Transparency Myanmar

transparency.myanmar@gmail.com

(ဖေဖော်ဝါရီလ ၈ ရက် ၂၀၁၁ ရက်စွဲပါ Asahi Shimbun မှ အယ်ဒီတာ့ အာဘော် Myanmar's Parliament ကို ဘာသာ ပြန်ဆိုသည်)

မြန်မာ နိုင်ငံ၏ အသစ် စတင် ဖွဲ့စည်းလိုက်သော လွှတ်တော်ကို အုပ်ချုပ်ရေး မြို့တော်သစ် နေပြည်တော်တွင် ယခင် အပတ်က ခေါ်ယူ စည်းဝေးခဲ့သည်။ အဆိုပါ လွှတ်တော် အစည်း အဝေးသည် ကြီးမားသော လွှတ်တော် အဆောက်အဦးသစ် တရားဝင် ဖွင့်လှစ်ခြင်း အခမ်း အနား ဖြစ်သော်လည်း မီဒီယာများ အနားကပ်ခွင့် မရခဲ့ကြပါ။ အနှစ် ၂၀ အတွင်း ပထမဆုံး ရွေးချယ် တင်မြှောက်သော လွှတ်တော်၏ ဆုံးဖြတ်ချက်များကို ညပိုင်းရောက်မှသာ နိုင်ငံပိုင် ရုပ်သံ သတင်း အစီအစဉ်မှ တစ်ဆင့် ပြည်သူများ သိရှိကြရသည်။

ပြီးခဲ့သော ရက်သတ္တပတ် အတွင်း မြန်မာနိုင်ငံ၏ တာထွက်မှု အသစ် များစွာ ရှိခဲ့သော်လည်း ဒီမိုကရေစီနှင့် နီးစပ်သည့် ဆောင်ရွက်ချက် တစ်ခု တစ်လေမှ ပြသစရာ မရှိပါ။

ပြီးခဲ့သော နိုဝင်ဘာလက ရွေးချယ်ခဲ့သည့် လွှတ်တော်သစ်က စစ်ဖက် အစိုးရ၏ ၀န်ကြီးချုပ် ဦးသိန်းစိန်ကို သမ္မတ အဖြစ် ရွေးချယ်ခဲ့ကြသည်။ အစိုးရသစ်ကို မကြာမှီ ဖွဲ့စည်းတော့မည် ဖြစ်ရာ "ဒီမိုကရေစီ စနစ်သို့ အသွင်ကူးပြောင်းခြင်း" ဟု စစ်ဖက် အစိုးရက လေသံပစ် ပေလိမ့်ဦးမည်။

အခြေခံ ဥပဒေ(သို့) လွှတ်တော် မရှိသော စစ်ဖက် အစိုးရထက် ရွေးချယ် တင်မြှောက်သော အစိုးရက များစွာ ပိုကောင်းသည့် သဘော ရှိသော်လည်း လွှတ်တော်သစ်၏ ကိုယ်စားလှယ် နေရာ လေးပုံ တစ်ပုံကို တပ်မတော် အရာရှိများ အတွက် သီးသန့် နေရာ ယူထားပြီး ဖြစ်နေသည်။ ရွေးချယ် တင်မြှောက်သော ကိုယ်စားလှယ်များ ထဲပင် စစ်ဖက် အရာရှိဟောင်းများက အများစု လွှမ်းမိုး ထားသည်။

လွန်ခဲ့သော ၃ နှစ်က စစ်ဖက် အစိုးရမှ ရေးဆွဲခဲ့သော လက်ရှိ အခြေခံ ဥပေဒကို ပြင်ဆင်မည် ဆိုပါက လွှတ်တော်၏ လေးပုံ သုံးပုံ (၇၅%) ကျော် ထောက်ခံမှု ရရန် လိုအပ်သည်။ သို့ဖြစ်ရာ ဖိနှိပ် ချုပ်ချယ် အုပ်စိုးမှုကို တရားဝင် ဆက်လက် တည်မြဲစေရန်အတွက် အစိုးရ အဖွဲ့သစ်ကို စီစဉ်ဖန်တီး ထားသည့် သဘောကို တွေ့မြင်နိုင်သည်။

နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ ဖြစ်သူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သမ္မတ ရာထူး မယူထားသောကြောင့် မြန်မာ့ရေးရာ လေ့လာ စောင့်ကြည့်သူ အချို့က ယခု လွှတ်တော်သစ်သည် တိုးတက်မှု အနည်းငယ်ကို ပြသနေသည်ဟု ပြောဆိုထားသည်။

သို့သော်လည်း ယခု သမ္မတ ဖြစ်လာသူ ဦးသိန်းစိန်သည် တပ်မတော် အစိုးရ၏ နံပါတ် (၄) အဆင့် ပုဂ္ဂိုလ် တစ်ဦး ဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သစ္စာရှိ နောက်လိုက် တစ်ဦး ဖြစ်သည့် အပြင် တပ်မတော် အစိုးရ၏ ရှေ့ထွက် မင်းသား တစ်ဦးအဖြစ် ကပြ ခဲ့သူ ဖြစ်သည်။

မြန်မာနိုင်ငံ၏ ဇာတ်ဝင်ခန်းသစ်တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် နိုင်ငံတော် သမ္မတထက် ပို အာဏာ ရှိနေသည်။ ကာကွယ်ရေးဦးစီးချုပ်သည် ကာကွယ်ရေး၊ ပြည်ထဲရေး နှင့် အခြား ၀န်ကြီးများ ခန့်အပ်မှုကို စွက်ဖက် နိုင်သည့်အပြင် အရေးပေါ် အခြေအနေတွင် သမ္မတ၏ သဘော တူညီချက်ဖြင့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး အာဏာ အရပ်ရပ်ကို ထိန်းချုပ်ခွင့် ရထားသည်။

လက်ရှိ အချိန်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ကာကွယ်ရေး ဦးစီးချုပ် တာဝန်ကို ယူထားသည်။ လာမည့် အစိုးရသစ်၏ အမျိုးသား လုံခြုံရေးကောင်စီက ကာကွယ်ရေးဦးစီးချုပ် အသစ်ကို ခန့်အပ်မည် ဖြစ်သော်လည်း အကယ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ပြန်လည် ခန့်အပ်ပါက အပြောင်းအလဲ နတ္ထိဟု ဆိုရပါမည်။

အကယ် အစိုးရ အဖွဲ့သစ်က ဒီမိုကရေစီ စနစ်ကို ဦးတည်ချက် ထားသည် ဆိုပါက ယင်း၏ ရိုးသားမှုကို ပြည်တွင်း သာမက ပြည်ပပါ ပြသရပါလိမ့်မည်။ ထို့အတွက် စစ်မှန်သည့် စမ်းသပ်မှု မှာ အရေးကြီး အစိုးရ ရာထူးများကို မည်သူအား ခန့်အပ်သည် ဆိုသည့် အချက်ပေါ်တွင် မူတည်နေသည်။ အကယ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကာကွယ်ရေး ဦးစီးချုပ်နေရာကို ဆက်ခံခွင့် (သို့) အာဏာကို ဆက်လက် ကြိုးကိုင်ခွင့် ရရှိခဲ့သည် ဆိုပါက မြန်မာနိုင်ငံ အနေဖြင့် ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ်သို့ ဦးတည် ချီတက်နေသည် ဆိုသည်ကို အခြားနိုင်ငံများ ယုံကြည်အောင် စည်းရုံးရန် ခက်ခဲ သွားပါလိမ့်မည်။

မြန်မာနိုင်ငံတွင် အထွေထွေ ရွေးကောက်ပွဲများ ကျင်းပခဲ့ခြင်းနှင့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို နေအိမ် အကျယ်ချုပ်မှ လွှတ်ပေးခဲ့ခြင်း စသော လက်တွေ့ လုပ်ဆောင်မှု များကြောင့် အမေရိကန် ပြည်ထောင်စုနှင့် ဥရောပ တိုင်းပြည်များက မြန်မာအစိုးရအပေါ် ချမှတ်ထား သည့် စီးပွားရေး ပိတ်ဆို့မှု အစီအစဉ်များကို ရုတ်သိမ်းပေးရန် အရှေ့တောင် အာရှ နိုင်ငံများ အသင်း အာဆီယံက တောင်းဆိုထားသည်။

ဒေါ်အောင်ဆန်းစုကြည် ကို လွှတ်ပေးခဲ့ခြင်းနှင့် အထွေထွေ ရွေးကောက်ပွဲများ အတွက် ဂျပန် အစိုးရကလည်း အတော် အတန် အသိအမှတ် ပြုသည် ဟု နိုင်ငံခြားရေးဝန်ကြီး ဆိုင်ဂျီ မီဟာရာ ၏ အဆိုအရ သိရှိရသည်။

သို့သော်လည်း ဂျပန်နိုင်ငံ အတွက် ပိတ်ဆို့မှု ရုတ်သိမ်းဖို့ တောင်းဆိုရန်နှင့် မြန်မာနိုင်ငံအပေါ် အပြည့်အ၀ အကူအညီ ပေးမှု ပြန်လည် စတင်ရန် အချိန် စောလွန်း နေသည်။ ဂျပန်နိုင်ငံ အနေဖြင့် မြန်မာ အစိုးရသစ်၏ ထူးထူးခြားခြား ဆောင်ရွက်မှုများကို စောင့်ကြည့် ရဦးမည် ဖြစ်သည်။

လွန်ခဲ့သော ၂၁ နှစ်က ရွေးကောက်ပွဲတွင် ပြည်လုံးကျွတ် အနိုင် ရရှိခဲ့သော NLD ပါတီ၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည် ယခုအချိန်အထိ သူမ၏ တိုင်းပြည်တွင် ရေပန်း အစားဆုံး ခေါင်းဆောင် အဖြစ် ရပ်တည်နေဆဲ ဖြစ်သည်။ အစိုးရ အဖွဲ့သစ်သည် မှန်ကန်သော စိတ်ရင်းဖြင့် သူမနှင့် တွေ့ဆုံ ဆွေးနွေးမှုကို လျှင်မြန်စွာ လုပ်ဆောင်ခြင်း မရှိပါက အမျိုးသား ပြန်လည် စေ့စပ် ညှိနှိုင်းမှု ရှိလာနိုင်မည် မဟုတ်ပါ။

မြန်မာ နိုင်ငံတွင် နိုင်ငံရေး အကြောင်း ပြချက်ဖြင့် ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော် ကိုလည်း အစိုးရသစ်က အမြန်ဆုံး လွှတ်ပေးရ ပါမည်။

မြန်မာအစိုးရ အဖွဲ့သစ်က အဆိုပါ ဆောင်ရွက်မှုများကို ပြုလုပ် လာအောင် ဖိအားပေးရန် အတွက် ဂျပန် အစိုးရ အနေဖြင့် အိမ်နီးခြင်း နိုင်ငံများနှင့် စိတ်ရှည် လက်ရှည် ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ပေသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment