Transparency Myanmar

transparency.myanmar@gmail.com

(The Ottawa citizen မှ 22 February 2011 ရက်စွဲပါ Andrew Cohen ၏ "Sanctions aren't working in Burma" ဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

          ယနေ့ ကနေဒါ Carleton University တွင် မြန်မာနိုင်ငံမှ ရဲရင့်သော အမျိုးသမီး ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ အပ်နှင်းမည် ဖြစ်သည်။ ယခု ဂုဏ်ထူး ဆောင်ဘွဲ့သည် အမြဲတမ်းပင် ကိုယ်တိုင်ဆု လက်ခံရန် မဖြစ်နိုင်သည့် ရဲရင့်သော နိုဘယ် ဆုရှင်အား ထပ်မံ၍ ချီးကျူး ဂုဏ်ပြုခြင်းပင် ဖြစ်သည်။

          ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သော နိုဝင်ဘာလက နေအိမ် အကျယ်ချုပ်မှ လွတ်မြောက် လာခဲ့ပြီး နောက်ပိုင်း တပ်မတော် အစိုးရ စိတ်အနှောင့်အယှက် မဖြစ်အောင် ဂရုတစိုက် သတိထားလျက် ရှိသည်။ သူမ၏ အင်းလျား ကန်စောင်း နေအိမ်တွင် ပြီးခဲ့သော ဆောင်းဦး အထိ ၁၆ နှစ်တာမျှ ထိန်းသိမ်း ခံခဲ့ရသော ရန်ကုန် မြို့တော်ကို ကျော်လွန်၍ မြန်မာနိုင်ငံ အတွင်း ခရီးထွက်ရန် ငြင်းဆိုခဲ့သလို လူထုအား မိန့်ခွန်း ပြောကြားမှုလည်း အနည်း ငယ်သာ ရှိခဲ့သည်။ 

          သူမ၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ကနေဒါ အပါအဝင် အနောက် နိုင်ငံများက မြန်မာ အစိုးရ အပေါ် ချမှတ်ထားသော Sanctions များကို ထောက်ခံကြောင်း ယခုလ အစောပိုင်းတွင် ထပ်မံ အတည်ပြုခဲ့ပြီး အဆိုပါ Sanctions များသည် တပ်မတော် အစိုးရကိုသာ ထိခိုက်စေပြီး ပြည်သူ လူထုကို မထိခိုက်ကြောင်း အခိုင်အမာ ပြောဆိုခဲ့သည်။ "တရား မျှတမှုနဲ့ လူ့အခွင့် အရေး အခြေခံ စံနှုန်းတွေနဲ့ ဆန့်ကျင်ဘက် သက်ရောက်မှု ရှိတဲ့ ဒီလို ပစ်မှတ်ထား Sanctions တွေဟာ အာဏာရှင် အစိုးရတွေ စည်းလွတ်အောင် ပြစ်မှု မကျူးလွန် နိုင်အောင် သတိ ပေးမှု အဖြစ်နဲ့ အသုံးဝင်ပါတယ်၊ လတ်တလော မှာတော့ Sanctions တွေ ဖယ်ရှားပေးဖို့ တောင်းဆိုမှုတွေ ရှိနေ ပါတယ်" ဟု NLD ပါတီက ပြောကြားသည်။

          NLD ပါတီ၏ ကြေညာချက်က Sanctions များကို အချောကိုင် ပြုပြင်ရန် လိုအပ်ကြောင်း အကြံ ပြုထား သော်လည်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးခဲ့သည့် အစိုးရက သူမအား ဂရုစိုက်လာအောင် ပြုလုပ်သည့် သဘော ဟုတ်ပုံ မရပါ။ အနည်းဆုံးယခုအချိန်တွင် အနောက် နိုင်ငံများအား သူတို့၏ ကာလ ရှည်ကြာ မူဝါဒများကို ပြန်လည် စဉ်းစား သုံးသပ်ဖို့ တောင်းဆိုရန် ဒေါ်အောင်ဆန်း စုကြည်က ပြင်ဆင်နေသည် ဟူသော ခန့်မှန်းချက်ကို ကျန်အောင် ပြုလုပ်ခြင်း ဖြစ်ပုံ ရသည်။

ထိုတစ်ချက်မှာ အမှန် တကယ်ကို ဆိုးလွန်းသည်။ အကြောင်းရင်းမှာ Sanctions များ အလုပ် မဖြစ် ကြောင်းကို အထောက် အထားများက ပြသနေခြင်း ကြောင့်ပင် ဖြစ်သည်။ လောဘ ကြီးခြင်း၊ ညံ့ဖျင်းခြင်း၊ ရက်စက် ကြမ်းကြုပ်ခြင်း အရာများတွင် မေးခွန်း ထုတ်စရာပင် မလိုသည့် တပ်မတော် အစိုးရကို Sanctions များ က ထိခိုက်စေသည် ဆိုပါက ဘယ်နေရာမှာလဲ၊ ဘယ်လို ပုံစံနဲ့လည်း ဟုသာ မေးရပါတော့မည်။

          ၁၉၈၈ ခုနှစ် နောက်ပိုင်း ကနေဒါ၊ အမေရိကန် ပြည်ထောင်စု၊ သြစတြေးလျနှင့် ဥရောပ သမဂ္ဂ နိုင်ငံများက ပုံစံ အမျိုးမျိုးဖြင့် ချမှတ်ထားသော ကုန်သွယ်ရေးနှင့် ခရီး သွားလာခွင့် ပိတ်ပင် တားဆီးမှုများကို မြန်မာ နိုင်ငံ တပ်မတော် ခေါင်းဆောင်များနှင့် စီးပွားရေး ရောင်းရင်းများက ကွေ့ပတ် ရှောင်ကွင်းနိုင်မည့် နည်းလမ်းများ တွေ့ရှိထားကြောင်း Globe and Mail သတင်းစာမှ Mark Mackinnon ၏ လတ်တလော သတင်းဆောင်းပါး တွင် ဆွေးနွေးထားသည်။

          သံဃာတော်များ ဦးဆောင်သည့် ဆန့်ကျင် ဆန္ဒပြမှုကို တပ်မတော် အစိုးရက ကြိတ်ချေ ပစ်ခဲ့သည်။ ၂၀၀၇ ခုနှစ် အဓိကရုဏ်း အပြီးတွင် တင်းကြပ်ထားခဲ့ပြီး ဖြစ်သော Sanctions များကို ပြီးခဲ့သော နှစ်တွင် ကနေဒါက ထပ်မံ ဝက်အူ တင်းခဲ့သည်။ ကနေဒါက ချမှတ်သော Sanctions များသည် ကမ္ဘာတွင် အပြင်းထန်ဆုံး ဟုပင် ဆိုကြသည်။  မြန်မာနိုင်ငံတွင် လျို့ဝှက် သတင်း နှိုက်ယူရန် ၂ ပတ်ကြာ နေထိုင်ခဲ့သော Mackinnon က "ထိုနိုင်ငံတွင် ခေတ်ပျက်သူဌေး ဖြစ်လာသော အထက်လွှာ ရေပေါ်ဆီများက အနောက် Sanctions များကို အားသာချက် အဖြစ် ပြောင်းလဲ ပစ်လိုက်ကြသည်" ဟု ရှုမြင်သည်။ ပိတ်ဆို့ခံ အနေအထားတွင် စစ်တပ်နှင့် ပူးပေါင်း၍ လုပ်ကိုင် နေသော ခေတ်ပေါ် သူဌေးများ အပေါ် Mackinnon ၏ ရှုမြင်မှုက Sanctions များသည် ၂၃ နှစ်ကြာခဲ့သည့် တိုင်အောင် အလုပ်မဖြစ် ဟူသော တခဲနက် ထွက်ပေါ်လာသည့် အယူအဆကို ရောင်ပြန် ဟပ်ပြနေသည်။

          အဆိုးဆုံးမှာမူ အာရှ၏ အဆင်းရဲဆုံး နိုင်ငံတစ်ခုသို့ ပေးသော အနောက်နိုင်ငံ ကူညီ ထောက်ပံ့မှုများကို ကန့်သတ်ထားခြင်းကြောင့် သနားစရာ အကောင်းဆုံး မြန်မာပြည်သူများကို ထိခိုက် နစ်နာစေခဲ့ခြင်းပင် ဖြစ်သည်။ ဤသုံးသပ်ချက်သည် နိုင်ငံတကာ ကယ်ဆယ် ထောက်ပံ့ရေး အသိုင်းအဝိုင်းမှ ဝေဖန် ဆန်းစစ်သူများက Sanctions များအပေါ် ရှုမြင်သည့် မှတ်ချက်ပင် ဖြစ်သည်။

          ယခုကဲ့သို့ Sanctions များအပေါ် ယေဘုယျ ဝေဖန်မှုသည် အသစ် အဆန်းတော့ မဟုတ်ပါ။ ၁၉၈၀ ခုနှစ်များတွင် တောင်အာဖရိကနိုင်ငံအပေါ် Sanctions များ ချမှတ်ခဲ့စဉ် ကလည်း အလားတူ ဝေဖန်မှုများ ရှိခဲ့ပြီး ဖြစ်သည်။ ထိုစဉ်က သမိုင်း၏ "မှားတဲ့ ဘက်မှာ" ရပ်ခဲ့သော မားဂရက် သက်ချာ၏ အတိုက်အခံ ကန့်ကွက်မှု ကြားမှပင် လူမျိုးရေး ခွဲခြားမှုကို ဖယ်ရှားရာ၌ ဆုံးဖြတ်မှု မှန်ကန်ခဲ့သည်။

ယခု ပြဿနာမှာ မြန်မာ နိုင်ငံသည် တောင်အာဖရိက မဟုတ်ခြင်းပင် ဖြစ်သည်။ မြန်မာ၏ အိမ်နီးချင်း ထိုင်း၊ အိန္ဒိယနှင့် တရုတ်တို့သည် Sanctions များကို လစ်လျူရှု ထားကြသည်။ သူတို့က သစ်မာများ၊ သဘာဝ ဓာတ်ငွေ့များ၊ သတ္တုများ၊ ကျောက်မျက် ရတနာများကို အပေါ်စီးမှ ဝယ်ခွင့် ရ၍ ပျော်နေကြသလို ရှိသမျှ ထုတ်ရောင်းကာ ပျော်နေသည့် တပ်မတော် အစိုးရကလည်း နေရင်း ထိုင်ရင်း ကြွယ်ဝလာကာ တရားမဝင် စစ်အုပ်ချုပ်ရေးကို သက်ဆိုး ရှည်စေခဲ့သည်။

          အထက်တွင် ဆိုခဲ့သည့် အကြောင်း အရာများတွင် မြန်မာအစိုးရ ခေါင်းများသည် ကရုဏာ ကင်းမဲ့သော လူမိုက်များ မဟုတ်ဟု ရှေ့နေ လိုက်သော အချက် တစ်ခုမှ မပါဝင်ပါ။ အမှန်စင်စစ် သူတို့သည် ၁၉၈၈ ခုနှစ်က ဒီမိုကရေစီ ထောက်ခံ ဆန္ဒပြသူများကို သတ်ဖြတ်ရန် ဆေးရုံများထဲသို့ စစ်သားများ စေလွှတ်ခဲ့သူ များသာ ဖြစ်သည်။ ၁၉၈၉ တွင် တိန်အန်မင် ရင်ပြင်မှ ဆန္ဒပြသူများကို ကြိတ်ချေရန် နည်းလမ်းများကို တရုတ် ခေါင်းဆောင်များအား ရှေ့ဆောင် လမ်းပြ လုပ်ခဲ့သူများ ဖြစ်သည်။

          ယခု ဆောင်းပါးတွင် မြန်မာ နိုင်ငံ၏ နောက်ဆုံး ရွေးကောက်ပွဲများသည် အတု မဟုတ်၊ မြန်မာ အစိုးရသည် ကမ္ဘာတွင် အဂတိ လိုက်စားမှု အများဆုံး အစိုးရများထဲတွင် မပါဟု တင်ပြခြင်း မရှိပါ။ သူတို့သည် အမှန်တကယ် လှည့်ဖြား ခဲ့သလို အမှန်တကယ် အဂတိ လိုက်စားသူ များသာ ဖြစ်သည်။

          သို့သော်လည်း သင့်အနေဖြင့် မအောင်မြင်သော မူဝါဒကို ဆုပ်ကိုင်ကာ ဘာဆက်လုပ် မည်နည်း၊ အများ လက်ခံထားသော လက်တွေ့ အရှိတရားမှ မည်သို့ ထုတ်နှုတ် ဆင်ခြင် ပြောင်းလဲ မည်နည်းဟု မေးခွန်း ထုတ်ရန်သာ ရှိသည်။

          ဖြစ်သင့်သည်မှာ အခြား နည်းလမ်းများကို ရှာဖွေ လေ့လာရန်ပင် ဖြစ်သည်။ ရာစုနှစ် တစ်စိတ် (၂၅နှစ်) ခန့် ဒဏ်ခတ် အရေးယူ ပစ်ပယ် အပြီးတွင် မြန်မာနိုင်ငံသည် အနောက် နိုင်ငံများ၏ ထိန်းချုပ်မှုမှ လွတ်ထွက် ကျော်လွန် သွားခဲ့ပါပြီ။ လစ်ဘရယ် ဒီမိုကရေစီကို အရေး မထားသော တရုတ် အစိုးရထံမှ အရိတ်အမြွတ် စကားများကို ယခု အချိန်တွင် မြန်မာ အစိုးရက အများဆုံး နာခံနေပါပြီ။ အစစ်အမှန် ဒီမိုကရေစီ နိုင်ငံ အိန္ဒိယကလည်း မြန်မာ နိုင်ငံတွင် လစ်ဘရယ် ဒီမိုကရေစီ ထွန်းကားရေးထက် သူ၏ ဒေသတွင်း မဟာ ဗျူဟာမြောက်၊ စီးပွားရေး ဆိုင်ရာ အကျိုးစီးပွားများ အပေါ် တွင်သာ စိုးရိမ်ပူပန် အာရုံ များလျက် ရှိသည်။

          အချို့ အကဲခတ် လေ့လာသူများက မြန်မာနိုင်ငံတွင် အထူးသဖြင့် တပ်မတော်ထဲတွင် မျိုးဆက် မပြောင်းလဲမှု ဖြစ်ပေါ်နေသည်ဟု ရှုမြင်ကာ မြန်မာ လူငယ်ပိုင်းများနှင့် ညှိနှိုင်း လုပ်ဆောင်သင့်သည်ဟု စောဒကတက် အငြင်းပွားနေသည်။ ထို့အပြင် အရပ်ဖက် အုပ်ချုပ်ရေး စနစ်သို့ ဟန်ပြ အသွင် ပြောင်းထားသော မြန်မာ နိုင်ငံသည် တစ်ချိန်က အာဏာရှင် စနစ်အောက်မှ မလွတ်မြောက်နိုင်ဟု ထင်ခဲ့ကြသည့် အင်ဒိုနီးရှားကဲ့သို့ နိုင်ငံများထက် ဒီမိုကရေစီ အသွင်ပြောင်း အတားအဆီးများ ပိုမို လျော့ပါးဖွယ် ရှိနေသည်ဟု ၎င်းတို့က တင်ပြ ထားသည်။

          တောင်အာဖရိက ကိစ္စတွင် Sanctions များ အလုပ် ဖြစ်ခဲ့စဉ်က အီရတ်မှ ဆက်ဒမ် ဟူစိန်ကို ထိန်းချုပ် ရာတွင်မူ မအောင်မြင်ခဲ့ပါ။ ပို၍ ထင်ရှားသော အချက်မှာ Sanctions များသည် ကျူးဘားတွင် နှစ် ၅၀ ကြာခဲ့သည့် တိုင်အောင် ဖီဒယ်ကတ်စထရိုနှင့် သူ၏ ဆက်ခံသူများကို မဖယ်ရှား နိုင်ခြင်းပင် ဖြစ်သည်။

          ယခု အချိန်သည် မြန်မာနိုင်ငံမှ နာတာရှည် ရက်စက် ကြမ်းကြုတ်မှု ရောဂါကို ဖြေရှင်းရန် နည်းလမ်းသစ်များ ရှာဖွေရမည့် အချိန်ပင် ဖြစ်သည်။ ဗိုလ်ချုပ်ကြီးများ၏ လတ်တလော အောင်ပွဲခံ မြူးတူးမှုကို မြင်ရဖွယ် ရှိရာ လတ်တလောတွင် နာသာခံခက် ဖြစ်ရပါလိမ့်မည်။ ဤမျှ မကသေးပါ။ ကုန်သွယ်ရေး၊ ကဏ္ဍ၊ ခရီးသွား လုပ်ငန်း ကဏ္ဍ၊ နိုင်ငံရေး တွေ့ဆုံ ညှိနှိုင်းမှု ကဏ္ဍများလည်း ရှိလာပါ လိမ့်ဦးမည်။ ယခုအချိန်တွင် ၎င်းတို့ သယ်ဆောင်လာမည့် အပြောင်းအလဲ မျိုးစေ့များက သာလျှင် အာဏာ ပလ္လင်တွင် သံမှိုစွဲ ထားလိုသူများအား ဖယ်ရှားပစ်မည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်ကြောင်း သုံးသပ် တင်ပြ လိုက်ရပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment