Transparency Myanmar

transparency.myanmar@gmail.com

အာဆီယံ ဥက္ကဌ ရာထူး ရယူထားသည့် ၂၀၁၁ ခုနှစ်အတွင်း အင်ဒိုနီးရှား နိုင်ငံ အနေဖြင့် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲကြီး နှစ်ခုကို လက်ခံ ကျင်းပသွားမည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီး Marty Natalegawa က ပြောကြားသည်။

၁၈ နှင့် ၁၉ ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲများကို အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာတွင် မေလ ၇ ရက်နေ့ နှင့် ၈ ရက်နေ့တို့၌ ကျင်းပပြုလုပ်မည် ဖြစ်သည်။ အင်ဒိုနီးရှား နိုင်ငံ အနေဖြင့် အာဆီယံ ဥက္ကဌ ရာထူးရယူထားစဉ် အာဆီယံ ကွန်မြူနစ်တီ မြှင့်တင်ရေးတွင် ထူးခြားသော တိုးတက်မှုများ ဖြစ်ထွန်းအောင် လုပ်ဆောင်သွားမည် ဖြစ်သည်ဟု မစ္စတာ Marty Natalegawa က ပြောသည်။

အာဆီယံအဖွဲ့သည် အင်ဒိုနီရှားနိုင်ငံ ဂျကာတာတွင် ရုံးချုပ်ထားရှိပြီး အဖွဲ့ဝင်များမှာ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ လာအို၊ ကမ္ဘောဒီးယား၊ မြန်မာ၊ စင်ကာပူ၊ ဘရူနိုင်း နှင့် ထိုင်းတို့ ဖြစ်ကာ လူဦးရေသန်း ၆၀၀ ခန့်ကို ကိုယ်စားပြုသည်။ "ယခု ၂၀၁၁ ခုနှစ်ထဲမှာ အာဆီယံ လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ သူ့ရဲ့လုပ်ပိုင်ခွင့်တွေရရှိပြီး လူ့အခွင့်အရေး လေးစား လိုက်နာပါမယ် ဆိုတဲ့ အာဆီယံရဲ့ ဆုံးဖြတ်ချက်တွေကို ထိထိရောက်ရောက် ဆောင်ရွက် ပေးသွားနိုင်မယ်လို့ ကျွန်တော်တို့ နိုင်ငံက မျှော်လင့်ထားပါတယ်" ဟု Marty Natalegawa က ပြောသည်။

အာဆီယံအဖွဲ့သည် ဒေသတွင်း ဖြစ်ပေါ်ခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှု ပြဿနာများ၊ အထူးသဖြင့် မြန်မာနိုင်ငံတွင်း ချိုးဖောက်မှုများအပေါ် မသိကျိုးနွံ ပြုခဲ့သောကြောင့် ပြင်းထန်စွာ ပြစ်တင် ဝေဖန်ခံရသည်။ အာဆီယံအဖွဲ့သည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်တွင် လူ့အခွင့်အရေး ကော်မရှင်ကို ဖွဲ့စည်းခဲ့သည်။ အဖွဲ့ဝင်နိုင်ငံများ၏ လူ့အခွင့်အရေး အခြေအနေ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကို အစီရင်ခံတင်ပြရန် လိုအပ်သောကြောင့် ဖြစ်သည်။

မည်သို့ပင် ဆိုစေကာမူ အဆိုပါ ကော်မရှင်သည် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ခဲ့သော မြန်မာနိုင်ငံအပေါ် အပြစ်ပေး အရေးယူရန် သြဇာအာဏာ မရှိကြောင်း လေ့လာ သုံးသပ်သူများက ဆိုသည်။ "ဒေသတွင်း ပြောင်းရွှေ့လုပ်သားတွေ အကာအကွယ် ပေးရေးကို သိသိသာသာ တိုးတက် ကောင်းမွန်လာအောင် အင်ဒိုနီးရှား နိုင်ငံက ကြိုးစား လုပ်ကိုင်သွားမှာပါ" ဟု နိုင်ငံခြားရေး ဝန်ကြီးက ဆိုသည်။

ထို့ပြင် အင်ဒိုနီးရှားသည် အာဆီယံဥက္ကဌ ရာထူး ရထားသည့် ကာလအတွင်း နိုင်ငံတကာ အသိုင်းအဝိုင်း၌ တက်ကြွသော နိုင်ငံတစ်နိုင်ငံအဖြစ် ပိုမို ရပ်တည်သွားမည် ဖြစ်သည်ဟု ၎င်းက ကြေညာပြီး ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေးမစ်ရှင်များ အတွက်လည်း ထည့်ဝင်မှုများ ပိုမို လုပ်ကိုင်သွားမည်ဟု ဆိုသည်။

"ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ် တစ်လျှောက်လုံး အင်ဒိုနီးရှား နိုင်ငံရဲ့ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး မစ်ရှင်တွေအတွက် တပ်ဖွဲ့ဝင် အင်အား ၁၇၈၅ ဦး ဖြည့်ဆည်း ပေးခဲ့ပါတယ်" ဟု ၎င်းက ဆိုသည်။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment