Transparency Myanmar

transparency.myanmar@gmail.com

BBC News, 6th January 2010

          ယခု အချိန်သည် အီရန်နိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့မှုများ ပိုမို ပြုလုပ်ရန် အချိန် မဟုတ်သေးကြောင်း ကုလသမဂ္ဂ ဆိုင်ရာ တရုတ် သံအမတ်ကြီး Zhang Yesui က ပြောကြားလိုက်ပါသည်။

          ယခင်က တရုတ် အပါအဝင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသည် အီရန်အား ယူရေနီယမ် သန့်စင်မှု လုပ်ငန်းများ ရပ်ဆိုင်းရန် တောင်းဆိုခဲ့ပြီး၊ အရေးယူ ပိတ်ဆို့မှု သုံးခု ချမှတ်ခဲ့ပါသည်။

          အီရန် ခေါင်းဆောင်များက ၎င်းတို့၏ နျူကလီးယား အစီအစဉ်များသည် စွမ်းအင် တိုးချဲ့ ထုတ်လုပ်ရေး အတွက်သာ ရည်ရွယ်ကြောင်း ပြောကြားခဲ့ပါသည်။

          သို့သော် အမေရိကန်နှင့် မဟာမိတ်များက အီရန်သည် နျူကလီးယား လက်နက်များ ထုတ်လုပ်ရန် ကြိုးစားနေသည်ဟု စိုးရိမ်ခဲ့ကြပါသည်။

          တရုတ်နိုင်ငံသည် ဇန်နဝါရီလ အတွင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဥက္ကဋ္ဌ တာဝန်ယူရပြီး၊ ဗီတို အာဏာ ကိုင်ဆောင်ထားသော အမြဲတမ်း အဖွဲ့ဝင် ငါးနိုင်ငံမှ တစ်နိုင်ငံ ဖြစ်ပါသည်။

          Mr. Zhang က ကုလသမဂ္ဂတွင် သတင်းထောက်များအား ပြောကြားရာတွင် ယခု ဖြစ်နေသော လိပ်ခဲ တည်းလည်း ပြဿနာအတွက် စိတ်ရှည်စွာနှင့် အချိန်ပေးရန် လိုအပ်ပြီး သံတမန်နည်းအရ အဖြေရှာရန် လိုအပ်ကြောင်း ထည့်သွင်း ပြောကြားခဲ့ပါသည်။

          အမေရိကန်သည် အီရန်အား ၎င်း၏ ယူရေနီယံ သန့်စင်မှု အစီအစဉ်အတွက် ပြောကြားရန် အဆိုပြုထားမှုမှာ ၂၀၀၉ နှစ်ကုန်တွင် သတ်မှတ်ရက် ကုန်ဆုံးပြီ ဖြစ်ရာ၊ အီရန်တို့ဘက်မှ တုံ့ပြန်ခြင်း မပြုခဲ့ခြင်း ဖြစ်သည့်အတွက် နောက်တစ်ရက်တွင် တရုတ်သံအမတ်၏ မှတ်ချက်စကား ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။

          ထိုကိစ္စ တုန့်ပြန်ရန် အစီအစဉ်များမှာ လေထဲတွင် ငြိမ်သက်လျက် ရှိကြောင်း BBC မှ Tom Lane က နယူးယောက်ရှိ ကုလသမဂ္ဂတွင် ပြောကြားခဲ့ပါသည်။

          BBC သတင်းထောက်က ပြောကြားရာတွင် ယခုလ နောက်ပိုင်းတွင် ဥရောပမှ အထင်ကရ နိုင်ငံများ၊ အမေရိကန်၊​​ ရုရှားနှင့် တရုတ်တို့သည် တွေ့ဆုံ၍ အမြင်ချင်း ဖလှယ်ရန် ရှိသည်ဟု ကုလသမဂ္ဂရှိ သံတမန်များထံမှ သတင်း ရရှိသည်ဟု ဆိုပါသည်။

          အမေရိကန် တာဝန်ရှိသူများက သံတမန် ရေးရာအရ ကျရှုံးမှုကြောင့် အီရန် ထိခိုက် နစ်နာစေမည့် အရေးယူမှု ပြုလုပ်ရန် တောင်းဆိုခဲ့ပါသည်။

          မကြာသေးမီက အစီရင်ခံစာတွင် အီရန်၏ နျူကလီးယား အစီအစဉ်များတွင် ပါဝင် ပတ်သက်သည့် လူများနှင့် ကုမ္ပဏီများကို ရည်ရွယ်သည့် အရေးယူမှုများ ပြုလုပ်ရန် စဉ်းစားနေသည်ဟု ဆိုကြောင်း BBC သတင်းထောက်က ထပ်လောင်း ပြောကြားခဲ့ပါသည်။

          ခွဲခြမ်း စိတ်ဖြာ လေ့လာသူများက ပြောကြားရာတွင် အီရန်သည် အနုမြူဗုံး ထုတ်လုပ်ရန် (၁၈) လ မှ သုံးနှစ်အထိ ကြာမြင့်နိုင်ကြောင်း ဆိုပါသည်။

          ညှိနှိုင်းမှုများ ကုလသမဂ္ဂသို့ ရောက်ရှိလာအောင် ရက်သတ္တပတ်ပေါင်း များစွာ သို့မဟုတ် လပေါင်းများစွာ ကြာမြင့်အောင် စောင့်ရလိမ့်မည် ဖြစ်ကြောင်း BBC သတင်းထောက်က အစီရင်ခံ ခဲ့ပါသည်။

          သို့သော် မကြာခင် အမေရိကန်နှင့် မဟာမိတ်များသည် အီရန်အပေါ် အရေးယူ ပိတ်ဆို့မှု အသစ်များ ချမှတ်နိုင်ကြောင်း ဆိုပါသည်။

Burma News International, 6th January 2010

          တပ်မတော် စစ်ဆင်ရေး ကွပ်ကဲမှု ဌာန MOC တည်ရှိရာ အနန်းကွင်းရွာ အနီးတဝိုက်တွင် ပြေးဆွဲနေသော ယာဉ်ပိုင်ရှင်များသည် မြန်မာ စစ်တပ်က ပေါ်တာအဖြစ် အသုံးပြုရန် ချောဆွဲခြင်း ခံနေရပါသည်။

          မွန်ပြည်နယ် သံဖြူဇရပ်မှ ဘုရားသုံးဆူ တောင်ကြားသို့ ပြေးဆွဲနေသော မော်တော်ယာဉ်များနှင့် ယာဉ်မောင်းသူများကို မြန်မာအစိုးရ အာဏာပိုင်များက ချောဆွဲလေ့ရှိပြီး ခြောက်သွေ့ ပွင့်လင်း ရာသီ KNU ထိုးစစ်တွင် အသုံးပြုနေခြင်း ဖြစ်သည်။ ဒီဇင်ဘာ (၂၉) ရက်တွင် မြန်မာစစ်တပ်မှ ရိက္ခာများကို သယ်ယူ ပို့ဆောင်နေသော ပေါ်တာ ယာဉ်တန်းမှ ဆန်များကို ကရင်စစ်ကြောင်း တစ်ခုမှ ပြန်လည် လုယက်ခဲ့ပါသည်။

          အဆိုပါ နယ်မြေအတွင်း လှုပ်ရှားနေသူ တပ်ရင်း (၆) မှ KNU ဗိုလ်ကြီး စောထဲနေးက ရိက္ခာများ သိမ်းဆည်း ရရှိမှုကို အတည်ပြုခဲ့ပါသည်။ မိမိတို့သည် ခရီးသည်တင် ကားတန်းမှ အစိုးရ ရိက္ခာများကို ရရှိခဲ့ခြင်း ဖြစ်ကြောင်း လာမည့် ခြောက်သွေ့ရာသီတွင် KNU ကို ထိုးစစ်ဆင်ရန် အစိုးရက ပြင်ဆင်နေသည်ကို သိရှိထားကြောင်း၊ သို့ဖြစ်၍ ၎င်းတို့၏ အစီအစဉ်ကို ဟန့်တားရန် ရိက္ခာများကို သိမ်းဆည်းခဲ့ခြင်း ဖြစ်ကြောင်း စောထဲနေးက ပြောကြားပါသည်။

          အမှတ် (၄၀၇) ခြေလျင် တပ်ရင်းမှ ဒုတိယ ဗိုလ်မှူးကြီး တင်မောင်မောင်ကို လာဘ်ထိုးခြင်း မရှိသည့် မော်တော်ယာဉ် အချို့မှာ ပေါ်တာဆွဲခြင်း ခံရပါသည်။ အမည်မဖော်လိုသူ ကားပိုင်ရှင်တစ်ဦးက သတင်းထောက်များအား ပြောကြားရာတွင် မြန်မာ့ တပ်မတော် တပ်ရင်းများထံ ဆန်အိတ် (၃၀၀၀) ခန့် သယ်ယူ ပို့ဆောင်ပေးရပြီး နေ့တစ်ဝက်ခန့် ကြာမြင့်သည်ဟု ဆိုပါသည်။

          နှစ်စဉ် နှစ်တိုင်း လိုပင် မြန်မာ စစ်တပ်သည် အရပ်ဘက် မော်တော်ယာဉ်များကို တားဆီး၍ ၎င်းတို့၏ ထောက်ပံ့ရေး ရိက္ခာများ သယ်ဆောင်ရန် ချောဆွဲလေ့ ရှိပါသည်။ တစ်ခါတစ်ရံ နယ်မြေတွင်း လှုပ်ရှားနေသော KNU စစ်ကြောင်းကို တိုက်ခိုက်ရာသို့ ခရီးသည်များကိုပါ ခေါ်ဆောင်သွားလေ့ ရှိပါသည်။ မြန်မာစစ်တပ်ကို သယ်ပို့ပေးနေသော မွန်အမျိုးသား ဒရိုင်ဘာ တစ်ဦးမှာ အနန်းကွင်းရွာ အနီးတွင် KNU ၏ ခြုံခို တိုက်ခိုက်ခြင်းကို ခံရသဖြင့် ထိခိုက် ဒဏ်ရာရခဲ့ရာတွင် အစိုးရက လျော်ကြေးပေးခြင်း မရှိခဲ့ပါ။ အဆိုပါ နယ်မြေအတွင်းမှ ယာဉ်မောင်းသူများမှာ မွန် တိုင်းရင်းသားများ ဖြစ်ပြီး အစိုးရ၏ ပေါ်တာဆွဲသော အမိန့်ကို ငြင်းပယ် နိုင်ခြင်း မရှိကြပါ။

           ယခု ၂၀၁၀ ပြည့်နှစ် သည် အပြုသဘော ဆောင်သော အရေးကိစ္စများ ထွက်ပေါ်မည့် နှစ်တစ်နှစ် ဖြစ်ပေသည်။ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး တိုးတက် ကောင်းမွန်လာပြီး ပြည်သူများ အနေဖြင့်လည်း မိမိတို့၏ ရည်မှန်းချက် ပန်းတိုင်များ၊ ဦးတည်ချက်များ ကို အကောင်အထည် ဖော်နိုင်မည် ဖြစ်သည်။ ကောင်းသော အရာများ ဖြစ်ပေါ်ပေါ်ပေါက်လာ မည် ဖြစ်သည်။

သို့သော် ဇန်နဝါရီ ၁ ရက် နေ့မှ ၂၀ ရက်နေ့ အကြား၊ ဧပြီ ၂၁ မှ မေ ၂၀ အကြားနှင့် စက်တင်ဘာ ၂၁ မှ အောက်တိုဘာ ၂၀ ကြား ကာလများသည် ပဋိပက္ခများ ဖြစ်ပေါ်မည့် အချိန်ကာလများ ဖြစ်သည်။ နိုင်ငံရေး မတည်မငြိမ်မှုများ ဖြစ်ပေါ်ခြင်း၊ မိတ်ဟောင်း ဆွေဟောင်းများ အကြား ခိုက်ရန် ပဋိပက္ခ ဖြစ်ပွားခြင်း စသည်တို့ ဖြစ်ပေါ်နိုင်သည်။

နိုင်ငံခေါင်းဆောင် (သို့မဟုတ်) အမျိုးသား ခေါင်းဆောင်များ လုပ်ကြံခံရခြင်းတို့ပင် ရှိလာနိုင်သည်။ အဆိုပါ ကာလအတွင်း ကံကြမ္မာ ဆိုးများဖြင့်ရင်ဆိုင်ရဖွယ် ရှိသော နိုင်ငံများမှာ အီရတ် (အထူးသဖြင့် အီရတ် တောင်ပိုင်း) အမေရိကန် ပြည်ထောင်စု၊ မြန်မာနှင့် အခြားသော  အရှေ့တောင် အာရှနိုင်ငံများ (အထူးသဖြင့် ကမ္ဘောဒီးယား) စသည်တို့ ဖြစ်ပါသည်။

ဖေဖော်ဝါရီ ၁၉ မှ ဧပြီ ၂၀ အကြား၊ မေ ၂၁ မှ ဇူလိုင် ၂၁ အကြား၊ နိုဝင်ဘာ ၂၁မှ ဒီဇင်ဘာ ၂၀ အကြား စသည့် ကာလများအတွင်း ကမ္ဘာကြီး၏ အခြေအနေမှာ အထူးပင် ကောင်းမွန်နေပါလိမ့်မည်။ လူတိုင်း လူတိုင်း အတွက်လည်း အထူး ကောင်းမွန်သော၊ အပြုသဘော ဆောင်သည့် ကိစ္စများ ဖြစ်ပေါ်နိုင်သော အချိန်ကာလများပင် ဖြစ်ကာ ကမ္ဘာ့ ဘဏ္ဍာရေး အခြေအနေမှာ လည်း သိသိသာသာ တိုးတက်လာမည် ဖြစ်သည်။

သို့သော် ၂၀၁၀ အတွင်း ကမ္ဘာ့ ရာသီဥတု အခြေအနေမှာ လွန်စွာ ကောင်းနေမည် မဟုတ်ပေ။ အထူးသဖြင့် ဧပြီ ၂၁ မှ မေ ၂၀ အကြား၊ သြဂုတ် ၂၁ မှ စက်တင်ဘာ ၂၀ အကြား ကာလများတွင် ကမ္ဘာတစ်ဝန်းတွင် ရာသီဥတုနှင့် ပတ်သက်၍ ဆိုးရွားသည့် ဖြစ်ရပ်များ ဖြစ်ပေါ်ဖွယ် ရှိသည်။ အဆိုပါ ကာလများ အတွင်း သဘာဝ ဘေးအန္တရာယ် ဆိုးကြီးများ ဖြစ်ပေါ်နိုင်သည်။ အထူးသဖြင့် တရုတ်၊ မြန်မာ၊ အိန္ဒိယ နှင့် အီတလီ နိုင်ငံများတွင် ရေလွှမ်းမိုးမှုများနှင့် ငလျင်လှုပ်မှုများ ဖြစ်ပေါ်နိုင်သည်။

ဘရာဇီးသည်လည်း အလားတူ ပြဿနာများ နှင့် ရင်ဆိုင် ကြုံတွေ့ရဖွယ် ရှိသည်။ Aries၊ Taurus နှင့် Gemini ရာသီဖွားများ အနေဖြင့် ၂၀၁၀ သည် အထူး ကံကောင်းမည့်နှစ် ဖြစ်သည်။ Gemini နှင့် Libra ရာသီခွင်တွင် မွေးဖွားသူများ အနေဖြင့် ဘဝတွင် အလှည့်အပြောင်းများ ဖြစ်ပေါ်နိုင်သလို အပြုသဘော ဆောင်သော တိုးတက် ဖြစ်ထွန်းမှုများ နှင့် ကြုံတွေ့ရမည် ဖြစ်သည်။Leo နှင့် Sagittarius ရာသီခွင်တွင် မွေးဖွားသူများ အနေဖြင့် ၂၀၁၀ သည် လွန်စွာ ကံကောင်းမည့် နှစ်တစ်နှစ် မဟုတ်နိုင်ပါ။

စံဇာဏီဘို ရေးသားသော Happy Days Ahead ကို ဘာသာပြန်ဆိုသည်။

 

ယခုနှစ်သည် မြန်မာနိုင်ငံ လူဦးရေ၏ သုံးပုံ တစ်ပုံခန့် ရှိသော တိုင်းရင်းသား လူနည်းစုများ အတွက် ပျော်ရွှင် ချမ်းမြေ့မှု နည်းပါးမည့် နှစ်တစ်နှစ် ဖြစ်ပါသည်။

Divine Comedy ဟူသော နာမည်ကျော် စာအုပ်ထဲတွင် စာရေးသူ Dante Alighieri က ရှေ့ဖြစ်ဟော ဗေဒင် ဆရာများသည် ငရဲပြည် အောက်ပိုင်းမှ အနိမ့်ဆုံး လောကတွင် အလုပ်လုပ်ရန် တာဝန်ပေးခံရသူများ ဖြစ်သည်ဟု ထုတ်ဖော် ရေးသားခဲ့သည်။

ကံကောင်း ထောက်မသည် ဟုပင် ဆိုရမည်။ ယခုနှစ်တွင် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲ ရလဒ်များကို ဟောကိန်း ထုတ်ရန် မည်သည့် ဗေဒင်ဆရာ တစ်ဦး တစ်ယောက်မှ တာဝန်ယူရန် လိုအပ်မည် မဟုတ်သလို မည်သူမှလည်း တွက်ချက် ကြည့်၍ ရမည် မဟုတ်ပေ။ ၂၀၁၀ ရွေးကောက်ပွဲ ရလဒ် အတွက် ဗေဒင်ဆရာများ၏ ဟောကိန်းများ မည်သို့ပင် ရှိသည် ဖြစ်စေ သေချာသည်မှာ အဆုံးစွန်သော အာဏာမှာ တပ်မတော် လက်ထဲတွင်သာ ဆက်လက် တည်ရှိနေမည် ဖြစ်ပြီး တပ်မတော် ၏ သဘောတူညီမှု မပါဝင်ဘဲ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေဆိုင်ရာ အပြောင်းအလဲများ ပြုလုပ်ရန်မဖြစ်နိုင်ပေ။

စစ်တပ်မှ အရာရှိ ဟောင်းကြီးများသည် စစ်ယူနီဖောင်း ချွတ်ကာ အရပ်ဝတ်ဖြင့် နိုင်ငံရေး လောကထဲ ဝင်ရောက်မည် ဖြစ်ပြီး အများစုမှာ ရွေးကောက် တင်မြှောက်ခြင်း ခံရမည် ဖြစ်သည်။ အတိုက်အခံများ၏ အသံမှာ ထွက်ပေါ်လာမည့် လွှတ်တော်ကြီး နှစ်ရပ်တွင်သာ ကြားရပေလိမ့်မည်။ သို့သော် အတိုက်အခံများ အနေဖြင့် ကန့်သတ် ချုပ်ခြယ်မှု ကြားတွင်သာ အလုပ်လုပ်ကြလိမ့်မည်။ အမျိုးသားရေးနှင့် ဆက်စပ်သော အရေးကြီးကိစ္စများကို စိန်ခေါ်မှု ပြုနိုင်မည် မဟုတ်ပေ။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ပြောခဲ့သည့် စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီစနစ် ဟူသည့် သဘောတရားမှာ ရေတွင်းအသစ် တစ်တွင်းနှင့် ဆင်တူ နေပေလိမ့်မည်။ စစ်တပ်ဟူသည် ရေတွင်းအသစ်မှ ထွက်ရှိလာမည့် ရွှံ့ရေများကို မကြာခဏ ဝင်ရောက် စစ်ပေးမည့် ရေစစ်တစ်ခုလို ဖြစ်နေလိမ့်မည်။

သေချာသည့် အချက်တစ်ခုမှာ အမျိုးအစား စုံလင်သော တိုင်းရင်းသား လူနည်းစုများအနေဖြင့် ရွေးကောက်ပွဲကြောင့် ပျော်ရွှင် ချမ်းမြေ့မှုများ နည်းသထက် နည်းပါးလာပါလိမ့်မည်။ တိုင်းရင်းသား လူနည်းစုများ ထဲမှ အခွင့်အရေး တောင်းသူများသည် စစ်ခေါင်းဆောင် မျိုးဆက် နှစ်ဆက်စလုံး ရွံရှာ မုန်းတီးခဲ့သည့် ဖက်ဒရယ် မူဝါဒ ပုံစံအချို့နှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ဟူသော အရေးကိစ္စတို့ ရရှိရန် ကြိုးပမ်း ရှာဖွေခဲ့ပြီး ဖြစ်သည်။ စစ်အစိုးရက ရေးဆွဲခဲ့သော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေမှာ မြန်မာနိုင်ငံတွင်းမှ ယဉ်ကျေးမှုများကို ကာကွယ် ပေးထားသော်လည်း အမှန်တကယ်တွင် ပကတိ ရှိနေသော ယဉ်ကျေးမှုများနှင့် လိုက်လျောညီထွေ ရှိမှု နည်းပါးသည်ကို တွေ့ရပါသည်။

ယခု ရွေးကောက်ပွဲကြောင့် ပြည်တွင်းမှ သေးငယ်သော အုပ်စုကလေးအချို့ ဆုံးဖြတ်ချက် ချပိုင်ခွင့် ရှိမည့် အနေအထားမျိုး ရရှိလာပေလိမ့်မည်။ သို့သော် အမျိုးသားရေး ပါဝါနှင့် ပတ်သက်သော ကိစ္စများ အတွက်တော့ ရနိုင်မည် မဟုတ်ပေ။

၂၀၁၀ ပြည့်နှစ် ကုန်ဆုံးချိန်တွင် တစ်နှစ်လုံး ဖြစ်ပေါ်ခဲ့သည့် ဖြစ်ရပ်များအတွက် တုံ့ပြန်မှုများမှာ ရောထွေးနေမည် ဖြစ်သည်။ ထိုဖြစ်ရပ်များအတွက် ဗေဒင်ဆရာ လိုမည် မဟုတ်ပေ။ ထိုအချိန် ရောက်လျှင် အစိုးရက အောင်မြင်မှု ရှိကြောင်း မလွဲမသွေ ထုတ်ဖော် ကြေညာလိမ့်မည်။ မြန်မာ ပြည်သူလူထုမှာ အုပ်ချုပ်ရေး ယန္တရားတွင် မိမိတို့ ပါဝင် ပတ်သက်နိုင်မှု အလွန်နည်းသည်ဟု ထင်မှတ် ကြပေလိမ့်မည်။

အချို့သော သူများက ထွက်ပေါ်လာသည့် ရလဒ်သည် မျှော်မှန်းထားသည်ထက် များစွာ လျော့နည်းနေသည်ဟု စောဒက တက်ကြလိမ့်မည်။ နိုင်ငံတကာ၏ ပြောနေကျ စကား ဖြစ်သော  လွတ်လပ်ပြီး မျှတမှု ရှိသည့် ရွေးကောက်ပွဲ" ဟူသည့် အသုံးအနှုန်းမှာ မြန်မာပြည်တွင် မရှိသောကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းကတော့ စိတ်ကျေနပ်မှုရမည် မဟုတ်ပေ။ လက်သင့်ခံရန်လည်း ခက်ခဲနေလိမ့်မည်။ အချို့နိုင်ငံများကမူ မြန်မာပြည် ရွေးကောက်ပွဲရလဒ်ကို ဝေဖန်ရန်ပင် တွန့်ဆုတ် နေကြပါမည်။

ဤသို့ ဆိုပါက ဗေဒင်ဆရာများအတွက် လုပ်စရာအလုပ်မှာ တစ်ခုတည်းသာ ကျန်တော့သည်။ ယင်းမှာ အခြားမဟုတ်။ ရွေးကောက်ပွဲ ကျင်းပရေးအတွက် မင်္ဂလာအပေါင်း ခညောင်းမည့် နေ့ရက်ကို ရွေးပေးရန်သာဖြစ်သည်။
David Steinberg ၏ Muddy Waters ကို ဆီလျော်အောင် ဘာသာပြန်ပါသည်။

BBC News, 2nd January 2009

          ဆိုမာလီ ပင်လယ် ဓားပြများသည် အေဒင် ပင်လယ်ကွေ့တွင် ဓာတုပစ္စည်းများ တင်ဆောင်လာသော သင်္ဘောတစ်စင်းကို ပြန်ပေးဆွဲခဲ့ပြီး ဆိုမာလီယာ ရေပြင်တွင် ယခု သီတင်းပတ်အတွင်း တတိယမြောက် အပိုင်စီးမှု ဖြစ်ပါသည်။

          အိန္ဒိယနိုင်ငံသို့ အသွားခရီးတွင် အပိုင်စီး ခံရသော အင်ဒိုနီးရှားပိုင် တန်ချိန် နှစ်သောင်းရှိ ပရာနိုမီ သင်္ဘောမှာ ယခုအခါ ဆိုမာလီယာသို့ ဦးတည် ခုတ်မောင်းနေသည်ဟု ပင်လယ် ရေကြောင်းဆိုင်ရာ အရာရှိများက ပြောကြားပါသည်။

          အဆိုပါ သင်္ဘောတွင် ရေယာဉ် အမှုထမ်း (၂၄) ဦး ပါဝင်ပြီး အများစုမှာ အင်ဒိုနီးရှား နိုင်ငံသားများ ဖြစ်သည်။

          ပြီးခဲ့သော တနင်္လာနေ့က ဆိုမာလီ ပင်လယ်ဓားပြများသည် အရှေ့အာဖရိက ကမ်းလွန် ပင်လယ်ပြင်တွင် သင်္ဘောနှစ်စီးနှင့် သင်္ဘောသား (၄၅) ဦးကို ပြန်ပေးဆွဲ ခဲ့ပါသည်။

          ယူကေအလံ လွှင့်ထူထားသော ဓာတုပစ္စည်းတင် စိန့်ဂျိမ်းပတ် သင်္ဘောသည် စပိန်မှ ထိုင်းနိုင်ငံသို့ အသွားခရီးတွင် အေဒင် ပင်လယ်ကွေ့၌ အပိုင်စီး ခံရခြင်း ဖြစ်သည်။

          သင်္ဘောသား (၁၉) ဦး ပါဝင်သော ပနားမား အလံလွှင့် ထူထားသည့် ဂရိ ကုန်တင်သင်္ဘော နေဗီးယတ်စ် အပိုလွန်ကမူ ဆေရှဲလ်ကျွန်းစု မြောက်ဘက်တွင် အပိုင်စီးခံရခြင်း ဖြစ်ပါသည်။

          ယခု နောက်ဆုံး ဖြစ်ရပ်တွင် စင်္ကာပူအလံ လွှင့်ထူထားသော ပရာနိုမီ သင်္ဘော ကပ္ပတိန်က မိမိတို့ သင်္ဘော ပြန်ပေးဆွဲ ခံရပြီး သင်္ဘော အမှုထမ်းများ အခြေအနေ ကောင်းမွန်သည်ဟု ရေဒီယိုဖြင့် သတင်းပို့ခဲ့ကြောင်း အီးယူ ပင်လယ်ဓားပြ နှိမ်နင်းရေးတပ်ဖွဲ့ Navtor က ပြောကြားပါသည်။

          သင်္ဘော အမှုထမ်းများတွင် အင်ဒိုနီးရှား (၁၇) ဦး၊ တရုတ် (၅) ဦး၊ နိုင်ဂျီးရီယား (၁) ဦးနှင့် ဗီယက်နမ် (၁) ဦး ပါဝင်သည်ဟု သိရှိရပါသည်။

          ဆိုမာလီ ကမ်းလွန်တွင် ဖြစ်ပွားနေကျ ပင်လယ်ဓားပြ အပိုင်စီးမှုများကို တားဆီး နှိမ်နင်းရန် နိုင်ငံတကာ ရေတပ်ဖွဲ့များက ကြိုးစားနေကြဆဲ ဖြစ်ပါသည်။

Irrawaddy Magazine,By Zarni, January - 2010

          ကျွန်ုပ်သည် မြန်မာ တစ်ဦးအနေဖြင့် ပိုမို ကောင်းမွန်သော၊ ပိုမို၍ လွတ်လပ်သော မြန်မာနိုင်ငံအဖြစ် မျှော်လင့်သည်။ ဖြစ်စေချင်ပါသည်။ ခွဲခြမ်း စိတ်ဖြာ လေ့လာသူ တစ်ဦး အနေဖြင့် ပြောရမည် ဆိုလျှင် တိုင်းပြည်၏ အနာဂတ်နှင့် ပတ်သက်၍ အကောင်း မြင်ရန် လက်တွေ့ မည်သည့် လက္ခဏာမျှ မြင်တွေ့ရခြင်း မရှိသေးဟု ဆိုရမည် ဖြစ်ပါသည်။

          မြင်ကွင်း တစ်ခုလုံးကို ခြုံကြည့်ရလျှင် မျှော်လင့်စရာ ဘာမျှမရှိ ဝေဝါးလျက် ရှိသည်ကိုသာ တွေ့ရပါမည်။ အချို့ ပညာရှင် အစိတ်အပိုင်းမှ ပြောနေကြသော ရွေးကောက်ပွဲကြောင့် ပိုမို ကောင်းမွန်သော အုပ်ချုပ်မှု စနစ်အရ အရပ်သား နိုင်ငံရေး ပါဝင်လာလိမ့်မည် ဟူသော အကောင်းမြင်မှုကို ကျွန်ုပ် သဘောမတူပေ။

          စစ်တပ် အစိုးရ၏ ဖက်ဆစ် အတွေးအခေါ်များနှင့် အမြစ်တွယ်နေသော ၎င်းတို့၏ အဖွဲ့အစည်းများ အောက်မှ ရုန်းထွက်ရန် လွယ်လိမ့်မည် မထင်ပေ။ စစ်တပ်နှင့် ၎င်း၏ ခေါင်းဆောင်မှုသည် အလယ်ခေတ်က ပေါ်ထွန်းခဲ့သော မြေယာစနစ် ဆန်ဆန် အုပ်ချုပ်မှုမှ အမြတ်များစွာ ရရှိမှုကြောင့် ထိုစနစ်ကို ကာကွယ် ထားလိမ့်မည် ဖြစ်ပြီး၊ ပြည်သူလူထု၏ လိုအပ်ချက်များ၊ စိုးရိမ် ပူပန်မှုများနှင့် မျှော်မှန်းမှု များကို တုန့်ပြန်လိမ့်မည် မဟုတ်ပေ။

          တစ်ချိန်တည်းတွင် စစ်တပ်ထဲမှ ဤ ရက်စက် ကြမ်းကြုတ်သော ခေါင်းဆောင်မှုကို အံတုမည့် သူရဲကောင်း မပေါ်ခဲ့လျှင် တိုင်းပြည်တွင် မိမိတို့ ချမ်းသာအောင် တိုင်းပြည် ဘဏ္ဍာကို သူခိုးခိုး အမြတ်ထုတ်မှုမှာ အစိုးရ၏ တရားဝင် အလုပ်တစ်ခု သဖွယ် ဖြစ်လာပေလိမ့်မည်။

          အကျိုးဆက်မှာ တိုင်းပြည်စီးပွားရေးသည် ယိုင်နဲ့နဲ့ အခြေအနေ တွင်သာ ရှိနေဆဲ ဖြစ်လိမ့်မည်။ အားနည်းသူ အပေါ်မှာ အမြတ်ထုတ်သည့် အခြေအနေကြောင့် ရေတိုကို ကြည့်ပြီး ကျဉ်းမြောင်းသော အမြင်ဖြင့် တိုင်းပြည်အပေါ်မှ တန်ဖိုးရှိသော အရာမှန်သမျှ ဂုတ်သွေးစုပ် အမြတ်ထုတ်မှုမှာ ဆက်လက် ရှိနေလိမ့်ဦးမည် ဖြစ်ပြီး၊ ပြည်သူလူထုနှင့် လူ့အဖွဲ့အစည်း အတွင်း မည်သည့် ရင်းနှီး မြှုပ်နှံမှုကိုမျှ ပြန်လည် ပြုလုပ် ပေးလိမ့်မည် မဟုတ်ပေ။

          သဘာဝ ဓာတ်ငွေ့များနှင့် အခြား သဘာဝ အရင်းအမြစ်များမှ ရောင်းရငွေများကြောင့် ဗိုလ်ချုပ်များ၏ ကိုယ်ပိုင်ငွေများ တိုးပွား လာသည်နှင့်အမျှ တိုင်းပြည်၏ ဆင်းရဲ မွဲတေမှုကတော့ အရှိန်မြင့် နေလိမ့်ဦးမည် ဖြစ်ပါသည်။ ပြည်သူလူထုမှာ သဘာဝ သယံဇာတ ကျိန်စာ မိနေပြီး၊ အစိုးရ၏ ပတ်ဝန်းကျင် ဆိုင်ရာ စီမံခန့်ခွဲမှု အမှားများကြောင့် ပြည်သူလူထုမှာ ကြီးစွာသော ပေးဆပ်မှုများကို ပေးဆပ်နေရပါသည်။

          ပညာရေး၊ လူထု ကျန်းမာရေးနှင့် လူမှု ဖူလုံရေး စနစ်များမှာ ပုံမှန် မဟုတ်တော့ဘဲ၊ အရေအတွက်များ တိုးချဲ့နေပြီး၊ စစ်တပ်မှာရော၊ အရပ်ဖက်မှာပါ လူ့စွမ်းအား အရင်းအမြစ် အရည်အသွေးမှာ ကျဆင်းနေမှုမှာ အရှိန်ကောင်းလျက် ရှိနေပေသည်။

          ထို့ကြောင့် မြန်မာ အများစုသည် ရေကြည်ရာ မြက်နုရာ ပြောင်းရွှေ့ကြရပြီး ရရာ လုပ်အား ရင်းပြီး အသက်ရှင်ကြရသည်။ ဒေသတွင်းတွင် ရွှေ့ပြောင်း လုပ်သား သန်းချီ ရှိပြီး ပြည်တွင်းတွင် ငါးသိန်းခန့် လူများ ရွှေ့ပြောင်း ခံနေရကာ နိုင်ငံခြား တိုင်းပြည်များတွင် မှတ်ပုံတင်ထားသော ဒုက္ခသည် တစ်သိန်းခွဲ ရှိပါသည်။ မြန်မာပြည်ကတော့ ကမ္ဘာပေါ်မှ ငရဲခန်း တစ်ခုအဖြစ် တည်ရှိနေဆဲ ဖြစ်ပါသည်။

          တစ်ချိန်တည်းတွင် နယ်စပ် ဒေသများတွင် အပစ်အခတ် ရပ်စဲမှုများ ပျက်စီးတော့မည့် အခြေအနေ ဖြစ်နေပြီး၊ ပြည်တွင်းမှာရော၊ ဒေသတွင်းမှာပါ မတည်ငြိမ်မှုများ တိုးပွား လာတော့မည် ဖြစ်ပါသည်။

          လူသားချင်း စာနာ ထောက်ထားမှု လုပ်ငန်း၊ လူ့အခွင့်အရေး မာဖီးယားများ၊ ဖွံ့ဖြိုး တိုးတက်ရေး ပညာရှင်များ၊ သတင်းစာ ဆရာများနှင့် အတွေ့အကြုံ မရှိသေးသော သံတမန်များအတွက် မြန်မာနိုင်ငံသည် ငွေရှာလို့ ကောင်းသော အလုပ်များ ရနိုင်သော အခွင့်အလမ်း တစ်ခု ဖြစ်နေပါသည်။

          ကမ္ဘာပေါ်မှ အမြတ်ထုတ် စားသောက် တတ်သူများနှင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းများသည် မြန်မာနိုင်ငံတွင် ဂိုဏ်းဖွဲ့၍ အမြတ်ထုတ် နေသည်ကို ကမ္ဘာကြီးက ဝင်ရောက် စွက်ဖက်ခြင်း မရှိဘဲ စောင့်ကြည့်နေမြဲ ဖြစ်ပါသည်။

          ဝင်ရောက် စွက်ဖက်ခြင်း မပြုရခြင်းမှာ မြန်မာနိုင်ငံသည် အနောက်နိုင်ငံ ပါဝါများအတွက် ဦးစားပေးရမည့် အရေးကိစ္စတွင် မရှိသောကြောင့် ဖြစ်ပြီး၊ မြန်မာနိုင်ငံတွင် စနစ်တကျ ပြောင်းလဲမှုများ အခိုင်အမာ ပြုလုပ်နိုင်ခြင်း မရှိမချင်း၊ လေသံ ပစ်ရုံသာ စိုးရိမ်မှုကို ပြသ ကြလိမ့်မည် ဖြစ်ပါသည်။

          မြန်မာနိုင်ငံတွင် အစိုးရ ဆန့်ကျင်သူများရော သာမန် ပြည်သူများသည် ပြောင်းလဲမှု အတွက် ၎င်းတို့၏ ရုန်းကန် လှုပ်ရှားမှုများကို လက်လျှော့ လိမ့်မည်တော့ မဟုတ်ပေ။

          မြန်မာလူမျိုးများသည် ဗုဒ္ဓဘာသာများ ဖြစ်သည့်အလျောက် မမြဲခြင်း တရားကို ယုံကြည်သည် ဖြစ်၍ စစ်တပ်၏ အာဏာ ဆုပ်ကိုင်ထားမှုကိုလည်း တည်မြဲလိမ့်မည် မဟုတ်ဟု ယုံကြည်ကြပါသည်။

Irrawaddy news, By Wai Moe, 30th December 2009

          ကမ္ဘာပေါ်တွင် လူမှုရေး မငြိမ်သက်မှုများ ဖြစ်ပွားရန် အလားအလာ များသော ၂၂ နိုင်ငံတွင် မြန်မာနိုင်ငံလည်း ပါဝင်သည်ဟု သြဇာ အရှိန်အဝါ ရှိသော မဂ္ဂဇင်း The Economist က ဆိုပါသည်။

          တနင်္လာနေ့က ထုတ်ဝေသည့် ယူကေ အခြေစိုက် မဂ္ဂဇင်းတွင် ဖော်ပြထားသော "Global Tinder Box"ဟု အမည် ပေးထားသော ဇယားတွင် မြန်မာနိုင်ငံ အပါအဝင် ၂၁ နိုင်ငံသည် ၂၀၁၀ တွင် လူမှုရေး မငြိမ်သက်မှုများ ဖြစ်ပွားရန် "အလွန့်အလွန်" အလားအလာ များ၍ ၎င်း၏ နောက် အလားအလာ များသော အဆင့်တွင် ၅၂ နိုင်ငံ ရှိနေပြီး မငြိမ်သက်မှု ဖြစ်ပွားရန် အလားအလာ နည်းသော နိုင်ငံမှာ ၃၇ နိုင်ငံသာ ရှိပါသည်ဟု ဖော်ပြထားသည်။

          မငြိမ်သက်မှု ဖြစ်ပွားရန် အလွန့်အလွန် အလားအလာ များသော စာရင်းတွင် မြန်မာနိုင်ငံ နှင့်အတူ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်လည်း ပါဝင်ပြီး အကျပ်အတည်း ပြဿနာများကြောင့် ယိုယွင်းနေသည့် တောင်အာရှ၊ အရှေ့ အလယ်ပိုင်းနှင့် အာဖရိက ဆာဟာရ နိုင်ငံများနှင့် အာဖဂန် နစ္စတန်၊ အီရတ် ကဲ့သို့ သော နိုင်ငံများလည်း ပါဝင်ပါသည်။

          ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနှင့် တရုတ်နိုင်ငံတို့မှာ မူ ၂၀၁၀ တွင် လူမှုရေး မငြိမ်သက်မှု အလား အလာ များသော ၅၂ နိုင်ငံတွင် ပါဝင်နေပါသည်။

          ၎င်းမဂ္ဂဇင်း၏ အဆိုအရ ၂၀၀၈ ခုနှစ်ကထက် အလုပ်လက်မဲ့ ဦးရေ သန်း ၆၀ တိုးပွားလာမည် ကို တွေ့မြင်ရဖွယ် ရှိပြီး တစ်ရက်လျှင် ၂ ဒေါ်လာထက် နည်းသော ဝင်ငွေဖြင့် နေထိုင်ရသော အလုပ် သမား သန်း ၂၀၀ ခန့် ရှိလိမ့်မည်ဟု သိရပါသည်။

          သဘာဝ ရင်းမြစ်များ ကြွယ်ဝသော မြန်မာနိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှုနှုန်းမှာ ကမ္ဘာပေါ်တွင် အဆိုးဝါးဆုံး နိုင်ငံများ၌ ပါဝင်နေပါသည်။ မြန်မာနိုင်ငံရှိ လူအများစုသည် တစ်ရက်လျှင် ၁ ဒေါ်လာထက် နည်းသော ဝင်ငွေဖြင့် ရှင်သန်နေရသည်ဟု ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP) က သတိပေး ထားပါသည်။ မြို့ကြီးများ၏ ဆင်ခြေဖုံးဒေသ များတွင် နေထိုင်သူ လူများစုမှာ တစ်ရက်လုပ် တစ်ရက်စား ဘဝဖြင့် ရှင်သန် နေကြရသည်ဟု မြန်မာနိုင်ငံ မှ NGO အလုပ်သမားများက ပြောကြားခဲ့ပြီး ဆင်းရဲ နွမ်းပါးမှု ထက်ပင် ပို၍ ဆင်းရဲတွင်း နက်နေသော ပြည်သူ အများစုမှာ အာဟာရ ချို့တဲ့မှုကိုပါ ခံစား နေကြရသည်ဟု ဆိုပါသည်။

          သို့ရာတွင် ဆင်းရဲ နွမ်းပါးမှု တစ်ခုတည်းဖြင့် မငြိမ်သက်မှုများ မဖြစ်ပွားနိုင်ပါ။ လူတန်းစားများ အကြား ဝင်ငွေ ကွာဟမှု အလွန် ကြီးမားလာခြင်း၊ ညံ့ဖျင်းသော အုပ်ချုပ်ရေး၊ လူမှုရေး ထောက်ပံ့မှုအား နည်းခြင်းနှင့် တိုင်းရင်းသား လူမျိုးများ အရေး တင်းမာမှုများသည် မငြိမ်သက်မှုများ ဖြစ်ပွား လာစေရန် ပေါင်းဆုံလာသော အကြောင်းအရင်းများ ဖြစ်သည်ဟု "The Economist" က ဆိုပါသည်။

          ကမ္ဘာပေါ်ရှိ အဆိုးဝါးဆုံး အကျင့်ပျက် ခြစားသော နိုင်ငံများတွင် မင်းမဲ့ တိုင်းပြည် ဆိုမာလီယာ နှင့် စစ်ပွဲကြောင့် ကြေမွနေသော အာဖဂန် နစ္စတန်တို့ ပြီးလျှင် မြန်မာနိုင်ငံက တတိယ နေရာတွင် ရှိနေသည့် ကလင်အခြေစိုက် Transparency International က ဖော်ပြခဲ့ပါသည်။

          မြန်မာအစိုးရက လာမည့် နှစ်တွင် အထွေထွေ ရွေးကောက်ပွဲများ ကျင်းပရန် စီစဉ်ထားပါသည်။ သို့ရာတွင် အုပ်ချုပ်သူ စစ်ဖက် အစိုးရက ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ကို ဖမ်းဆီး ထိန်းသိမ်းထားဆဲ ဖြစ်ပါသည်။

          တပ်မတော် အစိုးရသည် ယနေ့တိုင် ရွေးကောက်ပွဲ ဥပဒေနှင့် ရွေးကောက်ပွဲ အချိန်ဇယားကို ကြေညာခြင်း မရှိသေးပါ။ ထို့အပြင် လက်ရှိ အချိန်အထိ အစိုးရနှင့် ကြေညာခြင်း မရှိသေးပါ။ ထို့အပြင် လက်ရှိ အချိန်အထိ အစိုးရနှင့် သဘောကွဲလွဲ ဆန့်ကျင်သော ရေးသား ပြောဆိုမှုများနှင့် နိုင်ငံရေး လှုပ်ရှားမှုများကို အာဏာ သုံး၍ ပိတ်ပင်ထားဆဲ ဖြစ်ပါသည်။

          နိုင်ငံတဝှမ်းရှိ တိုင်းရင်းသား လူမျိုးရေး တင်းမာမှု များမှာလည်း ပိုမို ပြင်းထန် လာနေပါသည်။ အပစ်ရပ် လက်နက်ကိုင် တပ်ဖွဲ့များကို ဗဟိုအစိုးရ လက်အောက်ခံ နယ်ခြားစောင့်တပ် အစီအစဉ်သို့ ပူးပေါင်းရန် မြန်မာ တပ်မတော် ခေါင်းဆောင်များက တောင်းဆိုထားပါသည်။ သို့သော်လည်း အဖွဲ့ ၃ ဖွဲ့မှ လွဲ၍ ကျန် အပစ်ရပ် တပ်ဖွဲ့ အားလုံးမှာ အထက်ပါ အစီအစဉ်ကို သဘောတူခြင်း မရှိသေးပါ။

          နယ်ခြား စောင့်တပ် ဖွဲ့စည်းရေး အဆိုပြုချက်ကို လက်ခံရမည့် နောက်ဆုံး သတ်မှတ်ရက်ကို မြန်မာအစိုးရက ဒီဇင်ဘာလကုန်အထိ နောက်ဆုတ် ပေးခဲ့ပါသည်။ အဆိုပါ ပြဿနာသည် တနေ့နေ့တွင် ဖြေရှင်းရမည် ဖြစ်ပြီး အလျော့အတင်း လုပ်ညှိနှိုင်းမည့် စကားများလည်း ရှိပုံ မရပါ။ အာခံနေသော လက်နက်ကိုင် တပ်ဖွဲ့များကို အစိုးရ တပ်ဖွဲ့များက ထိုးစစ် အသစ် ဆင်နွှဲရန် ပြင်ဆင် နေခြင်းနှင့်အတူ ဖြစ်ပေါ်လာမည် ပဋိပက္ခများသည် ရှောင်လွှဲ နိုင်မည့်ပုံ မရှိဟု အကဲခတ် လေ့လာရေး သမား အများစုက ပြောကြားပါသည်။

          မည်သို့ပင် ဖြစ်စေ မြန်မာနိုင်ငံတွင် အကြီးမားဆုံး အပစ်ရပ်တပ်ဖွဲ့ ဖြစ်သော တပ်ဖွဲ့ဝင် ၂၀၀၀၀ ကျော်ခန့် ရှိသည့် ဝ တပ်ဖွဲ့ UWSA ခေါင်းဆောင်များက အလျော့ပေးမည် မဟုတ်ကြောင်း အကြိမ်ကြိမ် ပြောကြားခဲ့ပြီး ၎င်းတို့၏ ပိုင်နက် နယ်မြေကို တစ်လက်မမျှ လက်လျှော့မည် မဟုတ်သလို လက်နက်လည်း ချလိမ့်မည် မဟုတ်ဟု ကြွေးကြော်ထားပါသည်။

Irrawaddy Magazine, By Sean Turnell, Vol 18, No 1, January

          မြန်မာနိုင်ငံ၏ စီးပွားရေးသည် အလွန်တရာ ခြားနားသော လမ်းနှစ်သွယ်အနက် တစ်ခုခုကို သွားရမည် ဖြစ်ပါသည်။ စီးပွားရေး အတက်ဖက်ကို သွားမည်လား (သို့မဟုတ်) အရင်လို ထိန်းမနိုင် သိမ်းမရ တလိမ့်လိမ့်နှင့် အောက်သို့ လိမ့်ဆင်းမည်လား။

          မြန်မာ့ စီးပွားရေး၏ အနာဂတ်အား ဓာတ်လုံးတွင် ကြည့်၍ ဟောကိန်း ထုတ်ရန် အလုပ်မှာ အန္တရာယ်များသော အလုပ်ပင် ဖြစ်ပါသည်။ သို့သော် အပိုင်း နှစ်ပိုင်း ခွဲပြောလျှင် နည်းနည်း နီးစပ်လိမ့်မည် ထင်ပါသည်။ ပထမတစ်ပိုင်း အနေဖြင့် ၂၀၁၀ တွင် မိမိတို့ မျှော်လင့်သည်များ ဖြစ်လာမည်လားဟု ဖြစ်ပါသည်။ ဒုတိယတစ်ပိုင်း အနေဖြင့် ခန့်မှန်းရလျှင် စိတ်ပျက်စရာ ကောင်းပြီး၊ အတွေ့အကြုံအရ ပြောရလျှင် ဖြစ်လာနိုင်သည်များမှာ စိတ်ပျက်စရာ ကောင်းလှသည်ဟု ဆိုရမည် ဖြစ်ပါသည်။

          အကောင်းများကို ရဲရဲကြီး မျှော်လင့် ကြည့်ရလျှင် ၂၀၁၀ တွင် အပေါင်း လက္ခဏာ ဆောင်သော တိုးတက်မှုများ မည်သို့ ဖြစ်လာနိုင်မည်နည်း။ သဘာဝ ကျကျ စဉ်းစားမည် ဆိုလျှင် ဖြစ်နိုင်ချေသည် ရွေးကောက်ပွဲ အပေါ်တွင် အများကြီး မူတည်နေပါသည်။ ရွေးကောက်ပွဲအရ ထွက်ပေါ်လာမည့် အစိုးရသစ် သည် အခြေအနေ ကောင်းများကို သယ်ဆောင် လာလိမ့်မည်ဟု ယူဆရပါသည်။ အဆိုပါ အစိုးရသစ်သည် မြန်မာနိုင်ငံသားများကို စီးပွားရေး ပတ်ဝန်းကျင်ကောင်းများ ရရှိစေရန် အမှန်တကယ် ရည်ရွယ်ခဲ့သည် ဆိုလျှင်၊ တိုင်းပြည်၏ ကံကြမ္မာကို အလှည့်အပြောင်း ဖြစ်စေမည့် ပြုပြင် ပြောင်းလဲရေး အစီအစဉ် များကို ပြုလုပ်ရလိမ့်မည် ဖြစ်ပါသည်။

          လူတိုင်း သိရှိသော သဘာဝဓာတ်ငွေ့ ရောင်းရငွေများ အကြောင်းမှ စပြောရလျှင်၊ အစိုးရသစ် သည် ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရာတွင် ဓာတ်ငွေ့ ရောင်းရငွေများကို ကျေးလက် စီးပွားရေးတွင် လိုအပ်နေသော အရင်းအနှီးများသို့ ထည့်သွင်း ပေးရမည် ဖြစ်ပါသည်။ သို့မှသာ စစ်ရေးနှင့် လုံခြုံရေး ကိစ္စ ရပ်များတွင် အသုံးပြုခြင်းကို လျှော့ချနိုင်မည် ဖြစ်ပြီး ကျန်းမာရေး၊ ပညာရေးနှင့် အရေးကြီးသော အခြေခံ အဆောက်အဦများတွင် မြှင့်တင်ပေးနိုင်မည် ဖြစ်ပါသည်။

          အစိုးရသစ်သည် အထက်ပါအတိုင်း လုပ်ဆောင်ပေးမှုများ၊ အခြား လုပ်ဆောင်မှုများနှင့် ကတိပြု မှုများ ရှိခဲ့လျှင် မိမိကိုယ်မိမိ ယုံကြည်မှုများ တိုးပွားလာမည် ဖြစ်ပြီး အခြေပစ္စည်း ရပိုင်ခွင့်များကို လေးစား လိုက်နာလာမည် ဖြစ်ကာ တရားဥပဒေ စိုးမိုးမှုကို ရရှိလိမ့်မည် ဖြစ်ပါသည်။ အထက်ပါ အချက်များသည် ဒီမိုကရေစီ အုတ်မြစ်များ ခိုင်မာမှု၏ ဘေးထွက်ရလဒ် ဖြစ်ပြီး တိုင်းရင်းသားများကိုလည်း ၎င်းတို့အပေါ်မှ အမြတ် ထုတ်နေသည်ဟု အထင်မှားမှုများ ကိုလည်း ဖြေဖျောက်နိုင်မည် ဖြစ်ပါသည်။

          အဆိုပါ လုပ်ဆောင်ချက်များသည် နိုင်ငံတကာ ရင်းနှီး မြှုပ်နှံသူများကို ယုံကြည်မှု တိုးပွားစေပြီး၊ မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်စေရန် အားပေးသလို ဖြစ်မည် ဖြစ်ပါသည်။ သဘာဝ အရင်းအမြစ်များတွင် ရင်းနှီး မြှုပ်နှံလိမ့်မည် ဖြစ်ပြီး၊ မြန်မာ လုပ်သားများကို စံချိန်မီ လုပ်အားခများ ပေးလာမည် ဖြစ်ပြီး ရေရှည် ခရီးသွား ဧည့်သည်များကိုလည်း တိုးတက် ဆွဲဆောင်လာမည် ဖြစ်ပါသည်။

          အကယ်၍ အထက်ပါ မျှော်လင့်ချက်များ ဖြစ်မလာခဲ့လျှင်၊ ၂၀၁၀ တွင် မြန်မာ့ စီးပွားရေး မည်သို့ ဖြစ်လာမည်နည်း။ အဖြေကို ပြောရမည်မှာ ပျော်ရွှင်စရာ ကောင်းလိမ့်မည် မဟုတ်ပေ။ လွန်ခဲ့သော နှစ်ငါးဆယ်က သွားခဲ့သော အဆင်း လမ်းကြောင်း၊ လမ်းဟောင်းအတိုင်း သွားပြီး ဆင်းရဲမွဲတေမြဲ ဖြစ်နေဦး ပေလိမ့်မည်။

          အထက်က ဆိုခဲ့သော မြန်မာနိုင်ငံ၏ သဘာဝ ဓာတ်ငွေ့ရောင်းရငွေများသည် နိုင်ငံ၏ GDP ကို တိုးတက်လာပြီး တိုင်းပြည်အသွင် ပြောင်းခဲ့သည် ဆိုသော်လည်း စီးပွားရေး အခြေအနေသည် ဒုတိယ ကမ္ဘာစစ်ပြီး ကတည်းကထက် တဖြည်းဖြည်း အဆိုးရွားဆုံး အခြေအနေသို့ ရောက်ရှိနေပါသည်။ မြန်မာ စစ်အစိုးရသည် တိုင်းပြည်၏ အချုပ်အခြာ အာဏာကို ကာကွယ် ပေးသူများအဖြစ် မိမိ ကိုယ်မိမိ ဂုဏ်ယူ နေသည် ဆိုသော်လည်း ၎င်းတို့၏ စီးပွားရေး အမြင်မှာ တိုင်းပြည် သယံဇာတများ ဖြစ်သော ကျောက်များ၊ သတ္တုများနှင့် သဘာဝ ဓာတ်ငွေ့များကို ထုတ်ယူ စားသုံးရေးထက် မပိုပေ။

          ထို့ကြောင့် မြန်မာ့ သယံဇာတ များအပေါ် အမြတ်ထုတ်နေသော စွမ်းအင် ဆာလောင် မွတ်သိပ် နေသော မြန်မာနိုင်ငံ၏ အိမ်နီးချင်း များကိုသာ အပြစ်တင် ရတော့မည် ဖြစ်သည်။ ၂၀၁၀ တွင် မြန်မာနိုင်ငံ ကတော့ ဦးမရှိ၊ ပဲ့မရှိ၊ ဦးတည်ရာမဲ့နှင့် မာယာများလှသော အခြေအနေ ရုတ်ချည်း ပြောင်းနိုင် သော ကမ္ဘာ့ ကုန်ပစ္စည်း ဈေးကွက် ပင်လယ်ကြောတွင် မျောနေပေဦးတော့မည်။­­­


အမျိုးသား ဒီမိုကရေစီပါတီ (NLD) သည် ပါတီတွင်း ပြန်လည် စည်းရုံးရေးနှင့် တိုးချဲ့ ဖွဲ့စည်းရေး အတွက် ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ၁၁ ဦး မျက်နှာစုံညီ အစည်းအဝေး ကျင်းပရန် စိတ်အား ထက်သန်လျက် ရှိကြောင်း သတင်း ရရှိသည်။

"ဒီကိစ္စဟာ ကျွန်တော်တို့ ပါတီရဲ့ ရှေ့အနာဂတ် အစီအစဉ်နဲ့ ပတ်သက်ပါတယ်။အဲဒါကြောင့် စစ်အစိုးရက ကျွန်တော်တို့ကို မျက်နှာစုံညီ အစည်းအဝေး ပြုလုပ်ခွင့် ပေးရမှာပါ။ တကယ်လို့ သူတို့ ခွင့်မပြုခဲ့ဘူး ဆိုရင်တောင် နိုင်ငံရေးပါတီ ဖွဲ့စည်းခွင့် ဥပဒေနဲ့ တခြား ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဥပဒေတွေ ထွက်ရှိလာရင် ကျွန်တော်တို့ အစည်းအဝေး လုပ်မှာပါ" ဟု NLD ပါတီမှ ပြောခွင့်ရပုဂ္ဂိုလ် ဦးခင်မောင်ဆွေက မဇ္ဈိမသို့ ပြောကြားသည်။

"တကယ်လို့ စစ်အစိုးရက ကျွန်တော်တို့ကို အစည်းအဝေး ပြုလုပ်ခွင့် မပြုဘူးဆိုရင် NLD ရဲ့ လက်ရှိ ဗဟိုကော်မတီ အနေနဲ့ အစီအစဉ်အတိုင်း မဖြစ်မနေ လုပ်ဖြစ်အောင် ကြိုးစားသွားမှာပါ။ ဒေါ်အောင်ဆန်းစုကြည် ကိုလည်း အကြောင်းကြားမှာပါ" ဟု ၎င်းက ဖြည့်စွက် ပြောဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ ရက် နိုင်ငံတော် ဧည့်ဂေဟာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့စဉ်အတွင်း NLD ပါတီ၏ သက်ကြီးပိုင်း ခေါင်းဆောင်များ ဖြစ်သော ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင် နှင့် ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးလွန်းတင်တို့က လက်ရှိ ကော်မတီကို တိုးချဲ့ဖွဲ့စည်းရန် သဘော တူညီခဲ့ကြသည်။

နှစ်ပေါင်း ၁၄ တာမျှ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသော မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလ အတွင်း စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ စာရေးသား ပေးပို့ခဲ့သည်။ မိမိအနေဖြင့် NLD ပါတီမှ ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး အပါအဝင် ဗဟို အလုပ်အမှုဆောင် ကော်မတီ အဖွဲ့ဝင် ၁၁ ဦးနှင့် တွေ့ဆုံခွင့်ပြုရန် ဒေါ်အောင်ဆန်းစုကြည်က စာဖြင့် ရေးသား တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

သို့သော် စစ်အစိုးရက ယနေ့ အချိန်အထိ တွေ့ဆုံခွင့် မပြုသေးပေ။ ပါတီ ခေါင်းဆောင်ကြီးများ က NLD ဗဟို အလုပ်အမှုဆောင် ကော်မတီကို တိုးချဲ့ ဖွဲ့စည်းရန် သဘော တူခဲ့ပြီ ဖြစ်သော်လည်း ကော်မတီအနေဖြင့် အဖွဲ့ဝင် ၁၁ ဦးစလုံး မျက်နှာစုံညီ အစည်းအဝေး မပြုလုပ်ဘဲ နောက်ဆုံးပိတ် ဆုံးဖြတ်ချက် ချမှတ်၍ မရနိုင်ကြောင်း၊ ယင်းသို့ စုံညီ အစည်းအဝေး ကျင်းပရန် စစ်အစိုးရ၏ ခွင့်ပြုချက်ကို စောင့်ဆိုင်း နေရဆဲ ဖြစ်ကြောင်း ဦးခင်မောင်ဆွေက ပြောပါသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၉ ရက်နေ့တွင် NLD ပါတီက လက်ရှိ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်များ စာရင်းကို ထုတ်ပြန် ကြေညာခဲ့သည်။ လက်ရှိ အဖွဲ့ဝင်များမှာ ဦးအောင်ရွှေ (ဥက္ကဋ္ဌ)၊ ဦးတင်ဦး (ဒုတိယ ဥက္ကဋ္ဌ)၊ ဒေါ်အောင်ဆန်းစုကြည် (အထွေထွေအတွင်းရေးမှူး)၊ ဦးလွင် (အတွင်းရေးမှူး)၊ ဦးဝင်းတင် (အဖွဲ့ဝင်)၊ ဦးသန်းထွန်း (အဖွဲ့ဝင်)၊ ဦးစိုးမြင့် (အဖွဲ့ဝင်)၊ ဦးလှဖေ (အဖွဲ့ဝင်)၊ ဦးလွန်းတင် (အဖွဲ့ဝင်)၊ ဦးညွန့်ဝေ (အဖွဲ့ဝင်)၊ ဦးခင်မောင်ဆွေ (အဖွဲ့ဝင်) တို့ ဖြစ်ကြသည်။

Mizzima သတင်းဌာနမှ NLD keen on holding CEC plenary meet ကိုဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 30th December 2009

အမေရိကန် ကုန်သွယ်ရေး ကော်မရှင်က တရုတ်နိုင်ငံလုပ် စတီးပိုက် သွင်းကုန်များ အပေါ်တွင် အခွန်ကောက်ခံမည့် အစီအစဉ်ကို သဘောတူလိုက်ပါသည်။

တရုတ်အစိုးရ၏ စီးပွားရေး ထောက်ပံ့ကြေးများ လျော့ပါးသွားစေရန် ရည်ရွယ် ရေးဆွဲထားသည့် အခွန်စနစ်ကို အမေရိကန် ပြည်ထောင်စု နိုင်ငံတကာ ကုန်သွယ်ရေး ကော်မရှင်က တခဲနက် မဲပေး ထောက်ခံခဲ့ကြပါသည်။

အကောက်ခွန်နှုန်းထားကို (၁၀%) မှ (၁၅%) အတွင်း ကောက်ခံရန် စီစဉ်နေပါသည်။

တရုတ်နိုင်ငံသည် မမျှတသော ပံ့ပိုးမှုများနှင့် ဈေးနှုန်းလျော့ချ ပြိုင်ဆိုင်မှုများကို ကျင့်သုံးသည်ဟု စွပ်စွဲထားသော အမေရိကန် ပြည်ထောင်စုနှင့် တရုတ်နိုင်ငံ တို့အကြား လတ်တလော ဖြစ်ပွားနေသော ကုန်သွယ်ရေး အငြင်းပွားမှု တသီတတန်းကြီးတွင် ယခုကိစ္စမှာ နောက်ဆုံး ဖြစ်ပွားခြင်း ဖြစ်သည်။

ပြီးခဲ့သော နိုဝင်ဘာလက တရုတ်နိုင်ငံလုပ် တာယာများ အပေါ်တွင် အမေရိကန်သည် သွင်းကုန်အခွန် (၃၅%) ကောက်ခံခဲ့ပြီး အမေရိကန် ဈေးကွက် အတွင်းသို့ အရေအတွက် ကြီးမားစွာ တင်သွင်းခဲ့ခြင်းကြောင့် ဗရမ်းဗတာ ရလဒ်များ ထွက်ပေါ်စေခဲ့သည်ဟု စွပ်စွဲလိုက်ပါသည်။

နိုဝင်ဘာလကတည်းက စီစဉ်နေခဲ့သော အဆိုပါ တရုတ်စတီးပိုက်များ အပေါ် အခွန် ကောက်ခံမည့် ကုန်သွယ်ရေးဌာနအတွက် ယခု ဆုံးဖြတ်ချက်က လမ်းရှင်း ပေးလိုက်ခြင်းပင် ဖြစ်သည်။

စတီးပိုက် သွယ်တန်းခြင်း လုပ်ငန်းသည် အမေရိကန် ပြည်ထောင်စုတွင် ကြီးမားသော စီးပွားရေးလုပ်ငန်း တစ်ခု ဖြစ်၍ တရုတ်နိုင်ငံမှ စတီးပိုက်များကို ယခင်နှစ်က ဒေါ်လာ (၂.၇၄) ဘီလျံဖိုး တင်သွင်းခဲ့ပါသည်။

၎င်းပိုက်များကို ရေနံတွင်းများတွင် အသုံးပြုခြင်း ဖြစ်ပြီး ရေနံဈေးနှုန်းများ ပြန်တက် လာခြင်းကြောင့် စတီးပိုက် ဝယ်လိုအား မြင့်တက်နေသည်ကို တွေ့ရှိရပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.