Transparency Myanmar

transparency.myanmar@gmail.com

တရုတ်နိုင်ငံ၏ ငွေကြေးပံ့ပိုးမှု ဒေါ်လာ ၁ ဒဿမ ၅ ဘီလီယံဖြင့် တည်ဆောက်ခဲ့သော ဆိပ်ကမ်း စီမံကိန်း ပထမပိုင်းကို ဖွင့်လှစ်ရန် သီရိလင်္ကာ အစိုးရက ပြင်ဆင်လျက် ရှိကြောင်း သိရသည်။ အဆိုပါ စီမံကိန်းကြောင့် တောင်အာရှ ဒေသတွင်း တရုတ်နိုင်ငံ၏ မဟာဗျူဟာ ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်ပြီး အိန္ဒိယနိုင်ငံအတွက် စိုးရိမ်ပူပန်မှုများကို တိုးပွားစေသည်။

အဆိုပါ ဆိပ်ကမ်းအမည်မှာ ဟန်ဘန်တိုတာ (Hambantota) ဖြစ်ပြီး ရှေးယခင် ကုန်သွယ်ရေး လမ်းကြောင်း ဖြစ်သော ပိုးသားလမ်း (Silk Road) နှင့် ကမ္ဘာပေါ်တွင် သင်္ဘော သွားလာမှု အများဆုံး ရေကြောင်း လမ်းမပေါ်တွင် တည်ရှိကာ သီရိလင်္ကာနိုင်ငံ၏ စီးပွားရေး ပြန်လည် နာလန်ထူနိုင်ရေး အတွက် အဓိက မောင်းနှင်မည့် အင်ဂျင်ကြီး တစ်ခုအဖြစ် သတ်မှတ်ခံထားရသည်။

တရုတ်နိုင်ငံ၏ အတိုးနှုန်း မပါဝင်သော ချေးငွေ ဒေါ်လာသန်း ၃၀၀ ဖြင့် တည်ဆောက်ခဲ့သော အဆိုပါ ရေနက်ဆိပ်ကမ်း ပထမအဆင့်ကို လာမည့် နိုဝင်ဘာလတွင် ဖွင့်လှစ်ရန် စီစဉ်ထားသည်။ ဆိပ်ကမ်း၏ ဒုတိယပိုင်းကို လာမည့် ၂၀၁၄ ခုနှစ်တွင် အပြီးသတ် တည်ဆောက်သွားနိုင်မည်ဟု သီရိလင်္ကာ အစိုးရက မျှော်မှန်းထားသည်။ အဆိုပါ ကာလ နောက်ပိုင်းတွင် သီရိလင်္ကာ နိုင်ငံသည် ကုန်ပစ္စည်း ဖြတ်ကျော် တင်ပို့မှု အခန်းကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရန် ဆွဲဆောင်မှု ရှိသည့် နိုင်ငံတစ်ခု ဖြစ်လာမည် ဖြစ်ပြီး စီးပွားရေး အခွင့်အလမ်းများလည်း ပေါများလာမည်ဟု ခန့်မှန်းရသည်။

သီရိလင်္ကာ ဆိပ်ကမ်း အာဏာပိုင်အဖွဲ့ ဥက္ကဋ္ဌ Priyath Wickrama က "ဒီဆိပ်ကမ်းကြီး ပြီးသွားရင် နှစ်စဉ် အရှေ့-အနောက် ပင်လယ် ရေကြောင်းလမ်းမှာ ခေါက်တုံ့ခေါက်ပြန် သွားလာနေတဲ့ ကုန်တင်သင်္ဘော အစီး ၇၀၀၀၀ လောက်ထဲက အစီး ၂၅၀၀ လောက်ကို ဝန်ဆောင်မှု ပေးနိုင်မှာပါ" ဟု ပြောကြားသည်။

"ဒုတိယပိုင်း အပြီးသတ် ဆောက်လုပ်ပြီး နောက်ထပ် ၁၀ နှစ်လောက်ဆိုရင် တစ်နှစ်ကို သင်္ဘောအစီး ၈၀၀၀ လောက်ကို ဝန်ဆောင်မှု ပေးသွားနိုင်မယ်လို့ ရည်မှန်းထားပါတယ်" ဟု ၎င်းက ဆိုသည်။ သီရိလင်္ကာ နိုင်ငံ၏ အိမ်နီးချင်းလည်းဖြစ်၊ အကြီးဆုံးသော ကုန်သွယ်ဘက် နိုင်ငံလည်း ဖြစ်သည့် အိန္ဒိယနိုင်ငံအနေဖြင့် ဟန်ဘန်တိုတာ ဆိပ်ကမ်း ပေါ်ထွန်းလာမှုသည် တရုတ်နိုင်ငံ၏ မဟာဗျူဟာ တစ်ရပ်အဖြစ် ရှုမြင်ကာ မလွဲမသွေ စိုးရိမ်ပူပန်မှုများ ဖြစ်နေမည် ဖြစ်သည် ဟု လေ့လာ အကဲခတ်သူများက ဆိုသည်။

တရုတ်နိုင်ငံသည် ဘင်္ဂလားဒေ့ရှ်၊ မြန်မာ နှင့် ပါကစ္စတန်နိုင်ငံ တို့တွင်လည်း ဆိပ်ကမ်း တည်ဆောက်မှုများ ဝင်ရောက် လုပ်ကိုင်ပေးလျက် ရှိသကဲ့သို့ နီပေါနိုင်ငံတွင်း မီးရထားလမ်း ဖောက်လုပ်ရေး စီမံကိန်းများ လုပ်ကိုင်ရန် အစီအစဉ်လည်း ရှိသေးသည်။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

တောင်ကိုရီးယား နိုင်ငံဖွား အသက် ၁၃ နှစ်အရွယ် အမေရိကန် နိုင်ငံသား ကလေး တစ်ဦးက လာမည့် ရက်သတ္တပတ် (သြဂုတ်လ တတိယပတ်) အတွင်း မြောက်ကိုရီးယား နိုင်ငံသို့ သွားရောက်ပြီး ငြိမ်းချမ်းရေး ဆောင်ရွက်ချက် တစ်ရပ် လုပ်ကိုင်မည် ဖြစ်ကြောင်း Associated Press သတင်းဌာနက ရေးသား ဖော်ပြသည်။ အဆိုပါ ကလေးငယ်၏ အမည်မှာ ဂျော်နသန်လီ ဖြစ်ပြီး ၎င်းသည် စစ်မက် မဖြစ်ပွားရေးဇုန်အတွင်း "ကလေးသူငယ်များ ငြိမ်းချမ်းရေး သစ်တော" တစ်ခု ထူထောင်ရန် မြောက်ကိုရီးယား ခေါင်းဆောင်ကြီး ကင်ဂျုံအီလ်နှင့် တွေဆုံကောင်း တွေဆုံမည် ဖြစ်သည်ဟု ဆိုသည်။

ဂျော်နသန်လီသည် အမေရိကန် ပြည်ထောင်စု၊ မစ္စစပီပြည်နယ်တွင် နေထိုင်သူ ဖြစ်ကြောင်း၊ သူသည် မိဘများနှင့်အတူ တရုတ်နိုင်ငံ မြို့တော်ဘေဂျင်းမှ မြောက်ကိုရီးယား နိုင်ငံ မြို့တော်ပြုံယမ်းသို့ လေကြောင်းခရီးစဉ်ဖြင့် သွားရောက်ရန် စီစဉ်ထားကြောင်း ၎င်း၏ မိသားစုဝင်များက AP သတင်းဌာနသို့ပြောဆိုသည်။ ဘေဂျင်းမြို့ အခြေစိုက် မြောက်ကိုရီးယား အရာရှိကြီးများက ဂျော်နသန်လီတို့ မိသားစုကို ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးခဲ့ပြီး ဖြစ်သည်။

ဂျော်နသန်လီက ၎င်းအနေဖြင့် အဆိုပါ ခရီးစဉ်အတွင်း မြောက်ကိုရီးယား အစိုးရ အရာရှိကြီးများနှင့် တွေ့ဆုံကာ စစ်မက် မဖြစ်ပွားရေးဇုန်၌ ကလေးသူငယ်များ ငြိမ်းချမ်းရေး သစ်တောတစ်ခု ဖန်တီးရန် အဆိုပြုမည် ဖြစ်သည်ဟု ဆိုသည်။

"သစ်သီးဝလံပင်တွေ၊ သစ်အယ်ပင်တွေ စိုက်လို့ ရမယ့် နေရာမျိုးမှာ ငြိမ်းချမ်းရေး တောအုပ်တစ်ခု ထူထောင်ခွင့် ပေးဖို့ တောင်းဆိုပါမယ်။ ကလေးတွေ ပျော်ပျော်ရွှင်ရွှင် ကစားလို့ရမယ့် နေရာမျိုးပေါ့" ဟု ဂျော်နသန်လီက ပြောသည်။

အဆိုပါ စစ်မက် မဖြစ်ပွားရေးဇုန်သည် တောင်-မြောက် ကိုရီးယား နှစ်နိုင်ငံကို ရာစုနှစ်ဝက်ကျော်မျှ ပိုင်းခြားထားသည့် နေရာ ဖြစ်ပြီး ကမ္ဘာပေါ်တွင် အစောင့်အကြပ်များ အထူထပ်ဆုံး တင်းကြပ်စွာ ချထားသည့် နယ်မြေလည်း ဖြစ်သည်။ တိုက်ပွဲဝင်ရန် အသင့် အနေအထားတွင် ရှိသော တပ်ဖွဲ့များ နှစ်ဖက်စလုံးတွင် ရှိနေပြီး မြေမြှုပ်မိုင်းများလည်း ပြန့်ကျဲနေကာ သံစူးကြိုးကြီးများလည်း ခတ်ထားသည်။

"အခုကိစ္စက ရူးကြောင်ကြောင် နိုင်တဲ့အလုပ်ဆိုတာ ကျွန်မတို့ သိပါတယ်။ ဂျော်နသန်က 'သားတို့ မြောက်ကိုရီးယားကို သွားဖို့ လိုတယ်' လို့ ပြောတော့ ကျွန်မအမျိုးသားကို ကြည့်ပြီး 'ဘာလဲဟဲ့' ဆိုပြီး ပြောလိုက်မိတယ်။ ပြောရရင် ဂျော်နသန်ပြောတဲ့ ကိစ္စဟာ ဆန်းသစ်တဲ့ အိုင်ဒီယာ တစ်ခု ဖြစ်ပါတယ်" ဟု ဂျော်နသန်လီ၏ မိခင်က ပြောကြားသည်။

အမေရိကန် ပြည်ထောင်စုသည် မြောက်ကိုရီးယား နိုင်ငံနှင့် သံတမန် ဆက်ဆံရေး မရှိပေ။ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း နျူကလီယာ လက်နက် အစီအစဉ်များ လုပ်ဆောင်နေခြင်းကြောင့် မြောက်ကိုရီးယားအပေါ် တင်းကြပ်သည့် စီးပွားရေး ပိတ်ဆို့ အရေးယူမှုများ လုပ်ဆောင်လျက် ရှိသည်။ မြောက်ကိုရီးယားကလည်း တစ်နှစ်အတွင်း လောက်မှာပင် နိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်သူ အမေရိကန်နိုင်ငံသား လေးဦးကို ဖမ်းဆီး အရေးယူခဲ့သည်။
တစ်ဦးမှာမူ ယနေ့အထိ ထိန်းသိမ်းခံထားရဆဲ ဖြစ်သည်။

မြောက်ကိုရီးယားသို့ သွားရောက် လည်ပတ်သော နိုင်ငံခြားသားများ အနေဖြင့် တရားမဝင် ဘာသာရေး လုပ်ကိုင် ဆောင်ရွက်မှု၊ နိုင်ငံရေး လှုပ်ရှားမှု၊ ခွင့်ပြုချက် မပါဘဲ ခရီးသွားလာမှု၊ ဒေသခံပြည်သူများနှင့် အပေါင်းအသင်း ပြုလုပ်မှု အစရှိသည် တို့ဖြင့် ဖမ်ဆီးခံရနိုင်သည် သို့မဟုတ် ပြည်နှင်ဒဏ်ပေးခြင်း ခံရနိုင်သည် ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက အင်တာနက် ဝက်ဘ်ဆိုက်တွင် သတိပေးချက် ထုတ်ပြန်ထားသည်။

ယခု ဂျော်နသန်လီတို့ မိသားစု၏ မြောက်ကိုရီးယား ခရီးစဉ်သည် တောင်ကိုရီးယားပိုင် ချိုနန်စစ်သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သက်၍ ကိုရီးယား ကျွန်းဆွယ်တွင် တင်းမာမှုများ အမြင့်ဆုံးသို့ ရောက်ရှိနေချိန်တွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။ မတ်လအတွင်း ဖြစ်ပေါ်ခဲ့သော ချိုနန်စစ်သင်္ဘော နစ်မြုပ်မှုသည် မြောက်ကိုရီးယား တော်ပီတို ဒုံးကျည် တိုက်ခိုက်ခံရခြင်းကြောင့် ဖြစ်သည်ဟု စွပ်စွဲပြောဆိုမှုများ ရှိခဲ့ပြီး အဆိုပါ ကိစ္စကို တုံ့ပြန်သည့် အနေဖြင့် အမေရိကန်နှင့် တောင်ကိုရီးယား နှစ်နိုင်ငံ ပူးတွဲ စစ်ရေးလေ့ကျင့်မှုများ မကြာသေးခင်က ပြုလုပ်ခဲ့ကြသည်။ မြောက်ကိုရီးယားကမူ သင်္ဘောနစ်သည့် ကိစ္စ မိမိတို့တွင် တာဝန်မရှိကြောင်း ငြင်းပယ်ခဲ့သည်။

ဂျော်နသန်လီ၏ မိသားစု အဆိုအရ ၎င်းတို့သည် ယခုနှစ် နွေရာသီတွင် မြောက်ကိုရီးယားသို့ အထူး ကိုယ်စားလှယ် အဖွဲ့အဖြစ် သွားရောက် လည်ပတ်ခွင့် ပြုရန် နယူးယောက် အခြေစိုက် မြောက်ကိုရီးယား ဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီးထံသို့ လျှောက်ထားခဲ့ရာမှ ခွင့်ပြုချက် ရရှိခဲ့ခြင်း ဖြစ်သည်။

ဂျော်နသန်လီတို့ မိသားစုခရီးစဉ်နှင့် ပတ်သက်၍ မြောက်ကိုရီးယားဘက်မှ သုံးသပ်ချက် ရရှိရန်မှာ မလွယ်ကူပေ။ မြောက်ကိုရီးယားသည် အစိုးရသဘောထား ကြေညာချက်များကို နိုင်ငံပိုင် မီဒီယာများမှ တစ်ဆင့် ပုံမှန် ထုတ်ပြန်လေ့ ရှိသည်။

"ခရီးစဉ် လုံခြုံချောမွေ့မယ်လို့ ထင်ရတာပဲ။ ဒါပေမဲ့ ကျွန်တော် နည်းနည်းတော့ စိတ်လှုပ်ရှားမိတယ်။ မြောက်ကိုရီးယားက ကွန်မြူနစ် နိုင်ငံလေ" ဟု ဂျော်နသန်က ပြောကြားသည်။

တောင်ကိုရီးယား Yonhap သတင်းအေဂျင်စီ အဆိုအရ ဂျော်နသန်လီသည် လွန်ခဲ့သည့် သုံးနှစ်က တောင်ကိုရီးယား သမ္မတဟောင်း ကင်ဒေးဂျုံနှင့် တွေ့ဆုံပြီး ကိုရီးယား ကျွန်းဆွယ်တွင် သစ်အယ်ပင်များ စိုက်ပျိုးရန် အကြံပြုခဲ့ကြောင်း၊ ထို့နောက် ၂ နှစ်အကြာ (ပြီးခဲ့သည့်နှစ်) တွင် ကျန်းမာရေး ညံ့ဖျင်းနေပြီ ဖြစ်သော ကင်ဒေးဂျုံကို ထပ်မံ တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဂျော်နသန်က မြောက်ကိုရီးယား ခေါင်းဆောင်ကြီးထံသို့ ရေးသားသော စာတွင် ၎င်းအနေဖြင့် တောင်ကိုရီးယား သမ္မတဟောင်း ကင်ဒေးဂျုံနှင့် တွေ့ဆုံပြီး သူ၏ "နေခြည်ဖြာသော ပေါ်လစီ" (မြောက်နှင့်တောင် ကိုရီးယား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး ပေါ်လစီ) နှင့် ပတ်သက်၍ ပြောဆိုခဲ့ကြောင်း ရေးသားထားသည်။

"မစ္စတာ ကင်ဒေးဂျုံက သူနောက်တစ်ခေါက် မြောက်ကိုရီးယားကို အလည်အပတ် သွားရင် ကျွန်တော့်ကို ခေါ်သွားမယ်လို့ ကတိပေးခဲ့ပါတယ်။ ဒါပေမဲ့ စိတ်မကောင်းစရာပါပဲ။ သူ (ကင်ဒေးဂျုံ) မနှစ်က ကွယ်လွန်သွားခဲ့ပါတယ်။ သူ့ရဲ့အိပ်မက်ကို ကျွန်တော် အကောင်အထည် ဖော်ချင်ပါတယ်" ဟု စာထဲတွင် ရေးသားထားသည်။

ဂျော်နသန်လီ မြောက်ကိုရီးယားသို့ သွားရောက် လည်ပတ်မည့် အိုင်ဒီယာကြောင့် ဖခင်ဖြစ်သူ ကေယောင်လီမှာ လွန်စွာ ထိတ်လန့်သွားခဲ့ရသည်ဟု ဆိုသည်။ မစ္စတာ ကေယောင်လီသည် တောင်ကိုရီးယား နိုင်ငံတွင် မွေးဖွားကြီးပြင်းခဲ့သူ ဖြစ်ပြီး ယခုအခါ အမေရိကန် ပြည်ထောင်စု မစ္စစ္စပီပြည်နယ်၊ ရစ်ဒ်ခ်ျလန်းမြို့တွင် နေထိုင်လျက် ရှိသည်။

"ကျွန်တော် အရွယ် ရောက်လာတော့ အမြဲတမ်း စဉ်းစားမိတာ တစ်ခု ရှိတယ်။ မြောက်ကိုရီးယား ပြည်သူတွေနဲ့ ဘယ်တော့မှ မပတ်သက်ဘူး၊ စကားလည်း မပြောဘူးလို့ တွေးခဲ့တယ်။ အခု ကျွန်တော့်သားက မြောက်ကိုရီးယား နိုင်ငံထဲကို သွားရောက် လည်ပတ်ချင်တယ် ဆိုတော့ ကျွန်တော် တော်တော့်ကို ရှော့ဖြစ်သွားခဲ့ရပါတယ်" ဟု မစ္စတာ ကေယောင်လီက ပြောပြသည်။

AP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Irish Times, By Reuters, 13rd August 2010

မြန်မာနိုင်ငံက ရွေးကောက်ပွဲများကို နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပပေးမည်ဟု ယနေ့ ကြေညာခဲ့ခြင်းအား ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက သတိကြီးစွာဖြင့် တုန့်ပြန်ခဲ့ပြီး ရွေးကောက်ပွဲအား လွတ်လပ်၍ တရားမျှတရန် ဗိုလ်ချုပ်များအား တိုက်တွန်းခဲ့သည်။

"အထွေထွေ အတွင်းရေးမှူးချုပ်ဟာ မြန်မာနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာချက်ကို အလေးထား ဂရုပြုပါတယ်" ဟု ကုလသမဂ္ဂ ပြောခွင့်ရ ပုဂ္ဂိုလ် Martin Nesirky က သတင်းထောက်များသို့ New York တွင် ပြောကြားခဲ့သည်။

၎င်းက ဆက်လက် ပြောကြားရာတွင် Mr. Ban သည် ၎င်း၏ ကြေညာချက်တွင် စကားလုံးများကို သတိထား သုံးစွဲခဲ့ကြောင်း၊ မြန်မာ အာဏာပိုင်များအား မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် ဖွံ့ဖြိုး တိုးတက်မှုကို ရှေ့ရှုလျက် ၎င်းတို့ လူသိရှင်ကြား ကတိပြုထားသော အားလုံး ပါဝင်သော လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်စေရေးကို တာဝန် ယူကြရန် ထပ်မံ တိုက်တွန်းထားသည်။

မြန်မာ အစိုးရ မီဒီယာများက ရွေးကောက်ပွဲကို နိုဝင်ဘာ ၇ ရက်နေ့တွင် ကျင်းပမည်ဟု ယနေ့ ကြေညာခဲ့သည်။

Mr. Nesirky က ထိန်းသိမ်းခံထားရသော ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အကြောင်းအား ဖော်ပြခဲ့ခြင်း မရှိပေ။ သူမ၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ရွေးကောက်ပွဲ ဥပဒေများသည် တရား မျှတမှု မရှိဟု ဆိုကာ ရွေးကောက်ပွဲကို ဆန့်ကျင်လျက် မှတ်ပုံတင်ရန် ငြင်းဆန်ခဲ့သည်။

သို့သော် ၎င်းက ပြောကြားရာတွင် Mr Ban သည် ကျန်ရှိသော နိုင်ငံရေး အကျဉ်းသားများကို အချိန်မဆိုင်းဘဲ လွှတ်ပေးရန်နှင့် သို့မှသာ တိုင်းပြည်၏ နိုင်ငံရေးတွင် ၎င်းတို့ လွတ်လပ်စွာ ပါဝင်နိုင်လိမ့်မည်ဟု တိုက်တွန်းခဲ့သည်ဟု ဆိုသည်။

ရွေးကောက်ပွဲသည် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးမည်ဟု မျှော်လင့်ရသည့် နိုဝင်ဘာလ ၁၃ ရက် မတိုင်မီ တစ်ပတ်တွင် ကျင်းပခြင်း ဖြစ်သည်။

နိုင်ငံရေး ပါတီ လေးဆယ်ခန့်သည် ရာစုနှစ် တစ်ဝက် နီးပါး အထီးကျန် စစ်တပ် အုပ်ချုပ်သော နိုင်ငံတွင် ပထမဆုံး အကြိမ် ပေါ်ပေါက်လာမည့် အရပ်သား အစိုးရ တစ်ခု ဖန်တီးနိုင်ရေး အတွက် ရွေးကောက်ပွဲတွင် ပါဝင်ရန် မှတ်ပုံတင်ထားကြသည်။

အမေရိကန် ပြည်ထောင်စု၊ ဗြိတိန် နှင့် အခြား အနောက် နိုင်ငံများသည် လူ့အခွင့်အရေး အုပ်စုများနှင့် ပူးပေါင်း၍ မြန်မာ အစိုးရ၏ ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား နိုင်ငံရေး အကျဉ်းသားများအား ရွေးကောက်ပွဲတွင် မပါဝင်နိုင်အောင် ပြုလုပ်ထားမှုအား ဝေဖန်လျက် ရှိသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP, 13th August 2010

မြန်မာနိုင်ငံတွင် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲသည် စစ်တပ်မှ အာဏာ ဆက်လက် တည်မြဲရေးကိုသာ ပြုလုပ်ထားပြီး၊ နိုင်ငံတကာ စင်မြင့်တွင် လက်ခံနိုင်မည့် အချက်များ မရှိကြောင်း လန်ဒန်က ပြောကြားလိုက်သည်။

ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပါဝင်ခွင့် မပြုမချင်း၊ ရွေးကောက်ပွဲသည် တရားဝင်လိမ့်မည် မဟုတ်ကြောင်း ဗြိတိန်က ပြောကြားခဲ့သည်။

"ဒီရွေးကောက်ပွဲဟာ စစ်တပ် အာဏာ ရေရှည် တည်တံ့အောင် ဖိနှိပ်မှု များပြားတဲ့ အခြေအနေမှာ ကျင်းပဖို့ လုပ်ထားတာပါ" ဟု အရှေ့တောင် အာရှ ကိုယ်တွယ်သူ နိုင်ငံခြားရေးရုံး ဝန်ကြီး Jeremy Browne က ပြောကြားခဲ့သည်။

"မြန်မာ ပြည်သူတွေ အနေနဲ့ ပြောင်းလဲမှု အတွက် အမှန်တကယ် မဲပေးနိုင်မယ့် အခွင့်အရေး ရသင့်ပါတယ်။ နှစ် နှစ်ဆယ် အတွင်း မြန်မာ ပြည်သူတွေ ရတဲ့ ပထမဆုံး အခွင့်အရေးမှာ ပိုမို လမ်းဖွင့်ပေးပြီး၊ တည်ငြိမ်ပြီး၊ ပိုမို သာယာဝပြောတဲ့ လူ့အဖွဲ့အစည်း ဖြစ်နိုင်မယ့် အခွင့်အလမ်းတွေ လက်လွှတ် ဆုံးရှုံးနေရပါတယ်" ဟု ၎င်းက ကြေညာချက်တွင် ပြောကြားခဲ့သည်။

"ဒါပေမယ့် မြန်မာ အာဏာပိုင်တွေ အနေနဲ့ နိုင်ငံသားတွေကို သူတို့ တိုင်းပြည်ကို အုပ်ချုပ်သင့်သူကို ဆုံးဖြတ်ခွင့်ပေးဖို့၊ အပြုသဘော ဆောင်တဲ့ ခြေလှမ်းတွေ လှမ်းဖို့ သိပ်နောက်မကျသေးပါဘူး" ဟု ပြောသည်။

"ကျွန်တော့် အနေနဲ့ မြန်မာ စစ်အစိုးရကို လွတ်လပ်ပြီး တရားမျှတတဲ့ စည်းရုံး မဲဆွယ်ခွင့်နဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေ ဖြစ်ဖို့ ခွင့်ပြုရန် တောင်းဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့နဲ့ အတိုက်အခံနဲ့ တိုင်းရင်းသားတွေ အားလုံး ပါဝင်တဲ့ တွေ့ဆုံ ဆွေးနွေးမှု စတင် ပြုလုပ်ဖို့ တောင်းဆိုပါတယ်" ဟု ၎င်းက ပြောသည်။

"အဲဒီလို မလုပ်ဘဲနဲ့တော့၊ ဒီရွေးကောက်ပွဲဟာ တရားဝင်မှုနှင့် နိုင်ငံတကာ လက်ခံနိုင်မှု မရှိနိုင်ပါဘူး" ဟု ထည့်သွင်း ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Straits Times, 13th August 2010

မြန်မာ စစ်အစိုးရက စီစဉ်နေသည့် နိုဝင်ဘာ ၇ ရက်နေ့ ရွေးကောက်ပွဲသည် မပိရိသော လှည့်စားမှု တစ်ခုမျှသာ ဖြစ်ဖွယ်ရှိ၍ အမေရိကန် ပြည်ထောင်စုနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ အသိအမှတ်ပြုခြင်းကို ခံရမည် မဟုတ်ဟု ဝါရင့် အမေရိကန် လွှတ်တော် အမတ် တစ်ဦးက သေကြာနေ့တွင် ပြောကြားလိုက်သည်။

"သမ္မတ ဘားရက် အိုဘားမား အနေဖြင့် မြန်မာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပေါ် အားပေး ထောက်ခံမှုကို ပြန်လည် ကြိုးစား လုပ်ဆောင်သင့်သလို၊ ဒီမိုကရေစီ လုပ်ငန်းစဉ် အပေါ် ယခုကဲ့သို့ မထီမဲ့မြင် ပြတ်ရယ်ပြုနေခြင်းကို အသိအမှတ်ပြုရန် ကမ္ဘာကြီးက အလှည့်စားခံမည် မဟုတ်ကြောင်းကို သေချာအောင် ပြုလုပ်ရမည်" ဟု ထိပ်တန်း ရီပတ်ဘလီကန် အမတ် Mitch McConnell က ပြောဆိုလိုက်သည်။

မြန်မာ အစိုးရက နိုဝင်ဘာ ၇ ရက်ကို ရွေးကောက်ပွဲ ကျင်းပမည့် အရေးကြီးသည့်နေ့ အဖြစ် ကြေညာကာ ၎င်းတို့၏ လှည့်ဖျားမှုကို ဖုံးကွယ်ရန် ပြုလုပ်ခဲ့သော်လည်း ၎င်းနေ့ရက်သည် အစိုးရ၏ ဆက်လက် ဖိနှိပ်မှု၊ ပြည်သူ၏ ပင်ပန်း ဆင်းရဲမှု အထိမ်းအမှတ်သာ ဖြစ်လာလိမ့်မည်ဟု ၎င်းက ကြေညာချက်တွင် ဖော်ပြသည်။

နိုဝင်ဘာ ၇ ရက်တွင် ရွေးကောက်ပွဲများ ကျင်းပမည်ဟု မြန်မာ စစ်ဖက် အုပ်ချုပ်သူများက ကြေညာခဲ့ပြီးနောက် အမေရိကန် အထက်လွှတ်တော် အမတ် McConnell  ၏ မှတ်ချက် ထွက်ပေါ်လာခြင်းသည် အမေရိကန် အရာရှိများက မြန်မာနိုင်ငံကို ယခင်ကအတိုင်း Burma ဟုသာ သုံးစွဲ ခေါ်ဝေါ်ထားသည်။

လွန်ခဲ့သည့် အနှစ် ၂၀ အတွင်း အချိန်များစွာ ပိတ်လှောင်ခံနေရသူ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ စစ်ဖက် အစိုးရက ၎င်းတို့အပေါ် ကြီးမားသော ခြိမ်းခြောက်မှုအဖြစ် ရှုမြင်ထားသည့် အားလျော်စွာ လာမည့် ရွေးကောက်ပွဲ အတုများတွင် မပါဝင်နိုင်အောင် တားမြစ် ပိတ်ပင်ထားသည်။

နိုင်ငံပိုင် မီဒီယာက ကြေညာခဲ့သော ရွေးကောက်ပွဲရက်သည် ဒေါ်အောင်ဆန်းစုကြည်၏ အကျယ်ချုပ် သက်တမ်း ကုန်ဆုံးမည့် နိုဝင်ဘာ ၁၃ ရက် မတိုင်မီ တစ်ပတ်ခန့် စော၍ ကျရောက် နေသည်။ သူမ ခေါင်းဆောင်သော NLD ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရခဲ့သော်လည်း စစ်ဖက် အုပ်ချုပ်သူများက အာဏာလွှဲ မပေးခဲ့ပါ။ လာမည့် ရွေးကောက်ပွဲမှာမူ စည်းကမ်းများ တရားမျှတမှု မရှိသဖြင့် အတိုက်အခံ ပါတီက သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP, 13th August 2010

ငွေကြေးဆိုင်ရာ မသမာမှု အတွက် သံသယ ရှိသော နိုင်ငံများ အပေါ် နိုင်ငံတကာ နှိမ်နင်းမှု အစီအစဉ် တစ်ရပ် အဖြစ် မြန်မာနိုင်ငံသို့ အမေရိကန် ဒေါ်လာ ငွေလွှဲ ပေးပို့သည့် လုပ်ငန်းကို ဆိုင်းငံ့ထားမည်ဟု တောင်ကိုရီးယား ဘဏ်တစ်ခုက သောကြာနေ့တွင် ပြောကြားလိုက်သည်။

အမေရိကန် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုက ထိန်းချုပ်ထားသော Korea Exchange Bank က "၎င်းတို့၏ ဆုံးဖြတ်ချက်သည် အောက်တိုဘာလတွင် စတင် သက်ရောက်လိမ့်မည်" ဟု ပြောကြားသည်။ မြန်မာနိုင်ငံမှ ပေးပို့သည့် ဒေါ်လာ လက်ခံခြင်းကိုလည်း ရပ်ဆိုင်းထားမည် ဖြစ်ပြီး ယူရိုကဲ့သို့ အခြား ငွေကြေးများမှာမူ အကျုံးမဝင်ဟု သိရှိရသည်။

လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ကိစ္စများ၊ မြောက်ကိုရီးယားနှင့် ဆက်ဆံမှုများကြောင့် မြန်မာ အစိုးရ အပေါ် ဖိအားပေးရန် ကြိုးစားသည့် အနေဖြင့် မြန်မာမှ သွင်းကုန်များကို နောက်ထပ် တစ်နှစ် ပိတ်ပင်ရန် အမေရိကန် ကွန်ဂရက် လွှတ်တော်က ဇူလိုင်လတွင် သက်တမ်း တိုးခဲ့သည်။

မြန်မာ စစ်ဖက် အစိုးရက အနှစ် ၂၀ အတွင်း ပမထအကြိမ် ရွေးကောက်ပွဲများကို နိုဝင်ဘာ  ၇ ရက်တွင် ကျင်းပမည်ဟု သောကြာနေ့တွင် ကြေညာသည်။ ၎င်းရွေးကောက်ပွဲသည် မြန်မာနိုင်ငံတွင် အနှစ် ၅၀ စစ်ဖက် အုပ်ချုပ်မှုကို ခိုင်မာစေရန် ရည်ရွယ်ထားသော အတုအယောင် တစ်ခုသာ ဖြစ်သည်ဟု နိုင်ငံရေးသမားများ၊ လူ့အခွင့်အရေး သမားများနှင့် အနောက်နိုင်ငံများက ပြောဆိုထားကြသည်။

၁၉၉၀ ရွေးကောက်ပွဲတွင် ပွဲသိမ်း အနိုင်ရရှိခဲ့သော NLD ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရက ယခုတိုင် နေအိမ်တွင် အကျယ်ချုပ် ထိန်းသိမ်းထားကာ ရွေးကောက်ပွဲ မဝင်နိုင်အောင် နည်းအမျိုးမျိုးဖြင့် တားဆီးထားသည်။

ဝါရှင်တန်ကမူ မြန်မာနိုင်ငံ အပေါ် အရေးယူ ဒဏ်ခတ်မှုများကို ရုတ်သိမ်းရန် အတွက် အပြန်အလှန်အားဖြင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပြုပြင်ပြောင်းလဲမှုများ၌ တိုးတက်မှု ရှိရမည်ဟု ဆိုထားသည်။ အာဆီယံ နိုင်ငံများနှင့် ကုန်သွယ်ရေး ဆက်ဆံမှုများ ရှိနေသော တရုတ်နိုင်ငံသည် မြန်မာ အစိုးရ၏ အဓိက စစ်ရေးနှင့် သံတမန်ရေး မိတ်ဖက် နိုင်ငံတစ်ခု ဖြစ်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.