Transparency Myanmar

transparency.myanmar@gmail.com

ကုလသမဂ္ဂမှ နျူကလီးယား ရေးရာ ကျွမ်းကျင်သူများ အဆိုအရ မြောက်ကိုရီးယားတွင် ဖုံးကွယ်ထားသော နျူကလီးယား အလုပ်ရုံ အနည်းဆုံး တစ်ခု ရှိကြောင်း သိရသည်။

ကုလသမဂ္ဂ၏ လျှို့ဝှက် သတင်း ပေးပို့ချက် တစ်ရပ်တွင် မြောက်ကိုရီးယားမှ အဆိုပါ လျှို့ဝှက် နျူကလီးယား စက်ရုံ နယ်မြေထဲသို့ သွားရောက် လည်ပတ်ခဲ့သူ အမေရိကန် သိပ္ပံပညာရှင် Siegfried Hecker ၏ သက်သေ အထောက် အထားများကို အခြေခံကာ ရေးသား ဖော်ပြထားသည်။

သိပ္ပံပညာရှင် Siegfried Hecker က မြောက်ကိုရီးယားတွင် တွေ့မြင်ခဲ့ရသော စက်ဒလက်များမှာ အခြား လျှို့ဝှက်ထားသော နျူကလီးယား စက်ရုံများမှ ဖြစ်နိုင်ခြေရှိကြောင်း ကုလသမဂ္ဂ နျူကလီးယား ကျွမ်းကျင်သူများ အဖွဲ့သို့ အသိပေး ပြောဆိုခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ နျူကလီးယား ကျွမ်းကျင်သူများက ရေးသားသော အစီရင်ခံစာကို ထုတ်ဝေခြင်း မရှိသေးကြောင်း၊ သို့သော် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသို့ ပေးပို့လိုက်ပြီ ဖြစ်ကြောင်း BBC သတင်းက ဆိုသည်။

မစ္စတာ Hecker သည် ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် မြောက်ကိုရီးယား နိုင်ငံသို့ သွားရောက် လည်ပတ်ခဲ့ရာ အာဏာပိုင်များက ၎င်းအား ယုံဗြွန် နျူကလီးယား စက်ရုံနယ်မြေထဲမှ ယူရေနီယံ သန့်စင်မှု အပြည့်အဝ လုပ်ဆောင်နိုင်သော စက်ရုံတစ်ခုကို ပြသခဲ့ကြသည်။ မစ္စတာ Hecker က လုံခြုံရေး ကောင်စီသို့ မြောက်ကိုရီးယားတွင် ဖုံးကွယ်ထားသော နျူကလီးယား စက်ရုံများ ရှိကြောင်း အကျဉ်းချုံး တင်ပြခဲ့ပြီးနောက် ကုလသမဂ္ဂ နျူကလီးယား ကျွမ်းကျင်သူများ အနေဖြင့် အစီရင်ခံစာ တစ်စောင် ထုတ်ပြန်ရန် တိုက်တွန်း ပြောဆိုခဲ့သည်။

သံတမန်ကြီးများ အဆိုအရ လျှို့ဝှက် သတင်း ပေးပို့ချက်တွင် ပါရှိသော ယုံဗြွန်စက်ရုံမှ စက်ဒလက်များနှင့် အခြားသော ပစ္စည်းများသည် လျှို့ဝှက် ဖုံးကွယ်ထားသော နျူကလီးယား စက်ရုံများတွင် လည်ပတ် လုပ်ကိုင်ပြီး ဖြစ်သော ပစ္စည်းများ ဖြစ်ကြောင်း သိရသည်။

အခြားသော သံတမန်တစ်ဦးကမူ "လျှို့ဝှက် နျူကလီးယား စက်ရုံ တစ်ခုခုမရှိဘဲ ၂၀၀၉ ခုနှစ်ကနေ အခုအချိန်အထိ စက်ဒလက်တွေ တပ်ဆင် ထုတ်လုပ်နိုင်တယ် ဆိုတဲ့ ကိစ္စဟာ မဖြစ်နိုင်ပါဘူး" ဟု Reuters သတင်းဌာနသို့ ပြောကြားသည်။

သို့သော် မစ္စတာ Hecker က နျူကလီးယား ကျွမ်းကျင်သူများသို့ ပြောကြားရာတွင် မြောက်ကိုရီးယားသည် အဆိုပါ ပစ္စည်းကိရိယာများ အားလုံးကို ထုတ်လုပ်နိုင်ခဲ့ပုံ မရကြောင်း ပြောဆိုသည်။ ဖြစ်နိုင်ခြေ ရှိသော အချက်မှာ မြောက်ကိုရီးယားသည် အချို့သော ပစ္စည်းများကို ပြည်ပမှ တင်သွင်းပြီး နိုင်ငံတွင်း တပ်ဆင်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု ဆိုသည်။

ကုလသမဂ္ဂ နျူကလီးယား ကျွမ်းကျင်သူများ အဖွဲ့သည် မြောက်ကိုရီးယား နျူကလီးယား ဆိုင်ရာ အရာရှိကြီးများကို ပိတ်ဆို့ အရေးယူသည့် မူဝါဒများ ချမှတ်ခဲ့သည့် အဖွဲ့လည်း ဖြစ်ကြောင်း သတင်း ပေါက်ကြားချက်အရ သိရသည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment