Transparency Myanmar

transparency.myanmar@gmail.com

တရိပ်ရိပ်တက်လာသော ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံမှုများ

          မြန်မာနိုင်ငံသည် ဈေးကွက်စီးပွားရေးကျင့်သုံးသော နိုင်ငံတစ်ခုဖြစ်သော်လည်း အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့ခြင်း၊ အစိုးရ၏ ပြိုင်ဆိုင်မှုကို ရုတ်လျော့စေသော စီးပွားရေးမူဝါဒများကြောင့် ယခုအချိန်ထိ ပီပြင်သော ဈေးကွက်စီးပွားရေး ဖြစ်မလာသေးပါ။ သို့သော် ယခုဖြစ်ထွန်းနေသည့်  မြန်မာနိုင်ငံ၏ နိုင်ငံရေး အပြောင်းအလဲနှင့်အတူ သက်ရောက်အကျိုးရှိလာသည်မှာ စီးပွားရေးဖြစ်သည်။ အထူးသဖြင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုအပိုင်းဖြစ်သည်။ ၂၀၁၀ ပြည့်နှစ် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုပမာဏမှာ အောက်တိုဘာလကုန်မှ ယခုနှစ် ဇန်နဝါရီလကုန်အထိ ၃လတာအတွင်း ဒေါ်လာ ၃၅၆၀ ဒဿမ ၅၁ သန်း ကျော်အထိ မြင့်တက်ခဲ့သည်ဟု အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ သိရသည်။

          လက်ရှိ မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍအသီးသီးတွင် လာရောက်ရင်းနှီးမြုပ်နှံသည့် ပြည်ပနိုင်ငံပေါင်း ၂၀ ရှိပြီး ၎င်းတို့အနက် တရုတ်နိုင်ငံ၏ ရင်းနှီးမြုပ်နှံမှုမှာ ကန်ဒေါ်လာ ၉၆၀၃ ဒဿမ ၁၆၈ သန်းရှိကာ ရင်းနှီးမြုပ်နှံမှုအများဆုံး နိုင်ငံအဖြစ် ထိပ်ဆုံးမှ ဦးဆောင်လျက်ရှိသည်။ ယခင်က မြန်မာနိုင်ငံ၌ ရင်းနှီးမြုပ်နှံသော နိုင်ငံများ အနက် ထိုင်းနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှုပမာဏ ကန်ဒေါ်လာ ၉၅၆၈ ဒဿမ ၀၉၃ သန်းဖြင့် ထိပ်ဆုံးမှဦးဆောင်ခဲ့သော်လည်း ယမန်နှစ် နိုဝင်ဘာလမှ ယခုနှစ် ဇန်နဝါရီလများအတွင်း တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ၏ ရေနက်ဆိပ်ကမ်းတည်ဆောက်၊ ရေအားလျှပ်စစ် ထုတ်ယူသုံးစွဲရေး၊  ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်ရေး၊ သတ္တုတူးဖော်ရေး နှင့် လမ်းပန်းဆက်သွယ်ရေး ကဏ္ဍများတွင် ကန်ဒေါ်လာ ၃၁၈၈ ဒဿမ ၁၁ သန်းကျော် ထပ်မံ၍ ရင်းနှီးမြုပ်နှံမှုများပြုလုပ်ခဲ့သည်။

          " ၂၀၀၅ ခုနှစ်အထိ စင်ကာပူက နံပါတ်(၁) မြုပ်နှံထားတဲ့နိုင်ငံပါ။ ၂၀၀၆ ကျတော့ ထိုင်းက ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍမှာ အမေရိကန်ဒေါ်လာခြောက်ဘီလျံလောက်မြုပ်နှံပြီးတဲ့နောက် နံပါတ် (၁) နေရာကို ထိုင်းနိုင်ငံရောက်လာတယ်။ အဲဒီကစပြီး ၂၀၁၀ နိုဝင်ဘာ၊ ဒီဇင်ဘာအထိကို ခုနှစ်နှစ် ဆက်တိုက်ထိုင်းက နံပါတ်(၁) အဖြစ်ရှိနေတာ။ ၂၀၁၀ နိုဝင်ဘာလကုန်အထိ ထိုင်းနိုင်ငံမြန်မာနိုင်ငံမှာ ၉ ဒဿမ ၅ဘီလျံမြုပ်နှံပြီး နံပါတ် (၁) ဖြစ်နေတဲ့အချိန်မှာ တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ ၆ ဒဿမ ၄ ဘီလျံနဲ့ ဒုတိယနေရာမှာပဲ ရှိနေတာ။ ဒါပေမယ့် အခု ၂၀၁၁ ခုနှစ် ဇန်နဝါရီလကုန်လည်းရောက်တော့ နှစ်လအတွင်းမှာပဲ တရုတ်က အမေရိကန်ဒေါ်လာ ၃ ဘီလျံကျော်ကို ထပ်မြုပ်နှံပြီး စုစု ပေါင်း ၉ ဒဿမ ၆ ဘီလျံကျော်ကျော်နဲ့ ထိုင်းကို ကျော်တက်သွားတာ လျှပ်စစ်စွမ်းအားကဏ္ဍမှာ မြုပ်နှံ လိုက်တာလို့ သိရတယ်" ဟု ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြခဲ့သည်။

          မြန်မာနိုင်ငံတွင် နိုင်ငံတကာမှ လာရောက်ရင်းနှီးမြုပ်နှံမှုမှာလည်း တစ်နှစ်အတွင်း တစ်ဆကျော် မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ "၁၉၈၈ ခုနှစ်ဝန်းကျင်ကနေ ၂၀၀၉ ခုနှစ် ဇူလိုင်လ ကုန်အထိ နှစ်ပေါင်း ၂၁ နှစ်အတွင်းမှာ နိုင်ငံတကာကနေ မြန်မာနိုင်ငံထဲမှာလာပြီး မြုပ်နှံတဲ့ပမာဏစု စုပေါင်းက အမေရိကန်ဒေါ်လာ ၁၅ ဒဿမ ၇ ဘီလျံကျော်လေးပဲရှိခဲ့တယ်။ ဒါပေမယ့် နိုင်ငံရေး အပြောင်းအလဲပြုလုပ်လာတဲ့ ၂၀၁၀ ပြည့်နှစ်တစ်နှစ်ထဲမှာတင် နောက်ထပ်လာပြီး မြုပ်နှံတာက အမေရိ ကန်ဒေါ်လာ ဘီလျံ ၂၀ နီးပါးရှိခဲ့တယ်။ တစ်နှစ်တည်းနဲ့ နှစ်ပေါင်း ၂၁ နှစ်စာလောက်မြုပ်နှံလာတဲ့ ပမာဏလောက်ဝင်လာတယ်လို့ ပြောရမှာပေါ့။ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ လကုန်အထိ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုစုစုပေါင်းက ၃၂ ဘီလျံနီးပါးဖြစ်လာတယ်လေ။ အခုထပ်ပြီး တရုတ်က ၃ ဘီလျံ မြုပ်နှံလာတဲ့အတွက် ၂၀၁၁ ဇန်နဝါရီလကုန်အထိဆိုရင် မြန်မာရဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုစုစုပေါင်းက ၃၅ ဘီလျံကျော်သွားပြီ။ ပြောချင်တာက အခုဆိုရင် အဓိက ကုန်သွယ်ဖက် နိုင်ငံဆိုတဲ့ နေရာကနေ အဓိကရင်းနှီးမြုပ်နှံသူပါ ဖြစ်လာပြီ။ မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍမှာ တရုတ်က နယ်ပယ်အချဲ့ထွင်နိုင်ဆုံး နိုင်ငံဖြစ်လာပြီ" ဟု ပြည်ထောင်စု မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် တာဝန်ရှိသူတစ်ဦးက တရားဝင်ထုတ်ပြန်သည့် ကိန်းကဏန်းများအပေါ် သုံးသပ်ပြောကြားခဲ့သည်။

          ထို့အပြင် ၁၉၉၄ ခုနှစ်မှစကာ ၂၀၁၁ခုနှစ် ဇန်နဝါရီလအထိ မြန်မာနိုင်ငံသားများ ရင်းနှီးမြုပ်နှံမှု (Myanmar Citizen's Invesment) ပမာဏမှာ စုစုပေါင်းကျပ် ၁၁၁၉ဘီလျံကျော်ရှိလာခဲ့ကြောင်း၊ ၂၀၀၈ ခုနှစ် စက်တင်ဘာလဖြင့် နှိုင်းယှဉ်ပါက အဆပေါင်းများစွာ ထိုးတက်လာခြင်းဖြစ်ကြောင်းတွေ့ ရသည်။

          "ကန့်သတ်ထားတဲ့ လုပ်ငန်းတွေမှာ နိုင်ငံသားလုပ်ငန်းရှင်တွေ အသစ်ထပ်ပြီး မြုပ်နှံတယ်။ ကျပ် ၇၀ ဘီလျံနီးပါးလောက် ထပ်မြုပ်နှံတာ သယ်ယူပို့ဆောင်ရေး၊ တည်ဆောက်ရေးနဲ့ ကုန်ထုတ်လုပ်မှုတွေမှာ မြုပ်နှံတာ။ သယ်ယူပို့ဆောင်ရေးဆိုတော့ လေကြောင်းလိုင်းလည်းပါတယ်။ တခြား သယ်ယူပို့ဆောင်ရေးတွေလည်းပါတယ်။ တစ်လအတွင်းမှာ သယ်ယူပို့ဆောင်ရေးက ကျပ် ၂ ဒဿမ ၄ ဘီလျံကျော် အသစ်တိုးတယ်။ ၂၀၀၉ ခုနှစ်က သယ်ယူပို့ဆောင်ရေးမှာ စုစုပေါင်း ကျပ် ၂၄ ဘီလျံ လောက်ပဲ ရှိတာကနေ အခု ၂၀၁၁ ဇန်နဝါရီလကျတော့ စုစုပေါင်း ကျပ် ၆၇ ဘီလျံအထိ တိုးလာတာပေါ့။ တည်ဆောက်ရေးကဏ္ဍကတော့ အလုံးအရင်းနဲ့ကို မြုပ်နှံကြတာပဲ။ တစ်လအတွင်းမှာပဲ ကျပ် ၄၇ ဘီလျံနီးပါးအသစ်တိုးတယ်။ ၂၀၀၉ တုန်းက စုစုပေါင်းမှ ကျပ် ၁၉ဘီလျံပဲရှိတာ။ ၂၀၁၁ ဇန်နဝါရီလ ကျတော့ စုစုပေါင်း ကျပ် ၆၀၀ ဘီလျံကျော်ထိရှိလာတယ်။ အလုံးအရင်းနဲ့ကို မြုပ်နှံလာကြတာလို့ ပြောရမှာပဲ" ဟု ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြခဲ့သည်။

Ref:    BiWeekly ELEVEN No(48) Vol (13)

          Weekly ELEVEN No(21) Vol (6)

          Popular News No(8) Vol (3)

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment