Transparency Myanmar

transparency.myanmar@gmail.com

အိန္ဒိယ အမျိုးသား ထောက်လှမ်းရေး အေဂျင်စီ (NIA) ၏ စုံစမ်း ဖော်ထုတ်ချက် အရ မဏိပူရ ပြည်နယ် အခြေစိုက် အကြမ်းဖက် အုပ်စုဖြစ်သော ညီညွတ်သော အမျိုးသား လွတ်မြောက်ရေး တပ်ဦး (UNLF) နှင့် တရုတ်နိုင်ငံမှ အမျိုးသားများ အကြား စီးပွားရေး လုပ်ဆောင်မှု တစ်ရပ် ရှိနေပြီး UNLF သည် အဆိုပါ ပုဂ္ဂိုလ်များ၏ အကူအညီဖြင့် အိမ်နီးချင်း နိုင်ငံများမှ လက်နက်များ ရရှိနေကြောင်း သိရသည်။

NIA က စုံစမ်း စစ်ဆေးမှု ပြုလုပ်ခဲ့ရာတွင် UNLF အုပ်စုများသည် ဗဟို ထောက်လှမ်းရေး အေးဂျင့်များ မသိရှိအောင် ငွေညှစ်ခြိမ်းခြောက်မှုများ ပြုလုပ်ရာတွင် ဂြိုလ်တု ဆက်သွယ်ရေး ဖုန်းများ အသုံးပြု ခဲ့သည်ကို တွေ့ရှိရသည်။ "NIA က ပြုလုပ်တဲ့ စုံစမ်း ဖော်ထုတ်ချက် အရ UNLF အုပ်စုဟာ တရုတ် နိုင်ငံသား တချို့ရဲ့ အကူအညီနဲ့ လက်နက်တွေ ရရှိအောင် ကြိုးပမ်းခဲ့တယ် ဆိုတာကို တွေ့ရပါတယ်" ဟု ပြောရေးဆိုခွင့် ရှိသူ အစိုးရ အရာရှိ တစ်ဦးက ဆိုသည်။

UNLF အဖွဲ့တွင် မိမိဘာသာ ဥက္ကဌ ရာထူး ရယူထားသူ RK Meghen နှင့် အခြားသော အဖွဲ့ဝင် ၁၈ ဦးအား အထူး တရားရုံးတော်တွင် တရားစွဲဆိုရန် NIA က စီစဉ်ထားသည်ကို အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ NIA က အဆိုပါ ပုဂ္ဂိုလ်များအား နိုင်ငံတော်ကို စစ်မက်ဖြင့် တိုက်ခိုက်ရန် ကြိုးပမ်းမှု၊ ငွေညှစ်ခြိမ်းခြောက်မှု၊ အိမ်နီးချင်း နိုင်ငံများမှ တရားမဝင် လက်နက် ဝယ်ယူမှုတို့ ကျူးလွန်ခဲ့သည်ဟု စွဲချက် တင်ထားသည်။

UNLF သည် မဏိပူရ ပြည်နယ်တွင် အစိုးရအပါအဝင် အခြေားသော ပုဂ္ဂလိက အဖွဲ့အစည်း များထံမှ ငွေညှစ် ခြိမ်းခြောက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ကာ ရန်ပုံငွေ အမြောက်အမြား ရှာဖွေ စုဆောင်းခဲ့သည်ဟု NIA က စွပ်စွဲ ပြောဆိုသည်။

"အိန္ဒိယ အမျိုးသား ထောက်လှမ်းရေး အေဂျင်စီက အဲဒီ ပုဂ္ဂိုလ်တွေကို တရား စွဲဆို ထားပါတယ်။ စွဲချက် အရတော့ သူတို့ဟာ မဏိပူရ ပြည်နယ်ထဲမှာ ငွေညှစ် ခြိမ်းခြောက်မှုတွေလုပ်ပြီး ရန်ပုံငွေတွေ ရှာဖွေ စုဆောင်းခဲ့တယ်။ အဲဒီကနေ တစ်ဆင့် UNLF အဖွဲ့မှာ အသုံးပြုဖို့ လက်နယ်တွေ ဝယ်ယူနိုင်ဖို့ အတွက် အဲဒီ ငွေကြေးတွေကို နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ စတဲ့ အိမ်နီးချင်း နိုင်ငံတွေဆီကို လွှဲပြောင်း ပေးပို့ခဲ့ကြတာ ဖြစ်ပါတယ်" ဟု ပြောရေးဆိုခွင့် ရှိသူက စွပ်စွဲ ပြောဆိုသည်။

ဥက္ကဌဆိုသူ RK Meghen မှာ ယခုအခါ ဖမ်းဆီး အကျဉ်းချ ခံထားရပြီး အခြားသော အဖွဲ့ဝင်များမှာ ဂူဝါဟေတီ ပြည်နယ်တွင် ပုန်းလျှိုး ကွယ်လျှိုး နေထိုင်ပြီး ငွေညှစ် ခြိမ်းခြောက်မှုများ ပြုလုပ်စဉ် အာသံ ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

အာသံပြည်နယ် ရဲတပ်ဖွဲ့ အဆိုအရ ဂူဝါဟေတီ ပြည်နယ် တစ်လျှောက် အဆက်မပြတ် ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ မတူညီသော နေရာသုံးခုတွင် ၎င်းတို့အား ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း၊ လက်ပတော့များ၊ မိုဘိုင်းဖုန်းများ အပါအဝင် ၎င်းတို့ အလုပ်အတွက် အသုံးပြုသည့် ပစ္စည်းများ အားလုံး နှင့်အတူ ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

PTI သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment