Transparency Myanmar

transparency.myanmar@gmail.com

ဗီယက်နမ် နိုင်ငံတွင် ဖြစ်ပေါ်နေသော ငွေကြေး ဖောင်းပွမှုကို ထိန်းချုပ်ရန် အစိုးရက အတိုးနှုန်းကို ၂ ရာခိုင်နှုန်းအထိ မြှင့်တင် ပေးလိုက်ကြောင်း ဘီဘီစီ သတင်းဌာနက ရေးသားသည်။ သို့သော် စီးပွားရေး ကျွမ်းကျင်သူများက ဗီယက်နမ်နိုင်ငံသည် ငွေကြေး ဖောင်းပွမှု ထိန်းချုပ်ရာတွင် ခက်ခဲသော အခြေအနေများဖြင့် ရင်ဆိုင်နေရဆဲ ဖြစ်သည်ဟု ဆိုသည်။

ဗီယက်နမ် ဗဟိုဘဏ်သည် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် အတိုးနှုန်းကို ၉ ရာခိုင်နှုန်းမှ ၁၁ ရာခိုင်နှုန်း (စုစုပေါင်း ၂ ရာခိုင်နှုန်း) အထိ တိုးမြှင့်ပေးလိုက်သည်။ ဖေဖော်ဝါရီလ ဒုတိယ ပတ်ခန့် ကလည်း ဗီယက်နမ် ဒေါင်ငွေကြေးကို ၈ ဒဿမ ၅ ရာခိုင်နှုန်းအထိ တန်ဖိုး လျှော့ချ သတ်မှတ်ခဲ့သည်။ အဆိုပါ လုပ်ရပ်သည် ငွေကြေး ဖောင်းပွမှုများ ဖြစ်ပေါ်လာအောင် တွန်းအား ပိုပေးသလို ဖြစ်နိုင်သည်ဟု စီးပွားရေး ကျွမ်းကျင်သူတို့က ဆိုသည်။

ဗီယက်နမ် ငွေကြေး ဖောင်းပွမှု နှုန်းထားသည် ၂၃ လအတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။ လေ့လာ သုံးသပ်သူများက ယခုလို အတိုးနှုန်း မြှင့်တင် ပေးလိုက်မှုကြောင့် ငွေကြေးစနစ်နှင့် ငွေကြေး ဖောင်းပွမှု လျှော့ချရေးကို အထောက်အကူပြုရာ ရောက်သည်ဟု ဆိုသည်။

"အတိုးနှုန်း မြှင့်တင်ပေးမှုသည် မရှိမဖြစ် လိုအပ်သော ကိစ္စဖြစ်သည်။ အထူးသဖြင့် ဒေါင်ငွေ တန်ဖိုး လျှော့ချမှု ဖြစ်ပေါ်ပြီးနောက် လိုအပ်သော ကိစ္စတစ်ခု ဖြစ်ပေသည်" ဟု ANZ ဘဏ်က ဆိုသည်။

သို့သော် အတိုးနှုန်း မြှင့်တင်ပေးမှု တစ်ခုတည်းဖြင့် နိုင်ငံတော် ဗဟိုဘဏ်၏ ရည်မှန်းချက် ဖြစ်သော ၂၀၁၁ ခုနှစ် နောက်ဆုံးပိုင်းတွင် ငွေကြေး ဖောင်းပွမှု ၇ ရာခိုင်နှုန်း အထိ လျှော့ချရေးကို ဆောင်ကြဉ်းပေးရန် ခက်ခဲလိမ့်မည် ဖြစ်သည်ဟု ANZ က ဆိုသည်။

"သို့အတွက်ကြောင့် အာဏာပိုင်များ အနေဖြင့် ယခုနှစ်အတွင်း အတိုးနှုန်းများ မြှင့်တင် ပေးမှုကို နောက်ထပ်တစ်ကြိမ် ထပ်မံ လုပ်ကိုင်ရန် လိုအပ်လိမ့်မည်ဟု ကျွန်ုပ်တို့က မျှော်လင့်သည်" ဟု ANZ ဘဏ်၏ ကြေညာချက်တွင် ပါရှိသည်။

မည်သို့ပင်ဆိုစေ အတိုးနှုန်း မြှင့်တင်ပေးမှုများက ဗီယက်နမ် စီးပွားရေး တိုးတက်မှုနှုန်းကို ထိခိုက်မှု ရှိလေမလား ဟူသည့် စိုးရိမ်ပူပန်မှု များလည်း ထွက်ပေါ်လျက် ရှိသည်။ အချို့သော ပညာရှင်များကမူ ဗီယက်နမ် အနေဖြင့် ယခုနှစ်အတွင်း  စီးပွားရေး တိုးတက်မှုနှုန်းကို ၅ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်းအကြား ပစ်မှတ်ထား လျှော့ချရန် လိုအပ်လိမ့်မည်ဟု ဆိုသည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment