနေ လိုချင်တာကတော့ ပင်လယ် ထွက်ပေါက်ပါပဲ'' ဟု အမည် မဖော်လိုသူ Biejing အခြေစိုက် သံတမန်တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် လက မြောက်ကိုးရီးယား ခေါင်းဆောင် ကင်ဂျုံအီ၏ ခရီးစဉ်သည် ပူပူနွေးနွေး ပြီးဆုံးကာစ၌ ယခု သန်းရွှေ၏ ခရီးစဉ် ထွက်ပေါ်လာရာ လူ့အခွင့်အရေး အားပေးသူများ၏ တိုက်ခိုက်မှုများ ရှိလာပြီး Beijing အား ကမ္ဘာပေါ်တွင် အဖိနှိပ်ဆုံး အစိုးရအား ထောက်ခံ အားပေးခဲ့ကြောင်း စွပ်စွဲခဲ့ကြသည်။
"တရုတ်ဟာ မြန်မာနိုင်ငံ ကနေ အကျိုးအမြတ်လည်း ရယူလိုတယ်။ မတည်ငြိမ်တဲ့ စစ်တပ် အုပ်ချုပ်မှုနဲ့လည်း မပတ်သက်ချင်ဘူး'' ဟု Human Rights Watch မှ ခေတ္တ အာရှ ဒါရိုက်တာ Sophie Richardson က သန်းရွှေ ခရီးစဉ် မတိုင်မီ ကြေညာချက်တွင် ဖော်ပြထားသည်။
"အကယ်၍ တရုတ်ဟာ မြန်မာနိုင်ငံ အပေါ် ချဉ်းကပ်မှုကို အခြေခံမှစ၍ ပြောင်းလဲမှု မလုပ်ရင်၊ ဖိနှိပ်သော အစိုးရ၏ နာယကကြီး ဆိုတဲ့ ဂုဏ်ပုဒ်ကို ထိခိုက်လာနိုင်ပါတယ်'' ဟု ဆိုသည်။
မြန်မာ နိုင်ငံသည် နယ်စပ်ရှိ တိုင်းရင်းသားများကို တိုက်ခိုက်ရာတွင် တရုတ်၏ အကူအညီကို ရှာဖွေလျက် ရှိသည်။ အဘယ်ကြောင့် ဆိုသော် ပဋိပက္ခကြောင့် ဒုက္ခသည်များ တရုတ် ပြည်တွင်းသို့ ထွက်ပြေး သွားနိုင်သောကြောင့် ဖြစ်သည်။ မြန်မာ အစိုးရသည် တိုင်းရင်းသား အုပ်စုများကို နယ်ခြား စောင့်တပ်အဖြစ် ၎င်းတို့နှင့် ပူးပေါင်းရန် စီစဉ်လျက် ရှိသည်။
"တိုင်းရင်းသား လက်နက်ကိုင်တွေကို ရှင်းပစ်ဖို့ သူတို့မှာ အစီအစဉ် ရှိပါတယ်'' ဟု ထိုင်းနိုင်ငံ အခြေစိုက် ကချင် သတင်း အုပ်စုမှ အယ်ဒီတာ နော်ဒင်က ဆိုသည်။ "ဒါပေမယ့် ဒါက မအောင်မြင်တော့၊ ဒီလက်နက်ကိုင် အဖွဲ့ တွေကို နယ်စပ်မှ ကန့်သတ်ထားဖို့ တရုတ်ရဲ့ ထောက်ခံမှုကို သူတို့ လိုနေပါတယ်'' ဟု ၎င်းက ဆိုသည်။
သန်းရွှေသည် ၂၀၀၃ ခုနှစ် ကတည်းက တရုတ်သို့ သွားရောက်ခဲ့ခြင်း မရှိပေ။ ယခု ခရီးစဉ်သည် ပြီးခဲ့သည့် ဇွန်လက တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင် မြန်မာပြည်သို့ သွားရောက် ခဲ့ပြီးနောက်တွင် ဖြစ်သည်။ ထိုစဉ်က ဓါတ်ငွေ့ ပိုက်လိုင်း၊ ရေအားလျှပ်စစ်နှင့် အကူအညီ ပေးရေးများ အပါအဝင် စာချုပ် (၁၅) ခု ချုပ်ဆိုခဲ့သည်။
တရုတ်ပြည်သစ် သတင်းဌာနက ပြောကြားရာတွင် တရုတ်သည် မြန်မာနိုင်ငံ၏ တတိယ အကြီးဆုံး ကုန်သွယ်ဖက်နှင့် ရင်းနှီးမြှုပ်နှံသူ ဖြစ်ပြီး၊ ၂၀၀၉ ခုနှစ်က ထုတ်ကုန် သွင်းကုန် စုစုပေါင်း တန်ဖိုး ဒေါ်လာ (၂.၉) ဘီလျံ ရှိခဲ့သည်။ သို့သော် နယ်စပ် ရောင်းဝယ်မှု အတော် များများသည် စာရင်း မပေါက်ကြောင်း၊ အမှန်တကယ် ကိန်းဂဏန်းမှာ ထိုထက် များနိုင်ကြောင်း၊ သုတေသန ပြုသူများက ပြောသည်။
--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.