Transparency Myanmar

transparency.myanmar@gmail.com

(AP သတင်းကို ဘာသာ ပြန်ဆိုသည်)

အီဂျစ်နှင့် တူနီးရှားနိုင်ငံ တို့တွင် ဖြစ်ပွားခဲ့သော လူထု အုံကြွ ဆန္ဒပြမှုများက မြောက်အာဖရိကနှင့် ပင်လယ်ကွေ့ဒေသသို့ ကူးစက်ပျံ့နှံ့ခဲ့ရာ လစ်ဗျား၊ ဘာရိန်း၊ ယီမင် နှင့် အီရန် နိုင်ငံတို့ တွင်လည်း အကြမ်းဖက် ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သတင်းဌာနများက ရေးသား ဖော်ပြသည်။ လစ်ဗျားနိုင်ငံ မြို့တော်၊ ဘန်ဂါဇီတွင် ထောင်ပေါင်း များစွာသော ဆန္ဒပြသူများသည် ရဲ့တပ်ဖွဲ့ဝင်များနှင့် အစိုးရ လိုလားသော အင်အားစုများနှင့် ပဋိပက္ခ ဖြစ်ပေါ်ခဲ့သည်ဟု ဆိုသည်။

လစ်ဗျားနိုင်ငံသည် ခေါင်းဆောင်ကြီး မွမ်မာကဒါဖီ၏ တင်းကြပ်သော အုပ်ချုပ်မှု အောက်သို့ နှစ်ပေါင်း ၄၀ ကျော်ကြာ ရောက်ရှိခဲ့သည်။ ဆန္ဒပြသူ ၂၀၀၀ ကျော်လူထုကြီးက ဒုတိယ အကြီးဆုံးမြို့ ဖြစ်သော ဘန်ဂါဇီတွင် ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။ သတင်း ပေးပို့ချက်များ အရ ဆန္ဒပြသူများက ရဲတပ်ဖွဲ့ဝင်များကို ကျောက်ခဲများဖြင့် ပစ်ပေါက်ခဲ့ကြပြီး ရဲတပ်ဖွဲ့ဝင်များက မီးသတ်ပိုက်များ၊ မျက်ရည်ယို ဓာတ်ငွေ့များနှင့် ရာဘာ ကျည်ဆံများဖြင့် ပစ်ခတ် နှိမ်နင်းခဲ့သည် ဟု သိရသည်။

အဆိုပါ ဖြစ်ရပ်ကြောင့် ရဲတပ်ဖွဲ့ဝင် ၁၀ ဦးအပါအဝင် လူပေါင်း ၁၄ ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း လစ်ဗျား နိုင်ငံထုတ် ပုဂ္ဂလိက သတင်းစာ Quryna ၏ ဝက်ဆိုက် သတင်းတွင် ရေးသား ဖော်ပြသည်။ သို့သော် လစ်ဗျား နိုင်ငံပိုင် သတင်းဌာန၏ ထုတ်လွှင့် ပြသချက်တွင် ဘန်ဂါဇီမြို့မှ ရာဂဏန်းရှိသော လူအုပ်က အစိုးရကို ထောက်ခံကြောင်း အော်ဟစ် ဆန္ဒပြလျက် ရှိသည်ကို ရိုက်ကူး ဖော်ပြခဲ့သည်။ လစ်ဗျားအစိုးရက ဒုတိယ အကြီးဆုံး ဆိပ်ကမ်းမြို့ ဖြစ်သော ဘန်ဂါဇီတွင် ဖြစ်ပျက်နေသော အရေးကိစ္စများနှင့် ပတ်သက်၍ ထုတ်ပြန် ကြေညာချက် တစ်စုံတရာ ပြုလုပ်ခြင်း မရှိသေးပေ။

ဆန္ဒပြသူ လူအုပ်က လူ့အခွင့်အရေး ဆိုင်ရာ လှုပ်ရှားသူ Fathi Terbil အား အစိုးရက ဖမ်းဆီး ထိန်းသိမ်းထားမှုကို အမျက်ဒေါသ ထွက်နေကြခြင်း ဖြစ်ပြီး ၎င်းအား အမြန်ဆုံး လွှတ်ပေးရန် တောင်းဆိုကြသည်။

နာမည်ကျော် အွန်လိုင်း လူမှုကွန်ယက် ဖြစ်သော Facebook တွင် လစ်ဗျား ပြည်သူ ထောင်ပေါင်းများစွာ ဆန္ဒပြပုံများကို ထုတ်လွှင့် ပြသသည်။ အဆိုပါ ဗီဒီယို၌ သေနတ်ပစ်သံများ၊ ဒဏ်ရာ ရသူများကို ကယ်ထုတ်သွားပုံများ ပါဝင်သည်။ အရှေ့ အလယ်ပိုင်း ဒေသတွင် ယင်းသို့ ဆန္ဒပြမှုများ အဆက်မပြတ် ထွက်ပေါ်လာရသည့် အဓိက အကြောင်းရင်းများတွင် အလုပ်လက်မဲ့ ဖြစ်မှု၊ နေထိုင်စရိတ် ကြီးမားလာမှု၊ အဂတိ လိုက်စားမှု နှင့် အာဏာရှင် ဆန်မှုတို့ကို မကျေနပ်၍ ဖြစ်သည်ဟု လေ့လာ သုံးသပ်သူများက ဆိုသည်။

ယခု ရက်သတ္တပတ် (ဖေဖော်ဝါရီလ နောက်ဆုံးပတ်) တွင် ယီမင်၊ ဘာရိန်းနှင့် အီရန် နိုင်ငံတို့၌လည်း အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုများ ထွက်ပေါ်ခဲ့သည်။ ဘာရိန်း နိုင်ငံတွင်မူ ဆန္ဒပြသူ နှစ်ဦး သေနတ် ပစ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့ရသည့် ကိစ္စတွင် သံသယရှိသူ ရဲတပ်ဖွဲ့ ဝင်များအား ဖမ်းဆီး ထိန်းသိမ်းထားကြောင်း ပြည်ထဲရေး ဝန်ကြီးက အတည်ပြု ပြောဆိုထားသည်။

သေဆုံးသူ တစ်ဦးမှာ အသက် ၃၁ နှစ်အရွယ် Fadhel Matrook ဆိုသူဖြစ်ပြီး ၎င်းသည် သေနတ် ပစ်ခတ်ခံရခြင်းကြောင့် သေဆုံးသွားသော အခြားဆန္ဒပြသူ တစ်ဦး၏ ဈာပနသို့ သွားရောက်စဉ် ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်။ Fadhel Matrook ၏ ဈာပနသို့ ထောင်ပေါင်း များစွာသော ဘာရိန်း ပြည်သူများ တက်ရောက်ခဲ့ကြသည်ဟု ဆိုသည်။ ယီမင် နိုင်ငံတွင်မူ အကြမ်းဖက် ဆန္ဒပြမှုများ ပိုမို ကြီးထွားလာဖွယ် ရကြောင်း၊ ဆန္ဒပြသူများက သမ္မတ Ali Abdullah Saleh ရာထူးမှ ဆင်းပေးရန် တောင်းဆိုခဲ့ကြကြောင်း Aljazeera သတင်းဌာနက ရေးသား ဖော်ပြသည်။

အီရန်နိုင်ငံ၊ မြို့တော် တီဟီရန်တွင်လည်း အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုအတွင်း ပစ်ခတ် ခံရခြင်းကြောင့် သေဆုံးခဲ့သူ ကျောင်းသားတစ်ဦး၏ ဈာပန အခမ်းအနား ပြုလုပ်နေစဉ် ပဋိပက္ခများ ဖြစ်ပေါ်ခဲ့ကြောင်း  နိုင်ငံပိုင် ရုပ်သံက ထုတ်လွှင့် ပြသသည်။ အစိုးရ ထောက်ခံသူ နှင့် ဆန့်ကျင်သူ ပြိုင်ဘက် ဆန္ဒပြအုပ်စုများက သေဆုံးသူ ကျောင်းသားမှာ ၎င်းတို့ကို ထောက်ခံသူ ဖြစ်သည်ဟု ပြိုင်တူ ငြင်းခုန် ပြောဆိုကြသည်ဟု သိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment