Transparency Myanmar

transparency.myanmar@gmail.com

အထူးစီးပွားရေးဇုန်များ၌ အလုပ်အကိုင်အခွင့်အလမ်းအခြေအနေ

          မြန်မာနိုင်ငံ အထူးစီးပွားရေးဇုန်အဖြစ်သတ်မှတ်ထားသည့် နေရာတစ်ခုဖြစ်သည့် ထားဝယ်ရေနက်ဆိပ်ကမ်း၏ ပထမနှစ် စီမံကိန်းအတွက်  မြန်မာအလုပ်သမားပေါင်း ၆၀၀၀ခန့် အလုပ်ပေးသွားမည် ဖြစ်ကြောင်း အဆိုပါစီမံကိန်းကို အကောင်အထည်ဖော်နေသည့် Italian-Thai ကုမ္ပဏီ၏ တာဝန်ရှိသူတစ်ဦးနှင့်တွေ့ဆုံစဉ်က ပြောကြားသွားသည်။ " မြန်မာအလုပ်သမားတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ အများကြီးရှိတယ်" ဟု Italian-Thai ကုမ္ပဏီမှ စီမံကိန်း အင်ဂျင်နီယာ Suphap Satt hatham ကပြောကြားသည်။

          ပထမငါးနှစ် စီမံကိန်းအတွက် လုပ်သား ၇၀၀၀ ခန့်ဖြင့် ခန့်ထားရန် စီစဉ်ထား၍ မြန်မာအလုပ် သမား ၆၀၀၀နှင့် ထိုင်းအလုပ်သမား ၁၀၀၀ ခန့်ခန့်ထားမည်ဟုဆိုပြီး မြန်မာအလုပ်သမားများကို ကျွမ်းကျင်လုပ်သားနှင့် အထွေထွေလုပ်သား နှစ်မျိုးစလုံးခန့်ထားမည်ဟု ၎င်းကဆိုသည်။

          သို့သော် အဆိုပါ စီမံကိန်း၏ တာဝန်ရှိသူများနှင့် လေ့လာနေသော စီးပွားရေးလုပ်ငန်းရှင်များက ယင်းအထူးစီးပွား ရေးဇုန်စီမံကိန်းများ၌ ပြည်တွင်အလုပ်သမားများ၏ အလုပ်အကိုင်ရရှိမှု အခွင့်အလမ်းနည်းပါးသေးကြောင်း ပြောကြားသည်။ ပြည်ပရင်းနှီးမြုပ်နှံသူများအနေဖြင့် ၎င်းတို့၏ စီမံကိန်းတွင် အသုံးပြုမည့်နည်းပညာနှင့် အချက်အလက်များ ပြန့်ပွားမည်ကို စိုးရိမ်မှုများရှိနေခြင်း၊ ပြည်ပသို့ထွက်ကာ ရင်းနှီးမြုပ်နှံမှုများပြုလုပ်ကြခြင်းဖြစ်ကြောင်း နိုင်ငံသားများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးမှုများမဖြစ်ပေါ်စေရန်အတွက် ယင်းတို့၏ အလုပ်သမားများကို တစ်ပါးတည်း ခေါ်ဆောင်လာကြခြင်းများက မြန်မာနိုင်ငံသားများ၏ အလုပ်အကိုင်ရရှိစေမှု အခွင့်အလမ်းများကို နည်းပါးစေသည့် အကြောင်းပြချက်များပင်ဖြစ်နေကြောင်း အဆိုပါ အထူးစီးပွားရေးဇုန်များကို လေ့လာနေသည့် စီးပွားရေးပညာရှင်အချို့က သုံးသပ်ကြသည်။

" အဓိကကတော့ ကိုယ့်နိုင်ငံသားတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုပြီးများများရဖို့ပါ။ ပြီးရင် လုပ်ခလစာတွေလည်း သာတူညီမျှဖြစ်ဖို့ပါပဲ။ ကိုယ့်နိုင်ငံမှာ လာတည်ထောင်ရင်တော့ ကိုယ့်နိုင်ငံသားတွေက ပိုပြီးအခွင့်အရေးရသင့်တာပေါ့"ဟု စီးပွားရေး ဇုန်တစ်ခုတွင် မြန်မာနိုင်ငံဘက်မှ တာဝန်ယူထားရသည့် အစိုးရတာဝန်ရှိသူ တစ်ဦးကဆိုသည်။

          ပြည်တွင်း၌ လာရောက်ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ကြသော ပြည်ပနိုင်ငံစီမံကိန်းများတွင် နိုင်ငံသားများတွင် နိုင်ငံသားများ အလုပ်အကိုင်ရရှိရန် လိုအပ်သည့်အပြင် ဒေသခံများကို ဦးစားပေးအလုပ် ခန့်အပ်ခဲ့သည့် နာဂစ်မုန်တိုင်းအလွန် စီမံကိန်းများသကဲ့သို့ဖြစ်ရန်လိုအပ်ကြောင်း ရန်ကုန်မြို့တွင်း တည်ထောင်ထားသည့် နာမည်ရ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုမှ အထွေထွေမန်နေဂျာတစ်ဦးက သုံးသပ်သည်။ ယင်းကဲ့သို့ ဒေသခံများ၏ အလုပ်အကိုင်ရရှိမှု အခွင့်အလမ်းနှင့်ပတ်သက်ပြီး  အဆိုပါ တာဝန်ရှိသူက "အနောက်နိုင်ငံက ရင်းနှီးမြုပ်နှံမှု စီမံကိန်းတွေနဲ့ အာရှဒေသက အင်အားကြီးနိုင်ငံတွေရဲ့ ရင်းနှီးမြုပ်နှံမှုကကွာတယ်။ အာရှဒေသကဆိုရင် သူတို့နိုင်ငံ သားကို ပိုဦးစားပေးတယ်။ အနောက်နိုင်ငံတွေကတော့ သူတို့ ရင်းနှီးမြုပ်နှံမှုလုပ်တဲ့နိုင်ငံတွေက ဒေသခံတွေကို ဦးစားပေးတာတွေ့ရတယ်"ဟု ၎င်း၏အတွေ့အကြုံကို ဆက်လက် ပြောကြားသည်။

          အထူးစီးပွားရေးဇုန်အတွင်း ရင်းနှီးမြုပ်နှံသူများသည် ကျွမ်းကျင်မှုဆိုင်ရာလုပ်ငန်းများအတွက် နိုင်ငံသားကျွမ်းကျင်သူ အလုပ်သမားများ၊ အတက်ပညာရှင်များနှင့် ဝန်ထမ်းများကို ခန့်ထားရာတွင် လုပ်ငန်းစတင်သည့်နှစ်မှ ပထမငါးနှစ်ကုန်ဆုံးသည့် အချိန်တွင်နိုင်ငံသားအနည်းဆုံး ၂၅ ရာခိုင်နှုန်း၊ ဒုတိယ ငါးနှစ်ကုန်ဆုံးသည့် အချိန်တွင် အနည်းဆုံး ၅၀ ရာခိုင်နှုန်း၊ တတိယငါးနှစ်ကုန်ဆုံးသည့်အချိန်တွင် အနည်းဆုံး ၇၅ ရာခိုင်နှုန်း ခန့်ထားရမည်ဖြစ်ကြောင်း အထူးစီးပွားရေးဇုန် ပုဒ်မ (၅၁) ၌ ပြဋ္ဌာန်းထားသည်။ သို့သော် အနိမ့်ဆုံးလစာ မသတ်မှတ်ထားသေးတဲ့အတွက် ထားဝယ်ရေနက်ဆိပ်ကမ်းမှာ လုပ်ကိုင်နေတဲ့ လုပ်သားတွေနဲ့ ကုမ္ပဏီက တာဝန်ရှိသူတွေ လုပ်ခလစာနှင့် ပတ်သက်၍ ညှိ နှိုင်းဆွေးနွေးမှုတွေ လုပ်နေရပါတယ်။

          ထိုင်းနိုင်ငံမှာဆိုရင် အနိမ့်ဆုံးလုပ်ခလစာ တစ်နေ့ကို ၂၁၉ ဘတ်ဝန်းကျင်ဖြစ်တယ်။ အနိမ့်ဆုံး လုပ်ခလစာက တစ်နေ့ကို ၂၁၉ ဘတ်ဝန်းကျင်ဖြစ်တယ်။ အနိမ့်ဆုံးလုပ်ခလစာ မသတ်မှတ်ထားသေးတဲ့အခါမှာ ဒေသခံလုပ်သားဘက်မှာ နစ်နာမှုကြုံတွေ့ရတာတွေရှိပါတယ်။ အငြိမ်းစား ဘူမိဗေဒပညာရှင်တစ်ဦးက " ရခိုင်ရေနက် ဆိပ်ကမ်းမှာ အင်ဂျင်နီယာ အလုပ်ခေါ်တုန်းက အင်ဂျင်နီယာတစ်ယောက်က မျှော်မှန်းလစာကို တစ်သိန်းပြောတယ်။ နောက်တစ်ယောက်က ငါးသောင်းနဲ့ လုပ်နိုင်တယ်ပြောလို့ သူ့ကို ခန့်လိုက်တယ်။ ဒီကုမ္ပဏီက အင်ဂျင်နီယာတစ်ယောက်က ငါးသောင်းနဲ့ရတယ် ဆိုတာမျိုး ဖြစ်သွားတယ်" လို့ သူရဲ့အတွေ့အကြုံပြောပါတယ်။

          အနိမ့်ဆုံးလုပ်ခလစာလို့ဆိုရာမှာ အနိမ့်ဆုံးအလုပ်တွေက အိမ်အကူ၊ သန့်ရှင်းရေး၊ ညစောင့် ၊ ပန်းရန်ဆိုရင်လည်း အုတ်သယ်စတဲ့ အလုပ်တွေဖြစ်တယ်။ လက်သမားတို့၊ အထည်ချုပ်က စက်ချုပ်သမားစတာတွေက ကျွမ်းကျင်တဲ့ပညာရှိလို့ အနိမ့်ဆုံးထဲမှာ မပါဝင်ပါဘူး။ စီးပွားရေးပညာရှင်တစ်ဦးက " နိုင်ငံတစ်ချို့မှာ အနိမ့်ဆုံး လစာ သတ်မှတ်တယ်၊ လူတန်းစေ့နေထိုင်နိုင်ဖို့အတွက် ဘယ်လောက်ရှိသင့်တယ်ဆိုတာမျိုး ဥပဒေနဲ့ ပြဋ္ဌာန်းထားတယ်။ သူတို့ဆီက အလုပ်လက်မဲ့က သူတို့တက်တဲ့ပညာနဲ့ သတ်မှတ်ထားတဲ့လစာမရရင်မလုပ်ဘဲ ထောက်ပံ့ကြေးထုတ်ယူတယ်၊ ဘွဲ့ရတဲ့သူက  ရရာအလုပ် လုပ်တာမျိုးမရှိဘူး။ သက်ဆိုင်ရာက ဒါကိုကြည့်ပြီး သူတို့နိုင်ငံက ဘယ်လိုအလုပ်တွေပဲ များနေလဲဆိုတာသိပြီး စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေလုပ်တယ်" လိုဆိုသည်။

          နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေကြောင့် အလုပ်အကိုင်အခွင့်အလမ်းတွေ များပြားလာမှာဖြစ်တယ်။ ထားဝယ်ရေနက် ဆိပ်ကမ်းစီမံကိန်းမှာ စက်မှုဇုန်တွေစတင်ရင် လုပ်သားလိုအပ်ချက်က သိန်းချီ၊ သန်းချီလိုအပ်မယ့် အနေအထားဖြစ် ပါတယ်လို့ စီးပွားရေးပညာရှင်တစ်ချို့က ခန့်မှန်းထားတယ်။ နိုင်ငံခြားကို ရောက်ရှိနေတဲ့ မြန်မာလုပ် သားတစ်ချို့ကလည်း စီမံကိန်းကြီးတွေမှာ ပေးတဲ့လုပ်ခလစာက နိုင်ငံခြားမှာရတဲ့လစာနဲ့ မကွာရင်သည်ကို ပြန်လာလုပ်ဖို့ စိတ်ဝင်စားနေကြပါတယ်။ စီးပွားရေးပညာရှင်က " နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဝင်လာတာနဲ့အမျှ ဒီကလုပ်သားတွေ မနစ်နာဖို့ အနိမ့်ဆုံးလစာ သတ်မှတ်ဖို့လို တယ်၊ ကမ္ဘာ့ဘဏ်က အနိမ့်ဆုံးဝင်ငွေ လူတစ်ယောက်ကို တစ်နေ့ နှစ်ဒေါ်လာဝန်းကျင် သတ်မှတ်တယ်၊ လုပ်သားတွေ စားဝတ်နေရေး ပြေလည်လာတာနဲ့အမျှ စီးပွားရေးအားလုံးလဲ ကောင်းလာမယ်၊ လစာတွေကို အမြဲတမ်း ငါးနှစ်တစ်ကြိမ်လောက် ပြန်သုံးသပ်ပြီး ခောတ်နဲ့အညီ ပြင်ဆင်ပေးဖို့လိုပါ တယ်" လို့ဆိုပါတယ်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment