Transparency Myanmar

transparency.myanmar@gmail.com

(The Global Post မှ ဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

မြန်မာ စစ်အစိုးရ ဗိုလ်ချုပ်ကြီးများသည် နိုင်ငံတော် အဆင့် ကျင်းပသော အခမ်းအနားများ၊ ပွဲလမ်း သဘင်များတွင် အမျိုးသမီးများ ဝတ်ဆင်သည့် ဒီဇိုင်း အဆင် အဝတ်အထည်များ ဝတ်ဆင် လာကြကြောင်း ပြည်ပြေး မြန်မာများ ထုတ်ဝေသည့် မဂ္ဂဇင်း တစ်စောင်က ရေးသား ဖော်ပြသည်။ ကမ္ဘာပေါ်တွင် အရက်စက်ဆုံးနှင့် ဖိနှိပ်မှု အများဆုံး ပြုလုပ်သော အစိုးရများ အနက် တစ်ခု အပါအဝင်ဖြစ်သော မြန်မာစစ်အစိုးရ ခေါင်းဆောင်ကြီးများသည် ပုံမှန်အားဖြင့် သတင်းစာ ရှင်းလင်းပွဲများ ပြုလုပ်ကာ မေးခွန်းများ ဖြေကြားပေးသည့် ထုံးစံ လုံးဝမရှိပေရာ အဆိုပါ အမျိုးသမီး အဝတ်အစားများ ဝတ်ဆင်သည့် အကြောင်းကိစ္စနှင့် ပတ်သက်၍ အများပြည်သူများ အကြား ထင်ကြေးပေး ပြောဆိုမှု မျိုးစုံ ထွက်ပေါ်နေသည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရေးသားသော ဧရာဝတီ သတင်းတစ်ပုဒ်တွင် မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် အခြားသော ထိပ်ပိုင်း စစ်ခေါင်းဆောင် လေးဦးသည် မြန်မာ အမျိုးသမီးများ မင်္ဂလာဆောင်တွင် ဝတ်ဆင်လေ့ ရှိသည့် ချိတ်ထမီများကို ဝတ်ဆင်ကာ နိုင်ငံတော် အခမ်းအနားသို့ တက်ရောက်ကြောင်း ရေးသား ဖော်ပြထားသည်။ (ချိတ်အဆင်ကို အမျိုးသားဝတ် ပုံစံဖြင့် ဝတ်ဆင်ထားသော်လည်း မြန်မာ လူမျိုးများက မည်သည့် အဆင်သည် အမျိုးသမီးများ အတွက် ဖြစ်သည် ဟူသည်ကို ကောင်းစွာ ခွဲခြား တတ်ကြသည်)

မြန်မာ စစ်အစိုးရက ၎င်း၏ စိတ်ပိုင်းဆိုင်ရာ နူးညံ့ ကြင်နာမှုကို ထုတ်ဖော် ပြသလိုက်ခြင်းလော။ သို့ဆိုလျှင်လည်း မဟုတ်တန်ရာ ဖြစ်မည်။ မြန်မာအရေး စောင့်ကြည့် လေ့လာသူတို့က မြန်မာ စစ်ဗိုလ်ချုပ်ကြီးများသည် စကော့ အမျိုးသားတို့ ဝတ်ဆင်သည့် ဒူးဆစ်လောက် ရှိသော စကတ်ပုံစံ ဝတ်စား ဆင်ယင်မှုမျိုး (အမျိုးသမီး စကတ်မျိုး) ကို နှစ်သက်သောကြောင့် ယင်းသို့ ဝတ်ဆင်ခြင်းလော ဟုလည်း မေးခွန်း ထုတ်ကြသည်။

ဧရာဝတီ သတင်းဌာနက မြန်မာ သတင်းစာ ဆရာတစ်ဦး၏ ပြောကြားချက်ကို ကိုးကား ရေးသားရာတွင် မြန်မာနိုင်ငံကို အမျိုးသမီး တစ်ဦးက တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ဦးဆောင် လိမ့်မည်ဟု ဗေဒင်ဆရာ အတော်များများက ဟောကိန်း ထုတ်ထားကြောင်း ဖော်ပြခဲ့သည်။

အမှန်တွင် အဆိုပါ ဖြစ်ရပ်မှာ လွန်ခဲ့သော နှစ်ပေါင်း ၂၁ နှစ်ကတည်းက ဖြစ်ပျက်ခဲ့ပြီး ဖြစ်သည်။ ထိုစဉ်က ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၁၉၉၀ ရွေးကောက်ပွဲတွင် ပြည်လုံးကျွတ် အတိုင်းအတာဖြင့် အနိုင် ရရှိခဲ့ခြင်း ဖြစ်သည်။ စစ်အစိုးရက အဆိုပါ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် မပြုခဲ့သလို ဒေါ်အောင်ဆန်း စုကြည်ကိုလည်း နေအိမ် အကျယ်ချုပ် ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။ (သို့သော် မကြာသေးခင် နိုဝင်လာလက သူမ လွတ်မြောက်လာပြီ ဖြစ်သည်)

မြန်မာစစ်အစိုးရ ဗေဒင်ယတြာများ အပေါ် မှီခိုလွန်းသည့် ကိစ္စမှာ စိတ်ပျက်စရာ ကောင်းလွန်းလှသည်။ ရံဖန်ရံခါ ရက်စက် ကြမ်းကြုတ်မှုများကလည်း စိတ်ပျက်စရာပင်ဖြစ်၏။ ယခင်က မြန်မာစစ်အာဏာရှင် ဖြစ်ခဲ့သော ဦးနေဝင်းသည်လည်း ဗေဒင်အလိုအရ မြန်မာ ငွေစက္ကူများကို ဖျက်သိမ်းခဲ့သည်။ ငွေစက္ကူ အမြောက်အမြားကို ဘဏ်များတွင် မအပ်နှံဘဲ နေအိမ်တွင် အထုပ်လိုက် သိမ်းဆည်းထားခဲ့သော မိသားစုများမှာ ညတွင်းချင်းပင် ဘဝ ပျက်ခဲ့ကြရသည်။ ယင်းဖြစ်ရပ်သည် လူတိုင်းသိသော ဥပမာ ဖြစ်သည်။

မြန်မာ စစ်အစိုးရက ချမှတ်သော အရေးကြီးသည့် ဆုံးဖြတ်ချက်များထဲမှ အချို့သည် အီးတီနှင့် ရုပ်ဆင်သူ နာမည်ကျော် ဗေဒင်ဆရာမ တစ်ဦးက ဆန်းစစ် ပေးခဲ့ခြင်းဖြစ်သည် ဟူသော ကိစ္စကိုလည်း မြန်မာအချို့က သိရှိထားကြသည်။

ယခု မြန်မာစစ်အစိုးရ ခေါင်းဆောင်များ အမျိုးသမီး လုံချည်များ ဝတ်ဆင်သည့် ကိစ္စမှာ ပထမဆုံး အကြိမ်တော့ မဟုတ်ပေ။ ဧရာဝတီ သတင်းဌာန ရေးသားချက်အရ လာအို ဝန်ကြီးချုပ်နှင့် မကြာသေးခင်က တွေ့ဆုံရာ၌ ကက်ဘိနက် အဖွဲ့ဝင်အားလုံး အမျိုးသမီးဆင် လုံချည်များ ဝတ်ဆင် ထားသည် ဟူ၏။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment