Transparency Myanmar

transparency.myanmar@gmail.com

(23 February 2011 ရက်စွဲပါ Ameloa Salyers ၏ "To Sanction or not to Sanction" ကို ဘာသာ ပြန်ဆိုသည်။)

          ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က သူမ၏ တိုင်းပြည်တွင် နည်းပညာ၊ အခြေခံ အဆောက် အဦးနှင့် အသေးစား ငွေချေး ကဏ္ဍများ တိုးတက် ဖွံ့ဖြိုးစေရန် အတွက် စတင် ရင်းနှီး မြှုပ်နှံကြရန် နိုင်ငံတကာ အသိုင်းအဝိုင်းကို တောင်းဆိုထားသည်။ "ထိခိုက် ပျက်စီးမှုတွေ၊ ပေးဆပ်မှုတွေကိုလည်း အထူး သတိထားဖို့ လိုအပ်ပါတယ်။ သဘာဝ ပတ်ဝန်းကျင် ကဏ္ဍပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် လူမှုဆိုင်ရာ ကဏ္ဍမှာပဲ ဖြစ်ဖြစ် ပေါ့" ဟု ပြောကြားခဲ့သော ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်သူ ၅၅ သန်းကို ၂၁ ရာစုသို့ ခေါ်ဆောင်ရန် အတွက် "တာဝန် ယူသော ရင်းနှီး မြှုပ်နှံမှု" များ ဖြစ်ရန် လိုအပ်သည်ဟု အခိုင်အမာ ဆိုသည်။

စိတ်မကောင်း စရာမှာ ဒေါ်အောင်ဆန်းစုကြည်၏ သဝဏ်လွှာ ရောက်ရှိ လာချိန်တွင် နိုင်ငံတကာ၏ အာရုံက အရှေ့ အလယ်ပိုင်းမှ ပြဿနာ အကျပ်အတည်း အပေါ်တွင် ကျရောက် နေသောကြောင့် အခြား ဖိနှိပ် အုပ်စိုးသည့် အာဏာရှင် အစိုးရများ၏ ပြုပြင် ပြောင်းလဲရေးနှင့် ပတ်သက်သည့် အရေးကြီး ဆွေးနွေးမှုများ အတွက် အချိန် အနည်းငယ်သာ ပေးခဲ့ခြင်းပင် ဖြစ်သည်။ အမှန် စင်စစ်တွင် သူမ၏ ဒါဗို့စ် သဝဏ်လွှာပါ မှတ်ချက်များကို အလေးအနက် အာရုံ စိုက်သည်ဟု ယူဆရသည့် တစ်ခုတည်းသော အစိုးရမှာ မြန်မာ တပ်မတော် အစိုးရ သာလျှင် ဖြစ်သည်။ အနောက်နိုင်ငံ ရင်းနှီး မြှုပ်နှံမှုများကို ဟန့်တားထားသည့် Sanctions များ ရုတ်သိမ်းရန်၊ အနောက် နိုင်ငံများကို တောင်းဆိုခြင်း ဟုတ်/မဟုတ် အငြင်းအခုန် ပြဿနာကို ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာ နိုင်ငံ ဖွံ့ဖြိုးမှု မြှင့်တင်ရေး သဝဏ်လွှာက အစပျိုး ပေးလိုက်ပြီး နောက်တွင် သူမ၏ NLD ပါတီက ပစ်မှတ်ထား Sanctions များကို ထောက်ခံကြောင်း ထပ်မံ ကြေညာချက်ကို လွန်ခဲ့သော ၂ ပတ်ခန့်က ထုတ်ပြန်ခဲ့သည်။ ယင်းကြေညာချက်ကို တုန့်ပြန်သည့် အနေဖြင့် တပ်မတော် အစိုးရ၏ အာဘော် New Lights of Myanmar သတင်းစာက ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီသည် Sanction များကို ထောက်ခံကြောင်း ကြေညာသည့် အတွက် ကြေကွဲဖွယ် အဆုံးသတ်နှင့် ရင်ဆိုင်ရလိမ့်မည်ဟု သတိပေးခဲ့သည်။ ထိုသို့ အပြန်အလှန် ပြောဆိုမှုသည် မြန်မာပြည်သူများထံ အနောက်နိုင်ငံ ကုမ္ပဏီများ ရင်းနှီး မြှုပ်နှံရေး အတွက် နည်းလမ်းသစ်များကို ဆွေးနွေးရမည့် အစား တပ်မတော် အစိုးရက ဖြစ်စေချင်သော Sanctions အကြောင်း ငြင်းခုံပွဲ ဓာတ်ပြားဟောင်းကြီး ပြန်ဖွင့်သည့် အနေအထားသို့ လမ်းချော်ကာ ပြန်လည် ရောက်ရှိသွားခဲ့သည်။

ထိုကဲ့သို့ အနောက်နိုင်ငံ များကလည်း ဝေခွဲမရဖြစ်၊ NLD ပါတီကလည်း ဓာတ်ပြား ဟောင်းကြီးကို ဖက်တွယ်ထားချိန်တွင် တရုတ်၊ ထိုင်း စသော မြန်မာ အိမ်နီးချင်းများက ပွဲလန့်တုန်း ဖျာဝင် ခင်းသွားကြသည့် အပြင် ဒေါ်အောင်ဆန်းစုကြည်၏ သဘာဝ ပတ်ဝန်းကျင်နှင့် လုပ်သား အခွင့်အရေးများကို လေးစားကြရန် မေတ္တာရပ်ခံမှုကိုပါ ဂရုမစိုက် သယောင် မျက်နှာပြောင် တိုက်ခဲ့ကြသည်။

သာဓက အနေဖြင့် ဖြစ်ရာမှာ ထိုင်းနိုင်ငံ၏ အကြီးဆုံး လုပ်ငန်းစုကြီးများ ထဲမှ တစ်ခုဖြစ်သည့် အီတာလျံ ထိုင်းကုမ္ပဏီက ဦးဆောင်ကာ မြန်မာနိုင်ငံ တောင်ပိုင်းတွင် စက်မှု စီးပွားရေးဇုန် တစ်ခု ဖန်တီးရန် ရည်ရွယ်လုပ် ဆောင်နေသည့် ထားဝယ် ဖွံ့ဖြိုးရေး စီမံကိန်းသစ် ဖြစ်ပြီး မြန်မာ အလုပ်သမား သန်းနှင့် ချီကာ အလုပ်အကိုင် ရမည်ဟု ဆိုကြသည်။ အမှန်စင်စစ် ထားဝယ် စီမံကိန်းသည် တနင်္သာရီ ကမ်းရိုးတန်း တစ်လျှောက်ရှိ နဂိုရည် မပျက် ယွင်းသေးသည့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေမည့် အပြင် ဒေသခံနေထိုင်သူများနှင့် မြန်မာ အလုပ် သမား သန်းပေါင်း များစွာ၏ သဘာဝကိုပါ အန္တရာယ် ဖြစ်စေမည့် အလားအလာ ရှိနေပသည်။ အောက်စပို့စ်ထွက် ပညာတတ် ဝန်ကြီးချုပ် အဘီဆစ်ဂျာဂျီးမားက "တချို့စက်မှု လုပ်ငန်းတွေက ထိုင်းနိုင်ငံထဲမှာ ထားရှိဖို့ မသင့်တော်ပါဘူး။ ဒါကြောင့် အီတာလျံထိုင်းက ထားဝယ်ကို သွားပြီး အကောင်အထည် ဖော်ရတာပါ"ဟု ပြောကြားခဲ့ခြင်းကို International Herald Tribone သတင်းစာက မူရင်းမပျက် ဖော်ပြထားသည်။ အဆိုပါ စကားသည် "မြန်မာ အလုပ်သမားများ၏ ဝနှင့် လူနေမှု အဆင့်အတန်းသည် ထိုင်းနိုင်ငံ သားများ လောက် တန်ဖိုး မရှိ"ဟု သိသိသာသာ ရည်ညွှန်း လိုက်ခြင်းပင် ဖြစ်သည်။ IHT သတင်းစာ ဆောင်းပါးတွင် မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံနှင့်မည်သို့ မည်ပုံကွာခြားကြောင်း၊ အန္တရာယ်စီမံကိန်းများကို ဆက်၍ အကောင် အထည် မဖော်မှီ သဘောဝ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှု အစီရင်ခံစာ တင်ပြရန်၊ ဒေသခံ နေထိုင်သူများနှင့် ဆွေးနွေး ညှိနှိုင်းရန် လိုအပ်သည့် ဥပဒေ အမျိုးအစားများ မရှိကြောင်း၊ ကျင့်ဝတ် သိက္ခာ မရှိသည့် နိုင်ငံခြား ကုမ္ပဏီ များသည် ကျင့်ဝတ်သိက္ခာ မရှိသည့် အစိုးရနှင့် ပေါင်း၍ စီးပွားရှာရန် လွယ်ကူကြောင်း စသဖြင့် အသေးစိတ် ရေးသား ထားသည်။

ထိုင်းကုမ္ပဏီများ သာလျှင် မြန်မာ နိုင်ငံတွင် ဥပဒေ ထိန်းချုပ်မှု အနှောင့် အသွား ကင်းကင်းဖြင့် ရင်းနှီး မြှုပ်နှံခွင့် ရကြသည် မဟုတ်ပါ။ လတ်တလောနှစ်များ အတွင်း တရုတ် ကုမ္ပဏီများကလည်း သယံဇာတ ဆာလောင်နေသော ၎င်းတို့ တိုင်းပြည်တွင် အသုံးပြုရန်အတွက် မြန်မာနိုင်ငံ၏ ပေါကြွယ်ဝသော သယံဇာတများကို ရိတ်သိမ်းရန် အလို့ငှာ ၎င်းတို့၏ တောင်ဖက် အိမ်နီးချင်း မြန်မာပြည်ထဲသို့ အုပ်စုလိုက် ဝင်လာကြပြီ ဖြစ်သည်။ နိုဝင်ဘာ ရွေးကောက်ပွဲများ မပြုလုပ်ခင်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မပေးခင် ပြီးခဲ့သော အောက်တိုဘာ လအတွင်း မြန်မာနိုင်ငံ တဝှမ်းသို့ စာရေးသူ ၂ ပတ်ခန့် ခရီး လှည့်လည်ခဲ့သည်။ အမှတ်တရ ပစ္စည်း ရောင်းသူမှ သည် လူလတ်တန်းစား ဟိုတယ်မန်နေဂျာနှင့် ချမ်းသာသော အနောက်နိုင်ငံ ဘွဲ့ရ စီးပွားရေး လုပ်ငန်းရှင် အဆုံး စာရေးသူ တွေ့ဆုံခဲ့သမျှ ဒေသခံ အားလုံးက ပြောပြကြသည်မှာ တရုတ် စီးပွားရေး နယ်ချဲ့ ဝင်ရောက်လာမှု အကြောင်းပင် ဖြစ်သည်။ သူတို့ နိုင်ငံ၏ သယံဇာတများကို တရုတ် ကုမ္ပဏီများက "ချွတ်ယူ" နေကြပြီး တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ်ကြီးများသာ အမြတ် ထွက်နေသည်ဟု မြန်မာ ပြည်သူ အများစုက ယုံကြည်ထား ကြသည်။ သာဓက တစ်ခုမှာ မြောက်များ စွာသော ရေအား လျှပ်စစ် ဓာတ်အားပေး စက်ရုံများ၊ သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံများ၊ အခြား အမျိုးအစား ဓာတ်အားပေး စက်ရုံများ ရှိနေသော်လည်း ထွက်ရှိလာသော လျှပ်စစ်ဓာတ်အား အများစုကို အစိုးရက အိမ်နီးချင်း ထိုင်းနှင့် တရုတ်သို့ ရောင်းချနေပြီး မြန်မာပြည်သူ များမှာမူ လုံးဝနီးပါး အမှောင်ထုထဲတွင် နေထိုင်ကြရခြင်းပင် ဖြစ်သည်။ မြန်မာနိုင်ငံ အတွင်း တရုတ် စီးပွားရေး လုပ်ငန်းများ ဆက်နွယ်နေပုံကို မန္တလေးမှ ဒေသခံ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပြောပြရာတွင် "ကျွန်းသစ်လို သဘာဝ ကုန်ကြမ်းတွေကို တရုတ် ကုမ္ပဏီတွေက အောက်ဈေးနဲ့ ဝယ်တဲ့ အချိန်မှာ ဗိုလ်ချုပ်တွေ အိတ်ထဲကို ပိုက်ဆံတွေ ရောက်သွားတယ်။ ဒီကုန်ကြမ်းတွေကို တရုတ် စက်ရုံတွေမှာ ကုန်ချောအဖြစ် ထုတ်လုပ်ပြီး မြန်မာပြည်ထဲကို ဈေးကြီးကြီးနဲ့ ပြန်ရောင်းတဲ့ အချိန်မှာ ဗိုလ်ချုပ်တွေနဲ့ အစိုးရ အိတ်ထဲကို ပိုက်ဆံတွေနောက်တစ်ကြိမ် ဝင်လာ ပြန်တယ်" ဟု ဆိုသည်။

"ကဲ အရပ်ကတို့ရေ ဘယ်လို လုပ်ကြမလဲ" မြန်မာလို မေးခွန်း ထုတ်ပါမည်။ တပ်မတော် အစိုးရက သူ၏ ပြည်သူလူထုကို သံလက်သီးဖြင့် ဆုပ်ထားသော်လည်း မျှော်လင့်ချက်ထားရန် အကြောင်းများ ရှိနေသည်။ NLD ပါတီက Sanctions များကို ထောက်ခံကြောင်း ထပ်မံ ကြေညာ ခဲ့သည့် တိုင်အောင် မြန်မာ လူငယ်ပိုင်း တက်ကြွ လှုပ်ရှားသူများ အပါအဝင် အရေအတွက် တိုးလာနေသည့် အနောက်နိုင်ငံ အကဲခတ် လေ့လာသူ များစွာက Sanctions များ ရုတ်သိမ်းရေးကို ပိုမို လှုံ့ဆော်ရန် စတင်နေကြသည်။

ကနေဒါ သတင်းစာ Globe and Mail မှ လတ်တလော ဆောင်းပါး တစ်ပုဒ်တွင် Mark Mackinnon ထောက်ပြခဲ့သည့် အတိုင်း တရုတ် နိုင်ငံသည် မြန်မာ နိုင်ငံ ကဲ့သို့ပင် အာဏာရှင် အစိုးရနှင့် အဂတိ လိုက်စားမှုများ ရှိနေသော်လည်း အနောက် နိုင်ငံများက စီးပွားရေး အရ လက်တွဲ လုပ်ဆောင် ခဲ့ခြင်းကြောင့် သန်းပေါင်း များစွာသော တရုတ်ပြည်သူများ အကျိုးအမြတ် များစွာ ဖြစ်ထွန်းကာ ဆင်းရဲတွင်းမှ ရုန်းထွက် နိုင်ခဲ့ကြသည်။ ပြောရမည် ဆိုလျှင် မြန်မာနိုင်ငံသည် မြောက်ကိုရီးယားလို နိုင်ငံမျိုးထက် သိသိသာသာ ပိုမို ပွင့်လင်းသော လူ့အဖွဲ့ အစည်း ရှိနေသည့် နိုင်ငံ ဖြစ်သည်။ မြန်မာ အများစုမှာ SIM Card တစ်ခုလျှင် 10 သိန်းကျပ် (ဒေါ်လာ 1000) ခန့် တန်ဖိုးကြောင့် မိုဘိုင်းဖုန်း မကိုင်နိုင်ကြသော်လည်း စာရေးသူ တွေ့ဆုံခဲ့သမျှ လူအများစုတွင် facebook နှင့် Email accounts များ ရှိထားကြသည်။ အဆိုပါ အင်တာနက် ဆက်သွယ်ရေး လမ်းကြောင်းမှ တစ်ဆင့် မြန်မာ ပြည်သူများသည် ၎င်းတို့နှင့် တွေ့ဆုံခဲ့သော ခရီးသွား တိုးရစ်များနှင့် ဆက်သွယ်ခြင်း၊ နိုင်ငံတကာ သတင်းများ ရယူခြင်းတို့ကို ပြုလုပ်လျက် ရှိကြသည်။ မြန်မာ ဗိုလ်ချုပ်များသည် သူတို့၏ ပြည်သူ လူထုကို နည်းပေါင်းစုံဖြင့် ကောင်းစွာ ဖိနှိပ် အုပ်ချုပ် နိုင်ခဲ့ကြသော်လည်း ကမ္ဘာလုံး ဆိုင်ရာ အင်တာနက် ခေတ်ပြောင်း တော်လှန်ရေး၏ ပါဝါ ကိုမူ လျော့၍ တွက်ဆ ခဲ့ကြပုံ ရသည်။

အသက် ၇၈ နှစ် ရှိပြီဟု ဆိုသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေကဲ့သို့ အရွယ်လွန် ဗိုလ်ချုပ်ကြီးများ မရှိတော့သည့် အချိန်တွင် မြန်မာ ပြည်သူများ ပြင်ပ ကမ္ဘာနှင့် ပိုမို ထိတွေ့ နိုင်ကြမည် ဖြစ်ပေရာ၊ မြန်မာ ပြည်သူများ ဆယ်စုနှစ် များစွာ မျှော်လင့်ခဲ့ကြသည့် တည်ငြိမ်၊ ပွင့်လင်းသော ဒီမိုကရေစီ စနစ်သို့ အသွင် ကူးပြောင်းရန် အခွင့်အရေး ရှိနေကြောင်း တင်ပြ လိုက်ရပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment