Transparency Myanmar

transparency.myanmar@gmail.com

ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးပါတီက မြန်မာနိုင်ငံပေါ် ဒဏ်ခတ် အရေးယူသည့် မူဝါဒများ ပြန်လည် ပြင်ဆင် ပြဋ္ဌာန်းရေးအတွက် အမေရိကန် အပါအဝင် အနောက် နိုင်ငံများနှင့် တွေ့ဆုံ ဆွေးနွေး လိုကြောင်း ထုတ်ဖော် ပြောဆိုလိုက်သည်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အဓိက အတိုက်အခံ ပါတီကြီး တစ်ခု ဖြစ်ခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ထုတ်ပြန်လိုက်သော ကြေညာချက် တစ်ရပ်မှာ စစ်အစိုးရ အပါအဝင် အထီးကျန် ဖြစ်နေသော မြန်မာနိုင်ငံ၏ အဖိုးတန် သဘာဝ ဓာတ်ငွေ့များကို ရယူလိုသည့် အနောက် ကမ္ဘာမှ ရင်းနှီး မြှုပ်နှံရေး လုပ်ငန်းကြီးများ အတွက် ထိခိုက် နစ်နာမှု ပိုမို ရှိစေလာမည်ဟု Reuters သတင်းက ရေးသားသည်။

"ဒဏ်ခတ် အရေးယူမှုတွေက စစ်အစိုးရ ခေါင်းဆောင်တွေနဲ့ သူတို့နဲ့ နီးစပ်တဲ့ စီးပွားရေး လုပ်ငန်းတွေကိုပဲ ထိခိုက် နစ်နာစေပြီး မြန်မာ ပြည်သူ အများစုအပေါ် ထိခိုက် နစ်နာမှု မရှိဘူး ဆိုတာကို ကျွန်တော်တို့ တွေ့ရပါတယ်" ဟု NLD ဒုတိယ ဥက္ကဌ ဦးတင်ဦးက Reuters သတင်း ဌာနသို့ ပြောကြားသည်။

NLD ပါတီက ကြေညာချက် ထုတ်ပြန်ရာတွင် ပါတီအနေဖြင့် ပိတ်ဆို့ အရေး ယူမှုများနှင့် ပတ်သက်ပြီး အနောက် နိုင်ငံများနှင့် တွေ့ဆုံ ဆွေးနွေးလိုကြောင်း၊ အနောက် နိုင်ငံများ အနေဖြင့် ယင်းမူဝါဒများကို မည်သို့မည်ပုံ ပြုပြင် မွမ်းမံပေးနိုင်မည် ဟူသော အချက်ကို ဆွေးနွေးလိုခြင်း ဖြစ်ကြောင်း ဆိုထားသည်။ မြန်မာနိုင်ငံ၏ စီးပွားရေး အခက် အခဲများနှင့် ပြဿနာများကို လျှော့ချ ပေးနိုင်မည့် ရင်းနှီး မြှုပ်နှံမှု ဆိုင်ရာ လမ်းညွှန်ချက်များ လိုအပ်သည်ဟုလည်း NLD က တိုက်တွန်း ပြောဆိုသည်။

မြန်မာ စစ်အစိုးရ၏ ညှန်းပန်း နှိပ်စက်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် အမေရိကန် ပြည်ထောင်စုနှင့် အနောက်နိုင်ငံများက မြန်မာအပေါ် ပိတ်ဆို့ အရေးယူသည့် မူဝါဒများကို ဆက်လက် ကျင့်သုံးနေဆဲ ဖြစ်သည်။ မြန်မာနိုင်ငံ၏ စီးပွားရေးသည် များစွာ နောက်ကျ ကျန်ရစ်ခဲ့ပြီ ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရန် လိုအပ်သည်ဟု ဆိုသည်။

"ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် ကောင်းမွန်သော စီးပွားရေး ဝန်းကျင်မျိုး ထွက်ပေါ် လာရေး အတွက် ပိတ်ဆို့ အရေးယူများကို မည်သည့် အချိန်၊ မည်သည့် အနေအထား အောက်တွင် မည်သို့ ပြုပြင် ပြဋ္ဌာန်းမည် ဟူသော သဘော တူညီချက် ရယူရန် NLD အနေဖြင့် အမေရိကန် ပြည်ထောင်စု၊ ဥရောပသမဂ္ဂ၊ ကနေဒါ၊ သြစတြေးလျ နိုင်ငံတို့နှင့် တွေ့ဆုံ ဆွေးနွေးလိုသည်" ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အငြင်းပွားစရာ ဖြစ်ခဲ့သော နိုဝင်ဘာလ ၇ ရက် အထွေထွေ ရွေးကောက်ပွဲ ကျင်းပပြီး ရက်ပိုင်းမျှတွင် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာသည်။ အဆိုပါ ရွေးကောက်ပွဲကို အတိုက်အခံ နိုင်ငံရေး အုပ်စုများနှင့် အနောက်နိုင်ငံများက များစွာ ပြစ်တင် ဝေဖန်ခဲ့ကြသည်။

နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက် လက်ခံပြုလုပ်ခဲ့သော အင်တာဗျူးများတွင် ဒေါ်အောင်ဆန်းစုကြည်က ပိတ်ဆို့ အရေးယူမှုများကို ဖယ်ရှားပေးနှင့် ပတ်သက်၍ စဉ်းစားကောင်း စဉ်းစားမည် ဟူသော အရိပ်အမြွက်များ ပြောဆိုခဲ့သည်။ သို့အတွက်ကြောင့် မြန်မာနိုင်ငံတွင် ရင်းနှီး မြှုပ်နှံနိုင်ရေး အတွက် အနောက်ကမ္ဘာမှ လုပ်ငန်းကြီးများ အာရုံ စိုက်လာကြသလို သံခင်းတမန်ခင်း ဆိုင်ရာ လုပ်ကိုင် ဆောင်ရွက်ချက် များစွာလည်း ဖြစ်ပေါ်ခဲ့သည်။

လေ့လာ သုံးသပ်သူများ အဆိုအရ အနောက်ကမ္ဘာ၏ ပိတ်ဆို့ အရေးယူမှုများသည် မြန်မာ နိုင်ငံတွင်း ပြုပြင် ပြောင်းလဲမှုများ ပေါ်ထွန်အောင် ဆောင်ရွက် ပေးနိုင်စွမ်း မရှိဘဲ မြန်မာ စစ်ဗိုလ်ချုပ်ကြီး များနှင့် ၎င်းတို့၏ စီးပွားရေး အပေါင်းအပါများ အိမ်နီးချင်း နိုင်ငံများ ဖြစ်သည့် တရုတ်၊ ထိုင်း အစ ရှိသည်တို့နှင့် ပိုမို မဟာမိတ် ဖွဲ့ရန်သာ တွန်းအား ပေးခဲ့သလို ဖြစ်သည်ဟု ဆိုသည်။

အနောက်ကမ္ဘာ၏ ပိတ်ဆို့ အရေးယူမှုမူ ဝါဒများမှာ မြန်မာနိုင်ငံနှင့် လက်နက်ရောင်းဝယ်မှု၊ ရင်းနှီးမြှုပ်နှံမှု အသစ်ပြုလုပ်မှု၊ စစ်အစိုးရ အရာရှိကြီးများ ခရီး သွားလာခွင့်နှင့် ၎င်းတို့၏ ပြည်ပ ဘဏ်စာရင်းများ ပိတ်ပင်မှုတို့ဖြစ်ရာ မြန်မာစီးပွားရေးကို ထိခိုက် နစ်နာစေပြီး ပြည်သူလူထုလည်း ထိခိုက်ရသည်ဟု လေ့လာ သုံးသပ်သူများက ဆိုသည်။

Reuters နှင့် BBC သတင်းကို ပူးတွဲ ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment