Transparency Myanmar

transparency.myanmar@gmail.com

(BBC သတင်းကို ဘာသာ ပြန်ဆိုသည်)

ကမ္ဘာ့ရေနံ ဈေးနှုန်းများ မြင့်တက်မှုကို ခုနှိမ်နိုင်ရန် အလို့ငှာ တရုတ်နိုင်ငံက လောင်စာ ဈေးနှုန်းများကို သုံးလအတွင်း ဒုတိယအကြိမ် မြှင့်တင်လိုက်ကြောင်း သိရသည်။ သို့သော် ယခုကဲ့သို့ လောင်စာဈေးနှုန်းများ မြှင့်တင်လိုက်ခြင်းသည် တရုတ် အစိုးရ၏ ငွေကြေး ဖောင်းပွမှု လျှော့ချရန် ကြိုးပမ်းမှု တစ်ရပ်လော ဟူ၍ မေးခွန်းများကို ဖြစ်ပေါ်စေသည်။

လောင်စာဆီ ဈေးနှုန်းများအပေါ် နိုင်ငံတော်က စရိတ် စိုက်ထုတ် ပေးထားသော တရုတ် နိုင်ငံသည် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ဓာတ်ဆီနှင့် ဒီဇယ် လက်ကား ရောင်းချသည့် ဈေးနှုန်းများကို တစ်တန်လျှင် ၅၃ ဒေါ်လာဖြင့် ဈေးမြှင့်လိုက်သည်။ အကယ်၍ နိုင်ငံတကာ ဈေးကွက်တွင် လောင်စာဆီ စရိတ်စကများ ဆက်လက် မြင့်တက် နေဦးမည် ဆိုပါက ပြည်တွင်း လောင်စာဆီ နှုန်းထားများ နောက်ထပ် မြှင့်တင်ရန် လိုအပ် လာလိမ့်မည် ဖြစ်ကြောင်း စီးပွားရေး လေ့လာ ဆန်းစစ်သူများက ဆိုသည်။

အရှေ့ အလယ်ပိုင်း ဒေသတွင် မတည်မငြိမ် ဖြစ်မှုများကြောင့် လောင်စာဆီ ရရှိရေးနှင့် ပတ်သက်၍ စိုးရိမ်စရာများ ဖြစ်ပေါ်စေခဲ့ပြီး လောင်စာဆီ ဈေးနှုန်းများလည်း တစ်ပေပါလျှင် ဒေါ်လာ ၁၀၀ ကျော်သည် အထိ မြင့်တက် သွားစေခဲ့သည်။

ကန့်သတ်ခံ ထားရသည့် ဝယ်လိုအား

တရုတ် အမျိုးသား ဖွံ့ဖြိုးရေးနှင့် ပြုပြင် ပြောင်းလဲရေး ကော်မရှင် (NDRC) က နိုင်ငံတွင်း လောင်စာဆီ ဝယ်လိုအားကို လျှော့ချနိုင်ရေးအတွက် ယခုလို လောင်စာဈေးနှုန်းများ မြှင့်တင်ရန် လိုအပ်ကြောင်း ပြောကြားသည်။ "လောင်စာ သုံးစွဲမှု ဒရကြမ်း မြင့်တက်လာခြင်းသည် ကျွန်ုပ်တို့ တိုင်းပြည်၏ စီးပွားရေး အရရော သဘာဝ ပတ်ဝန်းကျင် အရပါ လက်သင့်ခံနိုင်သော ပမာဏထက် ကျော်လွန်သွားသည်" ဟု NDRC ၏ ပြောကြားချက်ကို ကိုးကား၍ Reuters သတင်းဌာနက ဖော်ပြသည်။ တရုတ်နိုင်ငံတွင် နောက်ဆုံးအကြိမ် အဖြစ် မြှင့်တင်လိုက်သည့် လောင်စာ ဈေးနှုန်းမှာ ဓာတ်ဆီ တစ်လီတာလျှင် ၄ ဆင့် နှင့် ဒီဇယ် တစ်လီတာလျှင် ၅ ဆင့်စီ ဖြစ်သည်။

ငွေကြေးဖောင်းပွမှု ဆိုင်ရာ ဖိအားများ

တရုတ် အပါအဝင် အာရှ တစ်လွှားရှိ နိုင်ငံ အတော် များများနှင့် ကျန်ကမ္ဘာ့ နိုင်ငံများသည် ယခုအခါ ငွေကြေး ဖောင်းပွမှုနှုန်း မြင့်တက်ခြင်းကို တိုက်ဖျက်လျက် ရှိကြသည်။ အစား အသောက်နှင့် လောင်စာဆီ ကဲ့သို့သော ကုန်ပစ္စည်းများ ရောင်းလိုအား တင်းကြပ်မှုကြောင့် ဈေးနှုန်းများကို မြင့်တက်သွားစေပြီး အစိုးရများနှင့် စားသုံးသူများပါ မအီမသာ ဖြစ်ကြရသည်။ ယခု ဖေဖော်ဝါရီလ အစောပိုင်းတွင် တရုတ် ဗဟိုဘဏ်က ဈေးနှုန်းများ မြင့်တက်မှုကို ထိန်းချုပ်နိုင်ရေး အလို့ငှာ အတိုးနှုန်းထားကို ၆ ဒဿမ ၀၆ ရာခိုင်နှုန်းအထိ မြှင့်တင်ပေးခဲ့သည်။

ယခုကဲ့သို့ လောင်စာ ဈေးနှုန်းများ မြင့်တက်မှုကြောင့် သယ်ယူ ပို့ဆောင်ရေး စရိတ်စက များလည်း မြင့်တက်စေနိုင်ပြီး အခြေခံ ကုန်ပစ္စည်း ဈေးနှုန်းများ အပေါ် ဂယက်ရိုက် ခတ်လာနိုင်ကြောင်း လေ့လာ ဆန်းစစ်သူများက ဆိုသည်။ တရုတ်အစိုးရက နောက်ဆုံး ထုတ်ပြန်သော ကိန်းဂဏန်းများ အရ ဈေးသုံးသူ ဈေးနှုန်းများသည် ဇန်နဝါရီလတွင် ၄ ဒဿမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment