Transparency Myanmar

transparency.myanmar@gmail.com

(24 February 2011 ရက်စွဲပါ "United Nation Human Rights Council by Myanmar's human rights problems affect other countries in the region, warns UN special Rapporteur" ကို ဘာသာ ပြန်သည်)

          မြန်မာ နိုင်ငံ၏ မနှစ်မြို့ဖွယ် လူ့အခွင့်အရေး အခြေ အနေ များသည် ဒေသတွင်း အခြား နိုင်ငံများကို သက်ရောက်မှုများ ရှိကြောင်း၊ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများ အတွက် ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် Tomas Ojea Quintana က ကြာသပတေးနေ့က အသိပေး လိုက်သည်။

"မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ပြဿနာတွေဟာ သူ့နယ်နိမိတ်ကို ကျော်ပြီး စဉ်းစားရမယ့် ကိစ္စတွေ ဆိုတာ ရှင်းနေပါတယ်" ဟု Quintana က ကွာလာ လမ်ပူတွင် ပြောကြားခဲ့သည်။ "မြန်မာ နိုင်ငံမှာ အသွင် ကူးပြောင်းရေး ကာလ အတွက် ကတိတွေ ရှိနေပေမယ့်၊ လူ့အခွင့်အရေး အခြေ အနေတွေ ကတော့ စိုးရိမ်ဖွယ် ရှိနေဆဲပါပဲ" ဟု ၎င်းက မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ပြဿနာများကြောင့် ထိခိုက်မှု ရှိသော နိုင်ငံတစ်ခု ဖြစ်သော မလေးရှား နိုင်ငံတွင် အချက်အလက် ရှာဖွေရေး (၈) ရက်ကြာ ခရီးစဉ် ပြီးဆုံးပြီးနောက် ပြောကြားခဲ့သည်။

2011 ဇန်နဝါရီလတွင် ဒုက္ခသည်နှင့် နိုင်ငံရေး ခိုလှုံခွင့် တောင်းသူ (၈၄၈၀၀) ခန့် ရှိပြီး၊ မှတ်ပုံတင်ခြင်း မရှိသေးသူ အများအပြား ကျန်ရှိနေပါသေးသည်။ ဒေသတွင်း အခြား နိုင်ငံများ ကလည်း မြန်မာ နိုင်ငံထဲမှ ဒုက္ခသည်များ၊ နိုင်ငံရေး ခိုလှုံခွင့် တောင်းသူများနှင့် ရွှေ့ပြောင်း သွားလာသူ အများ အပြားကို လက်ခံ ထားရသည်ဟု သိရသည်။

"မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်ဖို့  လိုအပ်တဲ့ လုပ်ဆောင်မှုတွေ လုပ်ဖို့ ဒေသတွင်း နိုင်ငံများက မြန်မာနိုင်ငံ အစိုးရကို တိုက်တွန်းဖို့ ဆန္ဒ ရှိနေကြသည်။ ဒီအလုပ်တွေဟာ အစိုးရသစ်က အားခြင်း လုပ်ရမည့် ကိစ္စတွေပါ" ဟု ၎င်းက အလေးအနက် ပြောကြားသည်။

မြန်မာ နိုင်ငံ၏ အခြေအနေနှင့် ပတ်သက်၍ အချက် အလက်များ အဆက်မပြတ် စုဆောင်းရေး ကြိုးစားသည့် အနေဖြင့် Quintanaသည် မြန်မာနိုင်ငံမှ မလေးရှားသို့ ထွက်ပြေး သွားသူများကို ကျယ်ကျယ် ပြန့်ပြန့် တွေ့ဆုံခဲ့ပြီး ၎င်းတို့၏ ကိစ္စများကို ဆောင်ရွက်နေသော အဖွဲ့အစည်း များနှင့်လည်း တွေ့ဆုံခဲ့သည်။ အထူး ကိုယ်စားလှယ်သည် တိုင်းရင်းသား အုပ်စု အမျိုးမျိုးနှင့် တွေ့ဆုံရာတွင် အထူးသဖြင့် ချင်းနှင့် ရိုဟင်ဂျာများကို အာရုံ ထားသည်ကို တွေ့ခဲ့ရသည်။

"ကျွန်တော်ရဲ့ ခရီးစဉ် အတွင်းမှာ မြန်မာ နိုင်ငံမှာ အဓမ္မ လုပ်အား ပေးစေမှုကြောင့်၊ လယ်နှင့် ပစ္စည်းတွေ အသိမ်းခံရမှုကြောင့်၊ မတရား အခွန် ကောက်ခံခြင်းကြောင့်၊ ဘာသာရေး လူမျိုးရေး အရ ဖိနှိပ်မှု များကြောင့်၊ မတရား ဖမ်းဆီး ခံရမှုများကြောင့်၊ လိင်ပိုင်း ဆိုင်ရာ ရက်ရက် စက်စက် လုပ်ခံရမှုကြောင့် မကြာခင်က ထွက်ပြေး လာသူတွေကို တွေ့ဆုံ ခဲ့ရပါကြောင်း "လူ့အခွင့်အရေး ပညာရှင်က ပြောကြားသည်။

Quintana သည် မြန်မာနိုင်ငံမှ လူ့အခွင့်အရေး ချိုးဖောက် ခံရသူများ၏ ပြောဆိုချက်များကို ပြောကြားခဲ့သည်။ လူတစ်ဦးသည် (၁၅) နှစ်ခန့် စစ်တပ်တွင် ပေါ်တာ ဆွဲခံရမှုကြောင့် ချင်းပြည်နယ်မှ ထွက်ပြေးလာသည်။ ၎င်းသည် အခြား (၁၄) ဦးနှင့်အတူ ဘုရားကျောင်းမှ ပြန်လာစဉ် အဖမ်းခံရပြီး၊ ပေါ်တာအဖြစ် အတင်းအကျပ် လုပ်ခိုင်းခဲ့သည်။ ၎င်းအား စစ်တပ်မှ နောက်တစ်ကြိမ် ပေါ်တာ ဆွဲမည်ကို ကြောက်ရွံ့သဖြင့် ထွက်ပြေးလာခြင်း ဖြစ်သည်။

ဘာသာရေး ခေါင်းဆောင် လူသိများသော ချင်းအမျိုးသမီး တစ်ဦးကိုမူ အစိုးရက ရုပ်မြင်သံကြား အစီအစဉ်တွင် ဘာသာရေး လွတ်လပ်ခွင့်များ ကန့်သတ် ထားသည်ဟု ဆိုသော စွပ်စွဲချက်များ အပေါ် မဟုတ်ကြောင်း ငြင်းဆိုထားသော ကြေညာချက်ကို ခြိမ်းခြောက်၍ ဖတ်ခိုင်းခဲ့သည်။ အဆိုပါ အမျိုးသမီး၏ ဘာသာရေးနှင့် ပက်သက်သော နှိပ်ကွပ်မှု အတွေ့အကြုံများကို လူ့အခွင့် အရေး ကိုယ်စားလှယ်နှင့် တွေ့သော ချင်းလူမျိုးများက ပြောကြသည်။

အခြား ရိုဟင်ဂျာ လူငယ် တစ်ဦးမှာ တက္ကသိုလ် တက်ရန် ခရီး သွားလာခွင့် ကန့်သတ် ခံရခြင်းကြောင့်၊ ၎င်းကို ချိုးဖောက်ခဲ့၍ ဖမ်းဆီး ခံခဲ့ရကြောင်း၊ ထို့ကြောင့် ၎င်းသည် ရခိုင်ပြည်နယ် မြောက်ပိုင်းမှ ထွက်ပြေးလာရာ Quintana  က ရိုဟင်ဂျာ လူမျိုးများအား ဖိနှိပ်သည့် ကိစ္စတစ်ခု အဖြစ် ရှုမြင်ခဲ့သည်။

ရှမ်းပြည်နယ်မှ ထွက်ပြေးလာသော လူငယ် တစ်ဦးက စစ်တပ်သည် ၎င်းတို့ မိသားစုပိုင် လယ်မြေများအား သိမ်းယူပြီး၊ ၎င်း၏ အကိုအား ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း၊ ၎င်းအားလည်း ဖမ်းဆီး ခဲ့သော်လည်း ထွက်ပြေး လာခဲ့ကြောင်း ပြောသည်။

Quintana သည် ၎င်း၏ နောက်ဆုံး အစီရင်ခံစာကို လူ့အခွင့်အရေး ကောင်စီတွင် 2011 ခု မတ်လတွင် တင်သွင်းမည် ဖြစ်သည်။

Tomas Ojea Quintana သည် အာဂျင်တီးနား နိုင်ငံမှ ဖြစ်ပြီး၊ ၎င်းအား ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက မြန်မာနိုင်ငံ အတွက် 2008 ခုနှစ် မေလတွင် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment