Transparency Myanmar

transparency.myanmar@gmail.com

(Sumon K. Chakrabarti/ Male ရေးသားသော Maldivian Autocrat's Family's Illegal 'Oil Trade' Allegedly Worth $800 Million ကို ဘာသာ ပြန်ဆိုသည်)

၂၀၁၁ ခုနှစ်သည် လက်ရှိ အာဏာရှင်များ အတွက်ရော၊ အာဏာရှင် အဟောင်းများ အတွက်ပါ ကောင်းသော လက္ခဏာ မရှိပေ။ ဇန်နဝါရီလက Jasmine တော်လှန်ရေးသည် တူနီးရှား အာဏာရှင် Zine el Abidine Ben Ali နှင့် အီဂျစ်မှ ဟော့စနီ မူဘာရက်တို့ကို ဖယ်ရှား နိုင်ခဲ့သည်။ ဆန္ဒပြမှုများသည် အယ်လ်ဂျီးရီးယား၊ ယီမင်၊ ဂျော်ဒန်နှင့် ဆီးရီးယား တို့တွင် ပိုမို အသံ ကျယ်လောင် လာခဲ့သည်။ သို့သော် ၂ နှစ်ခွဲခန့် အာဏာ လက်မဲ့နေသော အာဏာရှင်ဟောင်း တစ်ဦးသည် အာဏာ ပြန်ရရန် တိတ်တဆိတ် ကြိုးပမ်း နေသည်။

အာရှ တိုက်၏ အရှည်ကြာဆုံး အာဏာရှင် ဖြစ်ခဲ့သော Mauoon Abdul Gayoom သည် အာဏာ ပြန်လိုချင်နေသည့် သဘော ရှိနေသည်။ ယင်းသည် မူဘာရက်၏ မိတ်ဆွေဟု ပြောလေ့ ရှိပြီး ကိုင်ရိုတွင် ပညာ သင်ခဲ့သူ Gayoom သည် မော်လ်ဒိုက် နိုင်ငံကို အနှစ် သုံးဆယ် အုပ်ချုပ် ခဲ့သည်။ မော်လ်ဒိုက် သမ္မတ Mohamed Nasheed ကမူ "ကောင်းတဲ့ ကိစ္စ တစ်ခုတော့ မဟုတ်ပါဘူး" ဟု ဆိုးဆိုး ရွားရွား ဖြစ်လာ နိုင်သည်ကို ပျက်ရယ်ပြု လိုက်သည်။ Nasheed သည် ၂၀၀၈ ခုနှစ်က ပြုလုပ်သော ပထမဆုံး အကြိမ် ဒီမိုကရေစီ ရွေးကောက်ပွဲတွင် Gayoom အား အနိုင် ရရှိ ခဲ့ခြင်း ဖြစ်သည်။ အဘယ်ကြောင့် Gayoom က ပြန်လာလို သနည်း။ Nasheed ကလည်း မည်သို့ နှပ်ကြောင်း ပေးခဲ့သနည်း။

အဖြေက စင်ကာပူ ပေါ်တွင် တည်နေသည်။ ၂၀၁၀ ခုနှစ် မတ်လက မော်လ်ဒိုက်သည် Grant Thornton ကို Gayoom၊ ၎င်း၏ မိသားစုနှင့် ၎င်းနှင့် ပတ်သက် သူများ၏ လျှို့ဝှက် ပိုင်ဆိုင် မှုများကို စုံစမ်း ဖော်ထုတ်ရန် တာဝန် ပေးခဲ့သည်။ Grant Thornton မှာ တစ်ကမ္ဘာလုံးရှိ လွတ်လပ်သော ငွေကြေးဆိုင်ရာ အကြံပေး အဖွဲ့ (၂၆၀၀) ကွန်ရက် ချိတ်ထားသော အဖွဲ့ ဖြစ်သည်။ ၂၀၀၈ ခုနှစ်က မော်လ်ဒိုက် စာရင်းစစ်ချုပ်က Gayoom အား ကိုယ်ကျိုးစီးပွား အတွက် အစိုးရ ရန်ပုံငွေများနှင့် အစိုးရ အဖွဲ့ အစည်းများကို အသုံး ပြုခဲ့သည်ဟု အပြစ် တင်ခဲ့သည်။ ၂၀၁၀ နှစ်လယ်က စင်ကာပူ ရဲတပ်ဖွဲ့သည် Gayoom မိသားစု၏ ငွေကြေး ခဝါချမှု လုပ်ငန်းစဉ်အား တရားဝင် ရာဇဝတ်မှု စုံစမ်း စစ်ဆေးမှုများ စတင် ပြုလုပ် ခဲ့သည်။ ၎င်းမိသားစု၏ ငွေကြေး ခဝါချမှု လုပ်ငန်းသည် ဒေသတွင်း တစ်နေရာ၌ ဒေါ်လာသန်း (၈ဝဝ) ခန့် ရှိမည်ဟု ခန့်မှန်း ကြသည်။

The Week က Grant Thornton မှ Nasheed ၏ ရုံးသို့ တင်ပြသော စုံစမ်း စစ်ဆေးရေး အစီရင်ခံစာ ကော်ပီကို ဖော်ထုတ် ခဲ့သည်။ အဆိုပါ အစီရင် ခံစာတွင် အာဏာရှင်ဟောင်း၏ ဖအေတူ မအေကွဲ (သို့) မအေတူ ဖအေကွဲ ညီအစ်ကို Abdullah Yameen Abdul Gayoom အား ငွေကြေး ခဝါချမှု လုပ်ငန်းစဉ်၏ အဓိက ပုဂ္ဂိုလ် အဖြစ် ဖော်ပြ ထားသည်။ ထို့အပြင် အဆိုပါ လုပ်ငန်းစဉ်၏ အဓိက ပါဝင် ပတ်သက်သူ အဖြစ် မြန်မာ စစ်အစိုးရ ကိုလည်း ဖော်ထုတ် ထားသည်။

Gayoom မိသားစုများသည် မြန်မာ နိုင်ငံ စွမ်းအင် ဝန်ကြီး ဗိုလ်ချုပ် လွန်းသီနှင့် စစ်အစိုးရ ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့နှင့် ဆက်သွယ်မှုများ ရှိနေသည်။ မောင်အေးနှင့် Gayoom မိသားစုကို ဆက်သွယ်ပေးသူမှာ ကမ္ဘောဇဘဏ် နှင့် ကမ္ဘောဇ ဘောလုံး အသင်း ပိုင်ရှင် မြန်မာ စီးပွားရေး လုပ်ငန်းရှင် ဦးအောင်ကိုဝင်း ဖြစ်သည်။

Gayoom မိသားစုသည် စက်မှု  (၁) ဝန်ကြီး ဦးအောင်သောင်း ထံမှလည်း အကူအညီများ ရထားသည်။ ဦးအောင်သောင်း၏ သားဖြစ်သူ ဗိုလ်မှူးပြည်အောင်သည် ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး၏ သမီး နန္ဒာအေးနှင့် လက်ထပ် ထားသူ ဖြစ်သည်။ နောက်ထပ် မြန်မာ စီးပွားရေး လုပ်ငန်းရှင် စုံတွဲ ဖြစ်သူ ဦးထွန်းမြင့်နိုင် (ခေါ်) Steven Law နှင့် ဇနီး ဖြစ်သူ Cecilia Ng တို့သည်လည်း Gayoom များ နှင့် အဆက်အဆံများ ရှိသည်။ Steven Law သည် ဘိန်းဘုရင် လော်စစ်ဟန်၏သား ဖြစ်သည်။ လော်စစ်ဟန် မိသားစုသည် Asia World ကုမ္ပဏီ တည်ထောင်ထားပြီး၊ အခြား လုပ်ငန်းများ အပြင် ရန်ကုန် ဆိပ်ကမ်းကိုလည်း လုပ်ကိုင်လျက် ရှိသည်။

အမေရိကန် ဘဏ္ဍာရေး ဌာန၏ နိုင်ငံခြား ပိုင်ဆိုင်မှု ထိန်းချုပ်ရေး အဖွဲ့သည် Steven Law အား လော်စစ်ဟန်၏ မူးယစ်ဆေးဝါး အင်ပါယာ အစိတ်အပိုင်း အဖြစ် စွပ်စွဲ၍ ၎င်း၏ ကုမ္ပဏီများအား အမည်မည်း စာရင်း သွင်းခဲ့သည်။ Cecilia မှာလည်း မြန်မာ အစိုးရ၏ ငွေများအား စင်္ကာပူတွင် လုပ်ငန်းများ လုပ်ပြီး ခဝါချမှု အတွက် စွပ်စွဲချက်များကြောင့် စောင့်ကြည့် ခံနေရသည်။

Gayoom မိသားစုများ၊ စစ်အစိုးရနှင့် အမည်မသိ စီးပွားရေးသမားများ အတူတကွ ဘာတွေ လုပ်ကြသနည်း။ မော်လ်ဒိုက်သည် OPEC နိုင်ငံများက ၁၀၀% စွန်နီ မူဆလင် လူဦးရေအား ထောက်ပံ့သော ရေနံများအား လက်ခံသည်။ Gayoom များက မော်လ်ဒိုက် အတွက်ဟု ဆိုကာ အဆိုပါ ရေနံများအား ဝယ်ယူ၍ မြန်မာနိုင်ငံနှင့် နိုင်ငံတကာ မှောင်ခို ဈေးကွက်တွင် ပြန်လည် ရောင်းချသည်။ မြန်မာ နိုင်ငံကလည်း Sanction များ ရှိသည့် အတွက် အဆိုပါ မော်လ်ဒိုက် ဆီများနှင့် မြန်မာနိုင်ငံမှ ဆီများကို အာရှနိုင်ငံ အချို့နှင့် စူပါ ပါဝါဟု အထင် ရောက်နေသော နိုင်ငံသို့ လျှို့ဝှက်စွာ ရောင်းချသည်။

Grant Thornton အစီရင်ခံစာကို သိရှိသူ ကက်ဘိနက် ဝန်ကြီး လေးဦး အနက် တစ်ဦးက The Week သို့ ပြောကြားရာတွင် "တဖြည်းဖြည်း ထင်ရှားလာတဲ့ အချက်က ရေနံတင် သင်္ဘောတွေ စင်္ကာပူ ကနေ မော်လ်ဒိုက်ကို မှန်မှန် ထွက်နေတာပဲ။ ဒါပေမယ့် ဒီကို ဘယ်တော့မှ ရောက်မလာဘူး" ဟု ပြောသည်။ "ကျွန်တော်တို့ နိုင်ငံက သေးသေးလေးပါ။ ဆီလိုအပ်ချက် ကလည်း နည်းပါတယ်။ မော်လ်ဒိုက် နိုင်ငံပိုင် ကုန်သွယ်ရေး အဖွဲ့ (STO) က ဆီတွေကို OPEC နိုင်ငံတွေဆီက ဝယ်ပြီး၊ မှောင်ခိုဈေးကွက် ဒါမှမဟုတ် မြန်မာ နိုင်ငံကို ပြန်ရောင်းပါတယ်" ဟု ၎င်းက ပြောသည်။

STO ကို ၁၉၆၄ ခုနှစ်တွင် မရှိမဖြစ် လိုအပ်သော ကုန်ပစ္စည်း ဈေးနှုန်းများ တည်ငြိမ်အောင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ STO တွင် မော်လ်ဒိုက် အစိုးရက ၉၂.၂၉% ပါဝင်ပြီး၊ ကျန်ရာခိုင်နှုန်းကို ပြည်သူက ပိုင်သည်။ ၎င်း၏ လက်အောက်ခံ ကုမ္ပဏီအဖြစ် STO Maldives (Singapore) Pvt Ltd ကို ကုန်သွယ်မှု ပိုမို ချောမွေ့ရေး အတွက် ၁၉၉၇ ခုနှစ်တွင် တည်ထောင်ခဲ့သည်။

STO စင်္ကာပူသည် အစပထမက မော်လ်ဒိုက် နိုင်ငံအတွက် ရေနံထွက် ပစ္စည်းများ ဝယ်ယူရန်သာ အခွင့် ပေးထားခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ၎င်းအား ရေနံ ရောင်းဝယ်ရေးပါ ပြုလုပ်ရန် ခွင့်ပြုလာသည်။ ဝယ်ယူထားသော ရေနံ အများစုအား STO နှင့် မြန်မာနိုင်ငံသို့ ရောင်းချခဲ့ရာ၊ မလေးရှားမှ ဝင်ငွေ အများကြီး ရရှိသော ၂၀၀၂ မှလွဲ၍ ကျန်နှစ်များတွင် ရောင်းချခဲ့သည်။

STO စင်္ကာပူသည် လောင်စာဆီများကို Shall Eastern Petroleum Pvt Ltd ၊ Singapore Petroleum Company Ltd နှင့် Petronar တို့မှ ဝယ်ယူပြီး၊ STO နှင့် တတိယ နိုင်ငံများသို့ ပြန်လည် ရောင်းချသည်။ Gayoom မိသားစုသည် STO စင်္ကာပူအား ဆီများ တဆင့် ပြန်လည် ရောင်းချရေးနှင့် ငွေကြေး ခဝါချရေး အတွက် အသုံးပြုသည်ဟု စွပ်စွဲချက်များ ရှိလာသည်။

စင်္ကာပူ ရဲတပ်ဖွဲ့မှ သတင်း အရင်းအမြစ် တစ်ခုကက ပြောကြားရာတွင် ၎င်းတို့၏ စုံစမ်း စစ်ဆေးမှုများ အရ အတည် ပြုနိုင်သော အချက် တစ်ခုမှာ ဆီတင်သော စင်းလုံးငှား သင်္ဘောများသည် မော်လ်ဒိုက် အတွက်ဟု ဖော်ပြသော်လည်း မှောင်ခို ဈေးကွက်တွင် ရောင်းချခဲ့ရာ နှစ်ပေါင်းများစွာ ကြာနေပြီး၊ အမြတ် အစွန်း ကြီးမားစွာ ရရှိနေသည် ဆိုသော အချက် ဖြစ်သည်ဟု ဆိုသည်။ Nasheed သို့ တင်ပြသော အစီရင်ခံစာတွင် Grant Thornton က ပြောကြားရာတွင် ၎င်းတို့သည် ၂၀၀၂ မှ ၂၀၀၈ ထိ ငွေကြေး ဆိုင်ရာ အချက် အလက်များသာ တင်ပြနိုင်ကြောင်း ပြောသည်။

Gayoom သမ္မတ ဖြစ်ခဲ့စဉ်က ၎င်း၏ ညီအစ်ကို တော်သူ Yameen သည် ခရီးသွားလာရေးနှင့် မြို့ပြ လေကြောင်း ဝန်ကြီး ဖြစ်ခဲ့ပြီး၊ ၁၉၉၀ ခုနှစ်က STO ဥက္ကဌနှင့် ကုန်သွယ်ရေး ဝန်ကြီး ဖြစ်ခဲ့သည်။ ၎င်းသည် ၂၀၀၅ ခုနှစ်တွင် STO ဥက္ကဌ အဖြစ်မှ နုတ်ထွက်ခဲ့သော်လည်း၊ STO စင်္ကာပူ စာရင်းမှ ထုတ်ယူငွေ များသည် ၂၀၀၇ နှင့် ၂၀၀၈ များတွင် Yameen ထံသို့ ပေးထားသည်ကို တွေ့ရသည်။ STO စင်္ကာပူ၏ မန်နေဂျင်း ဒါရိုက်တာဟောင်း Ahmed Muneez နှင့် STO ၏ မန်နေဂျင်း ဒါရိုက်တာဟောင်း Hussain Maniku တို့သည် Yameen အား တရားမဝင် လုပ်ငန်းများ အတွက် အကူအညီများ ပေးခဲ့သည်မှာ အသေ အချာဟု ယူဆရသည်။ Maniku သည် STO ၏ MD အဖြစ် ၁၉၉၃ မှ ၂၀၀၈ ထိ တာဝန် ယူခဲ့ပြီး၊ လက်ရှိ အားဖြင့် ဝါရှင်တန် ဒီစီတွင် မော်လ်ဒိုက် ကိုယ်စား တာဝန်ယူ လုပ်ကိုင် ပေးနေသူ ဖြစ်သည်။

Grant Thornton အစီရင်ခံစာတွင် "ထွက်ငွေ စာရင်း ပြုစုထားရာမှာ Yameen ထံမှ ရန်ပုံငွေဟာ STO ဌာနချုပ်ကို သွင်းပါတယ်။ နောက်မှ STO စင်္ကာပူ ငွေစာရင်းကို လွှဲပေးပါတယ်။ ဒါဟာ STO ဌာနချုပ်က စာရင်းနဲ့ ကိုက်ညီပြီး Yemeen က ချက်ဖြင့် STO စာရင်းကို ထည့်တယ်လို့ ST0 ဌာနချုပ်က အတည် ပြုပါတယ်။ Muneez နဲ့ စကား ပြောရာမှာတော့ ဒီငွေတွေဟာ စင်္ကာပူမှာ ပညာ သင်နေတဲ့ Yameen ရဲ့ သားနဲ့ သမီး အတွက်လို့ ဆိုပါတယ်။ သူတို့ရဲ့ သုံးငွေတွေကို Muneez ကတစ်ဆင့် ပေးရပါတယ်" ဟု ပြောသည်။ ထိုစာရင်း လွှဲခြင်းများသည် Gayoom အာဏာ မစွန့်လွှတ်ခင် အထိ ဖြစ်ခဲ့သည်။

မာလီရှိ သမတရုံးမှ ဗျူရိုကရက် တစ်ဦးက ပြောကြားရာတွင် "ကုမ္ပဏီ ငွေစာရင်းအား ကိုယ်ရေး ကိုယ်တာ ငွေလွဲပြောင်းမှု အတွက် သုံးတာဟာ ထုံးစံ မဟုတ်ပါ" ဟု ပြောခဲ့သည်။ "Yameen က အရင် က Gayoom ကို ရေနံ ထုတ်လုပ် ရောင်းဝယ်ရေးနဲ့ ပတ်သက်လို့ နိုင်ငံခြား ခေါင်းဆောင်တွေနဲ့ ဝန်ကြီး တွေထံကို စာရေး ပေးပို့ တောင်းဆိုခဲ့ဖူးတယ်" ဟု ၎င်းက ပြောသည်။

Gayoom ၏ မသမာမှုများ လျှို့ဝှက် လုပ်ဆောင်မှုများကို ပထမဆုံး အလံနီ ထောင်ပြခဲ့သူမှာ သီရိလင်္ကာမှ KPMG ဖြစ်သည်။ KPMG သည် STO ကို စာရင်း စစ်ရန် Pricewaterhouse Coppers ထံမှ ၂၀၀၄ ခုနှစ်က တာဝန် လွှဲပြောင်းယူခဲ့သူ ဖြစ်သည်။ KPMG က ၂၀၀၄ ခုနှစ်တွင် မှတ်ချက် ရေးခဲ့ ရာ၌ "၂၀၀၄ ခုနှစ်က စင်္ကာပူတွင် Mocom Trading Pte Ltd အမည်ဖြင့် တည်ထောင်ခဲ့သော ကုမ္ပဏီသည် ဘဏ္ဏာငွေ ကြေညာလွှာကို လိုက်နာရမည့် စည်းကမ်းအမှတ် (၃၀) နှင့်အညီ လူသိ ရှင်ကြား ထုတ်ပြန်ခဲ့ခြင်း မရှိပါ။ အဖွဲ့အစည်း၏ ထောက်ခံချက် သက်သေ အထောက် အထားများလည်း မရှိပါ။ ထို့အပြင် မိမိတို့သည် ကုမ္ပဏီ၏ ပမာဏ၊ သဘာဝတို့ကို ရေးသားရန် မလွယ်ပါ" ဟု ဖော်ပြထားသည်။

၂၀၀၅ ခုနှစ်တွင်လည်း KPMG က အထက်ပါ အတိုင်းပင် ကန့်ကွက်ခဲ့ပြီး "Mocom Trading pte ltd ဟူသော အမည်မှာ ၂၀၀၆ ခုနှစ် ဧပြီလ ၂၀ ရက်နေ့က ပယ်ဖျက်ပြီး ဖြစ်ပါသည်" ဟု ပြောကြား ခဲ့သည်။ Mocom Trading PTE Ltd သည် ယခု ဆောင်းပါး အစောပိုင်းက ဖော်ပြခဲ့သော မြန်မာ စစ်အစိုးရနှင့် စီးပွားရေး သမားများဖြင့် တိုက်ရိုက် ဆက်ဆံမှုများ ရှိခဲ့သည်။

Mocom Trading ကို ၂၀၀၄ ဖေဖော်ဝါရီလတွင် STO စင်္ကာပူနှင့် မလေးရှား Mocom Corporation Sdn Bhd တို့ ပူးတွဲ တည်ထောင်ခဲ့သည်။ ၎င်းသည် မြန်မာ နိုင်ငံသို့ လောင်စာဆီ ရောင်းချ ခြင်းသာ ပြုလုပ်ခဲ့သည်။ ခွင့်ပြု ရင်းနှီးငွေမှာ ဒေါ်လာ ၁၀ သိန်း ဖြစ်သည်။ ရှယ်ယာဝင် လေးဦးမှာ မြန်မာ နိုင်ငံသား Kamal Bin Rashid ၊ မလေးရှား နိုင်ငံသား Raja Abdul Rashid Bin Raja Badiozaman နှင့် မော်လ်ဒိုက် နိုင်ငံသား နှစ်ဦး ဖြစ်သော Fathimad Ashan နှင့် Sana Mansoor တို့ ဖြစ်ကြသည်။ အဆိုပါ ရှယ်ယာရှင် လေးဦးမှာ ဒါရိုက်တာများ ဖြစ်ပြီး၊ ပဉ္စမမြောက် ဒါရိုက်တာမှာ Muneez ဖြစ်သည်။ တင်ဒါ လုပ်ငန်းစဉ်မှ တစ်ဆင့် မြန်မာနိုင်ငံသို့ ရေနံ ရောင်းချခွင့် ရထားသော ကုမ္ပဏီ ၄ ခုတွင် Mocom Corporation ပါဝင်သည်ဟု စုံစမ်း စစ်ဆေးရေးမှူး များအား Muneez က ပြောကြားသည်။ အခြား ကုမ္ပဏီ ၃ ခုမှာ Daewoo၊ Petrocom Energy နှင့် Hyundai တို့ ဖြစ်သည်။ နောက်ပိုင်းတွင် Mocom Corporation က STO Singapore ကို ပါဝင်ခွင့် ပေးကာ ဖက်စပ် ကုမ္ပဏီ ပြုလုပ်ခဲ့သည်။ ကန်ထရိုက် စာချုပ်အရ STO Singapore က Mocom Trading သို့ ဒီဇယ် ပေးသွင်းခွင့် ရရှိသည်။ သို့သော်လည်း Mocom Corporation က မူလ ကန်ထရိုက် စာချုပ်ကို ကိုင်ထားခြင်းကြောင့် အမြတ်ငွေ၏ ၄၀ ရာခိုင်နှုန်း နီးပါးကို ကော်မရှင် ခံစားခွင့် အဖြစ် ရယူခဲ့သည်။ ယင်းကော်မရှင် ခံစားခွင့် ငွေကို စင်္ကာပူ United Overseas Bank ရှိငွေ စာရင်း account သို့ သွင်းပေးရသည်။ အဆိုပါ အမေရိကန် ဒေါ်လာ ငွေစာရင်း Account ကို ရာရှစ် တစ်ဦးက ဖွင့်ထားခြင်း ဖြစ်သည်။ သို့ဖြစ်ရာ ကော်မ ရှင်ခံစားခွင့် ပွဲခကို Macom သို့ ပေးရသော်လည်း ရာရှစ်က အိတ်ထဲ ထည့်သွားကြောင်း စာရင်းစာအုပ် များက ညွှန်ပြနေသည်။ ဤ ကိစ္စသည် STO ၏ ငွေစာရင်း စာအုပ်များကို အပြန်ပြန် အလှန်လှန် စစ်ဆေးရာမှ ထွက်ပေါ်လာသည့် ဥပမာများစွာ အနက်မှ တစ်ခုမျှသာ ဖြစ်သည်။

          နောက်ထပ် ဥပမာများထဲမှ တစ်ခုမှာ STO Singapore နှင့် Mocom Trading တို့က မြန်မာ နိုင်ငံသို့ ရောင်းချသည့် အရောင်း ပြေစာများကို ၂ ဆ ပွားထားကြခြင်း ဖြစ်သည်။ အရောင်း ပြေစာ များတွင် ပေးပို့သော "စည်" အရေအတွက်နှင့် အခြေခံ ဈေးနှုန်းကို ဖော်ပြထားသည်။ ပြေစာ ၂ အုပ်လုံးသည် "ရေနံစိမ်း တစ်စည် ဈေးနှုန်း"မှ လွဲလျှင် အားလုံး ဆင်တူ ဖြစ်သည်။ STO Singapore ပြေ စာများမှ အခြေခံ ဈေးနှုန်းက Mocom Trading ပြေစာများမှ အခြေခံ ဈေးနှုန်းထက် ၅ ဒေါ်လာ ဝန်း ကျင်ပိုနေသည်။ ဤကိစ္စသည် စာရင်းစစ်များ ရှုပ်ထွေးသွားအောင် ပြုလုပ်ထားခြင်းဖြစ်သည်။ Myanmar petrochemical enterprises သို့ Mocom Trading မှ ရောင်းချသော အရောင်းပြေစာ အားလုံး၏ စုစုပေါင်း တန်းဖိုးမှာ အမေရိကန် ဒေါ်လာ 4,57,51,423,(45.7 သန်း) ဖြစ်ပြီး STO Singapore အရောင်း ပြေစာများ၏ စုစုပေါင်း တန်ဖိုးမှာ အမေရိကန် ဒေါ်လာ 5,14,23,523 (51.4 သန်း) ဖြစ်နေရာ ကွာဟငွေ ပမာဏမှာ ဒေါ်လာ 56,57,100 (5.6 သန်း) ဖြစ်သည်။

          ၂၀၀၈ ခုနှစ်က  Gayoom ပြုတ်ကျမှုသည် STO Singapore ၏ အနာဂတ် ကံကြမ္မာနှင့် တိုက်ရိုက် ဆက်စပ် နေခဲ့သည်။ ၂၀၀၁-၂၀၀၂ ဘဏ္ဍာရေးနှစ်တွင် ကုမ္ပဏီ၏ ဝင်ငွေ အံသြဘနန်း ခုန်တက် ခဲ့ပြီးနောက် နှစ်စဉ် အရောင်းဝင်ငွေမှာ စင်္ကာပူ ဒေါ်လာ သန်း ၁၀၀ ဝန်းကျင်တွင် တည်တည် ငြိမ်ငြိမ် ထိန်းထားခဲ့သည်။ ၂၀၀၆ နောက်ပိုင်းတွင် အရောင်း ကျဆင်းမှု စတင် ဖြစ်ပေါ်လာကာ ၂၀၀၉ တွင် စင်္ကာပူဒေါ်လာ ၁၇ သန်းအထိ ကျဆင်းသွားခဲ့ရာ အနိမ့်ဆုံး စံချိန်တင် ကျဆင်းမှု ဖြစ်ခဲ့သည်။

          စုံစမ်း စစ်ဆေးသူများ တွေ့ရှိသော သာဓက အထောက် အထားများ ထဲတွင် သင်္ဘော ကပ္ပတိန်က လက်မှတ်ထိုး မထားသော ကုန်တင် ပြေစာများလည်း ပါဝင်သည်။ ကုန်တင် ပြေစာသည် သယ်ယူ ပို့ဆောင်သူက ကုန်ပစ္စည်း အပ်နှံသူထံ ပေးရသည့် လက်ခံ ရရှိကြောင်း သက်သေ ဖြစ်သောကြောင့် အလွန် အရေးကြီးသော အထောက် အထား တစ်ခု ဖြစ်သည်။

          Gayoom မိသားစုနှင့် Moneez တို့ အဆန်း ထွင်ခဲ့သော မဟာ ဗျူဟာများသည် အတော်ဆုံး စုံစမ်း စစ်ဆေးရေးမှူး များကိုပင် အရူး လုပ်နိုင်ခဲ့သည်။ "သေးငယ်တဲ့ အမှား အယွင်းလေး တစ်ခုက သေသပ် တိကျတဲ့ မျက်လှည့်ပွဲကို အဖုံး လှပ်ပစ်နိုင်တယ် ဆိုတာကို သူတို့ မေ့လျော့သွားတာပါ"ဟု မော်လ်ဒိုက် သမတ၏ အထူး ကိုယ်စားလှယ် အီဗရာဟင် ဟူစိန်ဇာကီက ပြောကြားလိုက်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment