Transparency Myanmar

transparency.myanmar@gmail.com

နယ်နိမိတ် ပိုင်ဆိုင်မှု ဆိုင်ရာ အငြင်းပွားမှုကြောင့် ကမ္ဘောဒီးယားနှင့် အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားနေသည့် နယ်စပ်ဒေသမှ ပရာဗီဟာရာ ဘုရားကျောင်းသို့ ယူနက်စကို၏ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် သတ်မှတ်ရေး အဖွဲ့ လာရောက် စစ်ဆေးရန် အဆိုပြုချက်ကို ထိုင်းအစိုးရက ပယ်ချလိုက်ကြောင်း အစိုးရ အရာရှိ တစ်ဦးက ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပြောကြားသည်။

"နယ်စပ်ဒေသရဲ့ လက်ရှိ အခြေအနေတွေ အရ ယူနက်စကို အဖွဲ့ လာရောက်ဖို့ မသင့်လျော်ဘူးလို့ ကျွန်တော်တို့ အစိုးရအဖွဲ့ ယုံကြည်ပါတယ်။ ယူနက်စကို အဖွဲ့ အခုအချိန်မှာ လာရင် အရေးကိစ္စတွေ ပိုမို ရှုပ်ထွေးသွားနိုင်ပါတယ်" ဟု ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေး ဆိုခွင့် ရှိသူ Thani Thongphakdi က ပြောကြားသည်။

"ဒါပေမဲ့ တကယ်လို့ ယူနက်စကိုအဖွဲ့က အဲဒီကို သွားချင်တယ် ဆိုရင် ထိုင်းနိုင်ငံရဲ့ ခွင့်ပြုချက် ရအောင် လုပ်သင့်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့အနေနဲ့ ဘုရားကျောင်းကို ရောက်ဖို့ ထိုင်းနိုင်ငံရဲ့ အချုပ်အခြာ အာဏာ ပိုင်နက်ထဲကနေ ဖြတ်သန်းသွားရမှာ မိုလို့ပါ" ဟု ၎င်းက AFP သတင်းဌာနသို့ ပြောကြားသည်။ ပရာဗီဟာရာ ဘုရားကျောင်းသည် ၁၁ ရာစု လက်ရာ ဖြစ်ပြီး ဟိန္ဒူ နတ်ဘုရားရှီးဗားကို ပူဇော်ပသည့် အထိမ်းအမှတ်အဖြစ် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်တွင် ယင်းဘုရားကျောင်းအား ကုလသမဂ္ဂက ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် အဖြစ် သတ်မှတ်လိုက်ပြီးနောက် ထိုင်းနှင့် ကမ္ဘောဒီးယားတို့ ဘုရားကျောင်း ပရဝုဏ် အနီးရှိ မြေနေရာ ပိုင်ဆိုင်မှု အတွက် ပြင်းပြင်းထန်ထန် အငြင်းပွားခဲ့ကြသည်။

ကမ္ဘာ့ တရားရုံးက အဆိုပါ ဘုရားကျောင်း၏ ပင်မဝင်ပေါက်မှာ ထိုင်းနိုင်ငံဘက်တွင် ရှိသော်လည်း ကမ္ဘောဒီးယား နိုင်ငံကသာ ပိုင်ဆိုင်ကြောင်း ၁၉၆၂ ခုနှစ်တွင် ဆုံးဖြတ်ချက် ချမှတ်ပေးခဲ့သည်။ အဆိုပါ ဘုရားကျောင်း ပရဝုဏ် အနီးတဝိုက်မှ ၄ ဒဿမ ၆ စတုရန်း ကီလိုမီတာ အကျယ် နယ်မြေကို နှစ်ဖက်စလုံးက သူပိုင်ထိုက် ကိုယ်ပိုင်ထိုက် အငြင်းပွား နေကြခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံဘက်က အမြောက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့် ပရာဗီဟာ ဘုရားကျောင်း၏ အဆောက်အအုံတစ်ခု ပြိုကျခဲ့ရကြောင်း ကမ္ဘောဒီးယား နိုင်ငံက ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ထုတ်ဖော် ပြောဆိုခဲ့သည်။ ထိုင်းနှင့် ကမ္ဘောဒီးယား အကြား လေးရက်တာ အပြန်အလှန် ပစ်ခတ်မှု ပြုလုပ်ခဲ့ကြသည့် နယ်စပ်ဒေသသို့ သွားရောက်ခဲ့သော AFP သတင်းထောက်က ဗုံများ၊ အမြောက်များဖြင့် ပစ်ခတ်မှုကြောင့် ဘုရားကျောင်း ဗုံးဆံ၊ အမြောက်ဆံ အရာများ ဖြစ်ပေါ်ခဲ့သည်ဟု ယူဆ ရသော်လည်း အဆောက်အအုံ ပြိုကျမှုများ ကြီးကြီးမားမား ဖြစ်ပေါ်မှု မရှိသည်ကို တွေ့ခဲ့ရကြောင်း ပြောသည်။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment