Transparency Myanmar

transparency.myanmar@gmail.com

news.yahoo.com, 23rd February 2010

Hyundai Heavy Industries သည် အခြား တောင်ကိုးရီးယား ကုမ္ပဏီတစ်ခုနှင့် အတူ မြန်မာနိုင်ငံတွင် သဘာဝ ဓါတ်ငွေ့ တူးဖော်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် ၁.၄ ဘီလီယံ ဒေါ်လာ တန်ဖိုးရှိ စာချုပ် ချုပ်ဆိုခဲ့ကြောင်း၊ Hyundai က အင်္ဂါနေ့က ပြောကြားခဲ့သည်။

Hyundai Heavy သည် ကမ္ဘာပေါ်တွင် အကြီးဆုံး သင်္ဘောကျင်း ဖြစ်ပြီး၊ မြန်မာနိုင်ငံ အနောက်မြောက်ဘက်ရှိ ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းတွင် ကမ်းလွန်နှင့် ကမ်းနား တည်ဆောက်ရေး လုပ်ငန်းများ ၂၀၁၃ ခုနှစ် မတ်လ အပြီး တည်ဆောက်ရန် ရောင်းဝယ်ရေး ကုမ္ပဏီ တစ်ခု ဖြစ်သော Daewoo International နှင့် စာချုပ် ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။

Daewoo International သည် ၂ဝ၁၃ ခုနှစ် မေလတွင် အဆိုပါ ရွှေ စီမံကိန်းမှ ဓါတ်ငွေ့များကို ပိုက်လိုင်းမှ တဆင့် တရုတ်သို့ ရောင်းချရန် သဘောတူ ထားပြီး ဖြစ်သည်။

အဆိုပါ စီမံကိန်း အရ နှစ်ပေါင်း ၂၅ နှစ်မှ နှစ် ၃၀ အတွင်း တစ်ရက်လျှင် သဘာဝ ဓါတ်ငွေ့ ကုဗပေ သန်းပေါင်း ၅ဝဝ (ကုဗမီတာ ၁၅ သန်း) ထွက်ရှိမည် ဖြစ်သည်။ အဆိုပါ နေရာတွင် သဘာဝ ဓါတ်ငွေ့ ကုဗပေ ၄.၅  ထရီလီယံထိ ရှိမည်ဟု ခန့်မှန်းထားသည်။

Hyundai Heavy သည် တန် ၄ဝဝဝဝ ရှိ သဘာဝဓါတ်ငွေ့ ပလက်ဖောင်း၊ ပင်လယ် ရေအောက် ထုတ်လုပ်ရေး စနစ်၊ ပိုက်လိုင်းများ၊ ကမ်းခြေ ဓါတ်ငွေ့ သိုလှောင်ရုံ၊ ဆိပ်ခံ တံတားနှင့် ဖြန့်ဖြူးရေး အခြေစိုက် စခန်းများကို ဆောက်လုပ်မည် ဖြစ်သည်။

ယခု စီမံကိန်းသည် Hyundai Heavy နှင့် Daewoo International တို့ အကြား ပါတနာရှစ်ကို ပိုမို ကောင်းမွန်စေမည် ဖြစ်ကြောင်း၊ မိမိတို့ ကုမ္ပဏီ အနေဖြင့် မြန်မာနိုင်ငံတွင် ထပ်ဆောင်း အမှာစာများ ရရှိမည် ဟု မျှော်လင့်ကြောင်း Hyundai Heavy မှ CEO Oh Byung-Wook က သတင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးထားမှုကြောင့် အမေရိကန် ပြည်ထောင်စုနှင့် ဥရောပတို့မှ စီးပွားရေး အရ အရေးယူမှုများ ချမှတ်ခဲ့သည်။

သို့သော် မြန်မာနိုင်ငံ၏ အိမ်နီးချင်းများ ဖြစ်သော တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့သည် မြန်မာနိုင်ငံမှ ထွက်သော သဘာဝ ဓါတ်ငွေ့များကို ဘီလီယံ ဒေါ်လာနှင့် ချီ၍ ဝယ်ယူမှုကြောင့် ၎င်းအရေးယူမှုများသည် ထိရောက်မှု မရှိခဲ့ပေ။

လူ့အခွင့်အရေး အဖွဲ့များ ဖြစ်သော Earth Rights International နှင့် Shwe gas movement တို့၏ အစီရင်ခံစာတွင် သဘာဝ ဓါတ်ငွေ့ စီမံကိန်းသည် ရွာများအား အတင်းအကျပ် ရွှေ့ပြောင်းခိုင်းမှုများနှင့် အခြား လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိကြောင်း ရေးသားထားသည်။

ထိုလုပ်ငန်းများတွင် မတရား ဖမ်းဆီး ထိန်းသိမ်းမှုများလည်း ရှိကြောင်း ဒေသခံများက ပြောခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာ စစ်အစိုးရ ကျောထောက်နောက်ခံ အဖွဲ့အစည်း ဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး အသင်း (USDA) က ယခုနှစ်အတွင်း ရန်ကုန်မြို့ရှိ အများ ပြည် သူနှင့် ဆိုင်သော လုပ်ငန်းများ အတွက် ကျပ်ငွေ ၁၂ ဘီလီယံ (အမေရိကန် ဒေါ်လာ ၁၂ သန်း) သုံးစွဲသွားမည် ဖြစ်ကြောင်း ဗိုလ်မှူးချုပ် အောင်သိန်းလင်း၏ ပြောကြားချက်အရ သိရသည်။

ရန်ကုန်မြို့ရှိ လမ်းများ ပြုပြင်ခြင်းများ အပါအဝင် ပြည်သူ့ရေးရာ လုပ်ငန်းများကို ကူညီပံ့ပိုးသည့် အနေဖြင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းသည် ကျပ်ငွေ ဘီလီယံနှင့် ချီ၍ သုံးစွဲသွားမည် ဖြစ်ကြောင်း ဗိုလ်မှူးချုပ် အောင်သိန်းလင်းက  ရန်ကုန် မြို့တော် စည်ပင်သာယာရေး ရုံးချုပ်တွင် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ မြို့တော်ဟောင်း ရန်ကုန်မြို့မှ ရရှိသော သတင်းများအရ ကြံ့ဖွံ့က ယင်းကဲ့သို့ ငွေကြေး မြောက်မြားစွာ သုံးစွဲခြင်းသည် ယခုနှစ် အတွင်း ကျင်းပရန် ရှိသော ရွေးကောက်ပွဲ အတွက် မဲဆွယ် စည်းရုံးမှု တစ်ရပ် ဖြစ်သည်ဟု ဆိုသည်။

ရန်ကုန်တိုင်း ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အကြီးအကဲနှင့် ရန်ကုန် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် အောင်သိန်းလင်းသည် လာမည့် ရွေးကောက်ပွဲတွင် ကြံ့ဖွံ့၏ ကိုယ်စားလှယ် အမတ်လောင်းအဖြစ် ဝင်ရောက် အရွေးခံရန် လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

ကြံ့ဖွံ့က ဤသို့ ရန်ကုန်မြို့ရှိ လမ်းများ အပါအဝင် အများပြည်သူနှင့် သက်ဆိုင်သော တည်ဆောက်ရေး လုပ်ငန်းများကို လုပ်ကိုင်ပေးရာ၌ မြို့နေ လူထု၏ ထည့်ဝင်ငွေကို မရယူဘဲ အသင်း၏ ငွေဖြင့်သာ လုပ်ဆောင်ပေးကြောင်း ၊ အကယ်၍ လမ်းခင်းသည့် လုပ်ငန်းများတွင် ရပ်ကွက်နေ ပြည်သူများ အနေဖြင့် ငွေကြေး အကူအညီ ရယူလိုပါက မိမိထံသို့ တိုက်ရိုက် ဆက်သွယ်နိုင်ကြောင်း ၎င်းက ဆိုသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသည် ကြံ့ဖွံ့အသင်း၏ လက်အောက်တွင် လမ်းဖောက်လုပ်ရေး၊ ရေပိုက်လိုင်း တပ်ဆင်ရေး၊ အခမဲ့ ဆေးကုသခန်း ဖွင့်လှစ်ရေး၊ အခမဲ့ နာရေး ကူညီမှု ပေးရေး စသည့် လုပ်ငန်းများကို လုပ်ကိုင်ပေးလျက် ရှိသည် ဟု ရန်ကုန် အခြေစိုက် သတင်းသမား တစ်ဦးက ပြောကြားသည်။

ယခုအခါ အင်းစိန်ရှိ  အစိုးရ စက်မှုကျောင်း (GTI) အား ပြည်သူ့ ဆေးရုံအဖြစ် ကြံ့ဖွံ့က ပြန်လည် တည်ဆောက်ပေးလျက် ရှိကြောင်း မြို့တော်ဝန် အောင်သိန်းလင်းက ဆို သည်။ အဆိုပါ GTI သည် တစ်ချိန်က အစိုးရဆန့်ကျင်သော ကျောင်းသား လှုပ်ရှားမှုများ ပြုလုပ်ခဲ့ရာ အဆောက်အအုံ ဖြစ်ခဲ့သော်လည်း ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး တွင်မူ ဆန္ဒပြသူများ ဖမ်းဆီး ချုပ်နှောင်ထားရာ အဆောက်အအုံ တစ်ခု ဖြစ်ခဲ့သည်။

ကြံ့ဖွံ့အဖွဲ့သည် တက္ကသိုလ် ဝင်တန်း စာမေးပွဲများ နီးကပ်လာသည်နှင့် အမျှ ကျောင်းသားများအား အခမဲ့ ကျူရှင်ပေးသည့် လုပ်ငန်းများကိုပါ လုပ်ဆောင်လျက် ရှိသည်ဟု စည်ပင်သာယာရေး အဖွဲ့မှ သတင်း ရရှိသည်။

စစ်အစိုးရက ရွေးကောက်ပွဲကို ယခုနှစ်အတွင်း ကျင်းပမည်ဟု မကြာခဏ ပြောဆို နေသော်လည်း ယနေ့ အချိန်အထိ ကျင်းပမည့် နေ့ရက် အတိအကျနှင့် ဥပဒေ စည်းမျဉ်း စည်းကမ်းများကို မထုတ်ပြန်သေးဘဲ အချိန်ဆွဲထားသည်ကို ကြည့်ပါက ကြံ့ဖွံ့အဖွဲ့ အနေဖြင့် မဲဆွယ်စည်းရုံးမှုများကို တစ်ပြည်လုံး အတိုင်းအတာဖြင့် လုပ်ကိုင်နိုင်ရန် ရည်ရွယ်ဟန် ရှိသည်ဟု ဝေဖန် ဆန်းစစ်မှု သူများလည်း ရှိသည်။

"ကြံ့ဖွံ့အဖွဲ့က ရွေးကောက်ပွဲမှာ နိုင်မှာ သေချာတယ်။ ဒါကို သံသယ ဖြစ်စရာ မရှိပါဘူး။ အစိုးရ ဌာနတွေ အနေနဲ့ လုပ်ဆောင်ရမယ့် ကိစ္စတွေ အားလုံးကို ကြံ့ဖွံ့က လုပ်နေပြီလေ" ဟု တက္ကသိုလ် အငြိမ်းစား ကထိက တစ်ဦးက ပြောကြားသည်။

Irrawaddy သတင်းဌာန၏ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Mizzima, By Khai Suu, 22 Feb 2010

          မြန်မာစစ်အစိုးရ၏ ကိုယ်ချင်းမစာဘဲ အာဏာအသုံးပြုပုံ ကိစ္စတစ်ရပ် ထွက်ပေါ်လာပြန်ပြီဖြစ် သည်။ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်(၂)ရပ်ကွက် မုဒိတာလမ်းရှိ အိမ်ထောင်စု(၂၆၀)အား ပြောင်းရွှေ့ရန် အစိုးရက အမိန့်ထုတ်ခဲ့ကြောင်း ဒေသခံများက စွပ်စွဲပြောဆိုခဲ့ပါသည်။

          အဆိုပါ မုဒိတာလမ်းရှိ နေအိမ်အများစုသည် လူတကိုယ်စာ ကျောချရုံတဲလေးများဖြစ်ပြီး အလွန်ဆင်းရဲသူများ နေထိုင်ကြသော ရပ်ကွက်ဖြစ်ပါသည်။

            မြောက်ဥက္ကလာပမြို့နယ် မဝတဥက္ကဌနှင့် အမှတ်(၂)ရပ်ကွက်ဥက္ကဌတို့က ဖေဖော်ဝါရီလ ၁၆ ရက်နေ့က အမိန့်ထုတ်ခဲ့ပါသည်။ ရွှေ့ပြောင်းရန် အမိန့်ထုတ်ရာတွင် အကြောင်းပြချက်မှာ ယမန်နှစ် က ထိုရပ်ကွက်တွင် ဝမ်းရောဂါဖြစ်ခဲ့၍ ဖြစ်သည်ဟုဆိုပါသည်။

          မိမိတို့အား ဇန်နဝါရီလတုန်းကလည်း ပြောင်းရွှေ့ရန် ပြောခဲ့ကြောင်း၊ မိမိတို့ကို ဘူးသီးတောင်သို့ ပြောင်းရွှေ့ခိုင်းကြောင်း အိမ်ထောင်စုတစ်စုလျှင် သုံးသိန်းကျပ် ပေးကြောင်း၊ မလိုက်နာသူများကို လက်မှတ်ထိုးခိုင်းကြောင်း၊ မိမိတို့ကမူ မပြောင်းနိုင်ကြောင်း လက်မှတ်ထိုးခဲ့ကြောင်း မုဒိတာလမ်းတွင် နေထိုင်သူတစ်ဦးက မဇ္ဇိုမသို့ပြောပါသည်။

          အဆိုပါရပ်ကွက်တွင် နေထိုင်သူအခြားတစ်ဦးက မိမိတို့သည် ဤရပ်ကွက်တွင် နေထိုင်လာ သည်မှာ ၃၅ နှစ် ရှိပြီဖြစ်ကြောင်း၊ စည်ပင်သို့လည်း အခွန်ပေးရကြောင်း၊ မိမိတို့အား ယခင်လာခဲ့သော မူရင်းဒေသသို့ ပြန်ရန်ပြောကြောင်း၊ အစိုးရက မိမိတို့အိမ်ကို ဖျက်ပစ်ချင်ပုံရကြောင်း၊ ယခုလို ခေတ်ဆိုးကြီးတွင် မိမိတို့ အခြားနေရာသို့ မပြောင်းရွှေ့လိုကြောင်းပြောပါသည်။

          အခြားကောလဟလများအရ ဒေသဆိုင်ရာ အာဏာပိုင်များသည် မေတ္တာ၊ မာဃ၊ နိဗ္ဗာန်၊ သစ္စာ၊ အောင်ဘောဂနှင့် အောင်ချမ်းသာလမ်းများမှ အခြားအိမ်ထောင်စု ၁၅၀၀ ကိုလည်း အတင်းအ ကြပ် ပြောင်းရွှေ့ခိုင်းလိမ့်မည်ဟု ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The New Kerala, 22 Feb 2010

         မြန်မာနိုင်ငံ တပ်မတော်ရေမှ ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းသည် ယခုအခါ အိန္ဒိယနိုင်ငံ နယူးဒေလီတွင် တရားဝင် အလည်အပတ် ရောက်ရှိနေပြီး ကာကွယ်ရေးဝန်ကြီး A.K.Antony နှင့်အတူ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Deepak Kapoor ၊ အိန္ဒိယ ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Nirmal Verma ၊ လေတပ် ဒုဦးစီးချုပ်၊ ဗိုလ်ချုပ် P.K. Barbooa တို့နှင့် ယနေ့တွေ့ဆုံ ပါသည်။

          ဒုတိယ ဗိုလ်ချုပ်ကြီးဥာဏ်ထွန်းသည် ဖေဖော်ဝါရီလ ၂၅ ရက် ကြာသပတေးနေ့အထိ ရှိနေမည် ဖြစ်ပါသည်။

          အိန္ဒိယနိုင်ငံ အရှေ့ဖက်တွင် မြန်မာနိုင်ငံနှင့် နယ်နမိတ်ချင်း ၁၆၄၅ ကီလိုမီတာ ထိစပ်နေပါ သည်။

          မကြာသေးမီက မြန်မာနိုင်ငံသည် သြစတြေးလျ၊ နယူးဇီလန်တို့ အပါအဝင် တောင်အာရှနှင့် အာရှပစိဖိတ် ၁၃ နိုင်ငံ ရေတပ်သရုပ်ပြပွဲ Milan ၂၀၁၀ တွင် ပါဝင်ခဲ့ပါသည်။

          ငါးရက်ကြာ အဆိုပါပြပွဲကို အိန္ဒိယနိုင်ငံမှ ကြီးမှူးကျင်းပပြီး ဖေဖော်ဝါရီလ ၅ ရက်နေ့ကစ၍ Andaman ရှိ Blair ဆိပ်ကမ်းနှင့် နီကိုဗာကျွန်းများတွင် ပြုလုပ်ခဲ့ပါသည်။ သြစတြေးလျ နယူးဇီလန်၊ ဘင်္ဂလားဒေ့ရှ်၊ ဘရုနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖီလစ်ပိုင်၊ စင်္ကာပူ၊ သီရိလင်္ကာ၊ ထိုင်းနှင့် ဗီ ယက်နမ်တို့ အဆိုပါ ရေတပ်သရုပ်ပြပွဲတွင် ပါဝင်ခဲ့ပါသည်။

          တရုတ်တို့သည် ၎င်းတို့၏ ရေတပ်ကို တိုးချဲ့၍ ဒေသတွင်း လွှမ်းမိုးလာမည်ကို စိုးရိမ်သော ကြောင့် အိန္ဒိယရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Nirmal Verma က ဤ Milan အဖွဲ့သည် လုံခြုံရေး အတွက် ဖွဲ့စည်းသော အဖွဲ့မဟုတ်ကြောင်း အထပ်ထပ်အခါခါ ပြောခဲ့ပါသည်။

          အိန္ဒိယသည် မြန်မာနိုင်ငံ မြောက်ပိုင်းတွင် ခြေကုတ်ယူထားသော သူပုန်များအား တိုက်ခိုက် ရာတွင် မြန်မာနိုင်ငံအား အကူအညီ တောင်းခံလျက်ရှိပါသည်။ ထို့အပြင် နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေးသည် အထီးကျန်ပြီး၊ ဆင်းရဲသော နယ်စပ်ဒေသများ တိုးတက်လာရန် မျှော်လင့်နေပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

22 Feb 2010 , Source BBC News

          သေနတ်မောင်းတင်သံ၊ မောင်းချသံပြင်းပြင်းများနှင့် စစ်သင်တန်းနည်းပြဆရာများ၏ အော်ဟစ်အမိန့်ပေးသံများ မြန်မာပြည်မြောက်ပိုင်း တောင်တန်းများပေါ်တွင် ဟိန်းထွက်လာခဲ့ခြင်းမှာ တပ်သားသစ်များ မနက်ခင်းလေ့ကျင့်ခန်းပြုလုပ်ရာမှ ထွက်ပေါ်လာခြင်းဖြစ်သည်။

          သူတို့သည် စည်းကမ်းသေဝပ်သည်။ စစ်ဝတ်စုံကလည်း စမတ်ကျသည်၊ သူတို့၏ ညာဖက်ပုခုံး ပေါ်တွင် ဂုဏ်ယူစွာ တတ်ဆင်ထားသော ကြက်ခြေခတ်ဓားမနှစ်ချောင်းနှင့် အနီရောင်၊ အစိမ်းရောင်ခြယ် အလံအပေါ်ထားရှိသည့် မျိုးချစ်စိတ်နှင့် ခံစားချက်မှာလည်း သံသယအနည်းငယ်ပင်ရှိစရာမလို ပါ။

          ၎င်းတို့သည် ကချင်လွတ်မြောက်ရေးတပ်မတော် KIA ၏ မျိုးဆက်သစ်များဖြစ်ပြီး သူတို့အပေါ် မကြာမှီကျရောက်လာနိုင်သည့် ပြည်တွင်းစစ်ပွဲကို မကြောက်မရွံ့တိုက်ခိုက်ကြမည့် မျိုးဆက်ဖြစ်သည်ဟု ၎င်းတို့ကဆိုပါသည်။

ပြည်ထောင်စု မြန်မာနိုင်ငံသည် တိုင်းရင်းသားအားလုံး၏ ညီမျှမှုအခြေခံဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သော်လည်း သမိုင်းတစ်လျှောက်တွင် မညီမျှမှုများသာရှိခဲ့ပြီး တိုင်းရင်းသားများမှာ အဖိနှိပ်ခံ နေရဆဲဖြစ်သည်ဟု တပ်သားသစ် ဒါရှိဇောင်ဂရန်က ပြောကြားပါသည်။

          အသက် ၂၆ နှစ်ရှိ ဇောင်ဂရန်သည် စီးပွားရေးလေ့လာမှုပညာဖြင့် ဘွဲ့ရရှိထားသော်လည်း တိုင်းရင်းသားတို့အပေါ် မညီမျှမှုများက အလုပ်အကိုင် ကောင်းကောင်း ရှာဖွေနေသော ၎င်းအား စစ်တပ်ထဲဝင်ရန် တွန်းပို့လိုက်ခြင်းပင်ဖြစ်သည်။

          မည်သို့ပင်ဖြစ်စေ၊ သူကတော့ ကြောက်ရွံ့သူမဟုတ်ပါ။ " ဗမာစစ်တပ်က အရှေ့တောင်အာရှ မှာ အင်အားအကြီးဆုံးပါ။ ကျွန်တော်တို့အင်အားကတော့ နည်းပါတယ်။ ဒါပေမဲ့ တရားမျှတမှုနဲ့ လွတ်လပ်ခွင့်ရရှိဖို့ ကျွန်တော်တို့ပြည်သူတွေ လွတ်မြောက်ဖို့ တိုက်ပွဲဝင်ရာမှာ ဘုရားသခင်က ကူညီစောင့်ရှောက်မှာပါ။ ဒါက ကျွန်တော်တို့ ယူရမဲ့ တာဝန်ပါဘဲဟု ၎င်းက ပြောကြားပါသည်။

          အဆိုပါစစ်ပွဲကို ကချင်ပြည်သူတို့ လိုလားခြင်းမရှိသလို အနိုင်ရမည့် စစ်ပွဲလည်းမဟုတ်ပါ။

          သို့ရာတွင် KIA တပ်ဖွဲ့များ လက်နက်ဖြုတ်သိမ်းရန် မြန်မာစစ်တပ်က တောင်းဆိုထားသော နောက်ဆုံးသတ်မှတ်ရက် နီးကပ်လာသည်နှင့်အမျှ ၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲရေး မကြာမီတွင် ကျိုးပေါက်သွားဖွယ်ရှိကြောင်း KIA ဗိုလ်ချုပ်များက ယုံကြည်နေပါသည်။

          မြန်မာအစိုးရ၏ တောင်းဆိုမှုကို KIA က ငြင်းပယ်ခဲ့ပြီးဖြစ်၍ အဆိုပါပြဿနာကို နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းရန် KIA ခေါင်းဆောင်များက တွန်းအားပေးလျက် ရှိသော် လည်း ဖေဖော်ဝါရီလကုန်တွင် ကျရောက်လာနိုင်သည့် အဆိုးဆုံးအခြေအနေအတွက် KIA တပ်မှူးများက ကြိုတင်ပြင်ဆင်နေ ပါသည်။

          "သေချာပေါက် စစ်ဖြစ်လာလိမ့်မယ်လို့တော့ မပြောနိုင်ပါဘူး။ ဒါပေမဲ့ ဒီလကုန်မှာ နယ်ခြားစောင့်တပ် ဖွဲ့စည်းပါလို့ အစိုးရက တောင်းဆိုထားပါတယ်" ဟု ပြောကြားသူမှာ KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင်ဖြစ်ပါသည်။

"သူတို့ပြောသလို မလုပ်နိုင်ပါဘူး၊ ၁၉၄၇ ပင်လုံ သဘောတူညီချက်အတိုင်း ဖက်ဒရယ် ပြည်ထောင်စုထဲက ဒေသတစ်ခုဖြစ်လာတဲ့အထိ၊ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး တွေ ပြန်ရတဲ့အထိ လက်နက်ချမှာ မဟုတ်ပါဘူး"ဟု ၎င်းက ပြောကြားခဲ့ပါသည်။

          KIA နှင့် ၎င်း၏ အရပ်ဖက်အဖွဲ့အစည်းသည် မြန်မာစစ်ဖက် အုပ်ချုပ်သူများနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်၏ တစ်စိတ်တပိုင်းအနေဖြင့် မြန်မာပြည်မြောက်ပိုင်း ကြီးမားသော နယ်မြေဧရိယာကို ထိန်းချုပ်ခွင့်ရရှိထားပါသည်။

တရုတ်ပြည်နှင့်ကုန်သွယ်ရေး

          KIA အဖွဲ့အစည်းသည် ကချင်ပြည်နယ်တွင် လျှပ်စစ်ဓာတ်အား၊ လမ်းများ၊ စာသင်ကျောင်းများကို ထောက်ပံ့ဖြည့်ဆည်းပေးလျက်ရှိပြီး ကျောက်စိမ်း၊ ရွှေတွင်းများ၊ ကျွန်းသစ် စသည်တို့ အပါအဝင် တရုတ်နိုင်ငံနှင့်ကြီးမားသော ကုန်သွယ်ရေးမှရရှိသော အခွန်ငွေဖြင့် ရံပုံငွေထူထောင်ဆောင်ရွက်ပေး နေခြင်းဖြစ်သည်။

          သို့ရာတွင် ယခုအခါ တပ်သားသစ်များ စုဆောင်းခြင်း၊ စစ်မှုထမ်းဟောင်းများကို ပြန်လည် ခေါ်ယူလေ့ကျင့်ခြင်းစသည်တို့ကို ပြုလုပ်နေကာ ကချင်တိုင်းရင်းသား တပ်မတော်သည် အရှေ့တောင် အာရှရှိ အကြီးဆုံးဖြစ်ဖွယ်ရှိသော မြန်မာစစ်တပ်နှင့် တိုက်ခိုက်ရန် ပြင်ဆင်လျက်ရှိပါသည်။

          ကားရေဒီယိုများတွင် လွတ်မြောက်ရေးသီချင်းများ လွှင့်ထုတ်ပေးနေပြီး လေ့ကျင့်ရေးစခန်း တစ်ခုတွင် ရိုးရာအကသင်ခန်းစာများကို အမျိုးသားရေး ယဉ်ကျေးမှုနှင့် ဝါဒဖြန့်ချီရေးအဖြစ် သင်ကြားပေးနေပါသည်။

          KIA ကချင်စစ်တပ်နှင့် ၎င်း၏ နိုင်ငံရေးအဖွဲ့အစည်း KIO တို့ ထိန်းချုပ်ထားသော မြန်မာပြည် မြောက်ပိုင်းတခွင်သို့ BBC သတင်းအဖွဲ့က သွားရောက် သတင်းယူခဲ့ ကြပါသည်။

          BBC သတင်းအဖွဲ့ကို လေ့ကျင့်ရေးစခန်းများနှင့် KIA တပ်ဆွယ်များသို့ ခေါ်ဆောင်ပြသခဲ့သော်လည်း ထူထပ်စွာချထားသော မြန်မာအစိုးရနှင့် တရုတ်အစိုးရ၏ သတင်းပေးများ၊ စပိုင်များတွေ့ မြင်သွားမည်ကိုစိုးရိမ်ရသောကြောင့် လမ်းပေါ်ရှိ ပြည်သူများနှင့်တွေ့ဆုံမေးမြန်းရန် လိုင်ဇာမြို့တွင်း သို့ မသွားနိုင်ခဲ့ပါ။

          သို့ဖြစ်၍ မျှတသည့် သုံးသပ်ချက်ပြုလုပ်ရန် အလွန်ပင်ခဲယဉ်းလှပါသည်။ သို့ရာတွင် တိုင်းရင်း သားစစ်တပ်၏ ဆုံးဖြတ်ထားမှုနှင့် ပြင်ဆင်နေမှုများမှာ အလွန်ပင် ထင်ရှားပါသည်။

          KIA ဌာနချုပ်၏ အပေါ်ဖက်ရှိ မြင်ကွင်းကောင်းသော တောင်ကုန်များပေါ်တွင် ဘန်ကာကျင်းများ၊ ခံစစ်လိုင်းများတူးထားပြီး သစ်လုံးများကိုလည်း ဆွဲယူဖြတ်တောက်ကာ မြေကြီး များနှင့်ဖုံး၍ သေနတ်ပစ်စင်များတည်ဆောက်ထားပါသည်။

          ၎င်းတို့သည် ထိုနေရာမှနေ၍ မြန်မာစစ်တပ်၏နေရာယူပုံကိုတွေ့မြင်နိုင်ပြီး အကယ်၍ စစ်ဖြစ် လာလျှင်မူ ရှေ့တန်းခံစစ်စည်းတစ်ခုဖြစ်သွားမည်ကို ၎င်းတို့သိရှိထားပါသည်။

          ထူလပ်လှသော တောတောင်လျှိုမြောင်ကို အပေါ်စီးမှ မြင်တွေ့ရသော ဘန်ကာအတွင်းမှ ထောင်ထားသော ၃ ချောင်းထောက်ပေါ်တွင် အမဲဆီဝ၍ ပြောင်လက်အောင် တိုက်ချွတ်ထားသော လေယာဉ်ပစ်စက်သေနတ်ကြီးကိုလည်း တပ်ဆင်ထားပါသည်။

ပြောက်ကြားစစ်ပွဲ

           ရောက်လာသော ဧည့်သည်များအား ပြသမှုတစ်ခုအဖြစ် ပြောင်လက်နေသော လေယာဉ်ပစ် စက်သေနတ်ကို တပ်ဆင်ထားသော်လည်း အဝေးကြည့်ပစ်မှတ်ရှာ မှန်ပြောင်း တွင် ပေါ်လာမည့် သတ္တုလေယာဉ်ငယ်၏ ပုံရိပ်မှာ ကောင်းမွန်ပြတ်သားမည့် ပုံမပေါ်ပါ။

          ၎င်းတို့သည် အသေအချာ စည်းရုံးပြင်ဆင်လျက်ရှိကြပြီး လက်နက်ကြီးများရှိသည်ဟု ပြောကြားသော်လည်း တွေ့မြင်ခဲ့ရခြင်းမရှိပါ။ မြန်မာနိုင်ငံတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၂ ဒါဇင်ခန့်ရှိနေပြီး အများစုမှာ နယ်ခြားဒေသတစ်လျှောက် ပြန့်ကျဲတပ်စွဲထားကြပါသည်။ လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း ဖြစ်ပေါ်လာသော အပစ်ရပ် နယ်မြေများစွာတွင် ကြီးမားသော တပ်ဖွဲ့များလည်း ရှိနေပါသည်။

          ကြီးမားသော လက်နက်ကိုင် အဖွဲ့များတွင် KIA လည်း ပါဝင်ပါသည်။ အမြဲတမ်း တပ်ဖွဲ့ဝင် ၁၀၀၀၀ နှင့် အရံတပ်ဖွဲ့ဝင် ၁၀၀၀၀ ရှိသည်ဟု ၎င်းတို့၏ တပ်မှူးများက ပြောကြားသော်လည်း သေချာ စွာသိရှိနိုင်ရန်မလွယ်ကူပါ။

          ဗမာစစ်တပ်မှာမူ အလွန်ပင်ကြီးမားပါသည်။ လေတပ်နှင့် သံချပ်ကာ အမြောက်တပ်များလည်း ပါဝင်ပါသည်။ သို့ဖြစ်၍ တစ်ခုထဲသော ရှင်သန်နိုင်မည့်နည်းလမ်းမှာ တောတွင်းသို့ ဆုတ်ခွာ၍ ပြောက်ကြားစစ် နည်းဗျူဟာဖြင့် တိုက်ခိုက်ရမည်ဆိုသည်ကို KIA က နားလည်သိရှိထားပါသည်။

          သို့ရာတွင် ပြည်တွင်းစစ်ကြောင့် စစ်ပြေးဒုက္ခသည်များ အရေအတွက် သိန်းနှင့်ချီ၍ ပေါ်ထွက် လာမည် ဖြစ်သလို ဒေသတွင်း မတည်ငြိမ်မှုကိုလည်း ဖြစ်ပေါ်စေပါလိမ့်မည်။

          "တကယ်လို့ ကျွန်တော်တို့အတိုက်ခံရပြီဆိုရင် တခြားလက်နက်ကိုင်အဖွဲ့တွေက ဝိုင်းကူကြမှာ ပါ။ သူတို့လည်း ဒီအတိုင်း ဖြစ်လာမယ်ဆိုတာ သိထားကြပါတယ်" ဟု ဗိုလ်ချုပ်ဂမ်ရှောင်က ရှင်းပြပါ သည်။

          အနားမှာရှိတဲ့ ဝတပ်ဖွဲ့မှာ တပ်ဖွဲ့ဝင်သောင်းဂဏန်းရှိပြီး မူးယစ်ဆေး ရောင်းဝယ်မှုကရတဲ့ ရန်ပုံငွေနဲ့ လက်နက်တွေ တပ်ဆင်ထားပါတယ်။ သူတို့နဲ့ ဆက်သွယ်ဆောင်ရွက်သွားဖို့ သဘောတူညီချက် ရထားပြီးပါပြီဟု ၎င်းက ဆက်လက်ပြောကြားပါသည်။

          တောင်းတန်းဒေသများတွင် ပြည်တွင်းစစ် ဖြစ်၊မဖြစ်ကိစ္စမှာ မြန်မာအစိုးရအပေါ်တွင်သာ မူတည်နေပါသည်။

          အကယ်၍ အစိုးရ ယခုနှစ်ရွေးကောက်ပွဲကို အသုံးချ၍ ၎င်းတို့ပြဿနာအဖြစ် ယူဆထားသော တိုင်းရင်းသား လက်နက်ကိုင်များ ကိစ္စကို ဖြေရှင်းမည်ဆိုပါက တိုက်ခိုက်ပါလိမ့်မည်။ ထိုအခါ တိုင်းရင်းသားတို့၏ ပြည်နယ်များမှာလည်း ဆိုးကျိုးများနှင့် ကြုံတွေ့ရပါလိမ့်မည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ABC news, 23rd FEB 2010

တရုတ်ဝန်ကြီးချုပ် ဝန်ကျားပေါင် ဦးဆောင်သည့် တရုတ်အစိုးရ ကိုယ်စားလှယ် အဖွဲ့ကြီး တစ်ဖွဲ့ အနာဂတ် တရုတ်-မြန်မာ ဆက်ဆံရေး ရေရာမှုများ ဆွေးနွေးရန် ရက်ပိုင်းအတွင်း မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်ကြောင်း နေပြည်တော် သတင်းတရပ် အရ သိရသည်။

နယ်ခြားဒေသများရှိ ဝ နှင့် ကချင် တိုင်းရင်းသားများကိစ္စ၊ မြန်မာနိုင်ငံသို့ တရုတ် ဒုတိယ သမ္မတ မှတဆင့် ကမ်းလှမ်းခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရသည့် ဘီလီယံဒေါ်လာ ၂၀ ချေးငွေ ကိစ္စများ  ဆွေးနွေးရန် ပါဝင်သည်ဟု ဆိုသည်။

တရုတ်တို့သည် မြန်မာနိုင်ငံအပေါ် ရွေးကောက်ပွဲအပြီး ဆက်လက် လွှမ်းမိုးထားနိုင်ရေးကို အသဲအသန် ကြိုးပမ်းလျှက်ရှိသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

 

အမေရိကန် ပြည်ထောင်စုကသာ ရန်မူလိုသည့် မူဝါဒကို ဆက်လက် ကျင့်သုံးသွားမည် ဆိုပါ က မိမိတို့အနေဖြင့် နျူကလီးယား အစီအစဉ်ကို ဖျက်သိမ်းမည် မဟုတ်ကြောင်း မြောက်ကိုရီးယား ကွန်မြူနစ်အစိုးရက အသိပေး ကြေညာလိုက်သည်။

"မြောက်ကိုရီးယား နိုင်ငံကို နျူကလီးယားကိစ္စ အကြောင်းပြပြီး ဖိအားပေးမှုတွေ ပြုလုပ်ရာမှာ အမေရိကန်လောက် ဘယ်သူကမှ လုပ်နိုင်မှာ မဟုတ်ပါဘူး။ အမေရိကန်ဟာ မိမိတို့ကို အကြောင်း ပြပြီး ကိုရီးယား ကျွန်းဆွယ်တစ်ခုလုံးကို နျူကလီးယားကိစ္စနဲ့ ဝင်ရောက်စွက်ဖက်ဖို့ ကြိုးပမ်း နေပါတယ်" ဟု မြောက်ကိုရီးယား သတင်းဌာနဖြစ်သော KCNA ကဆိုသည်။

အကယ်၍ အမေရိကန် ပြည်ထောင်စုကသာ မိမိတို့အပေါ် ရန်မူသည့် မူဝါဒကို မစွန့်လွှတ်ဘဲ ဆက်လက် ကျင့်သုံးမည် ဆိုပါက မိမိတို့ကလည်း ကမ္ဘာမြေ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားသည့်တိုင် နျူကလီးယား အစီအစဉ်ကို ပယ်ဖျက်မည် မဟုတ်ကြောင်း ပြုံယမ်းအစိုးရ၏ အာဘော်ကို KCNA သတင်းဌာနက ထုတ်ပြန်သည်။

မြောက်ကိုရီးယားတွင် နျူကလီးယားဗုံး တီထွင်ထုတ်လုပ်နိုင်သော ပလူတိုနီယံ လက်နက်မျိုး အမြောက်အမြား ရှိထားပြီ ဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စုက ယုံကြည်လျက်ရှိပါသည်။ ခေါင်းမာသည့် မြောက်ကိုရီးယား အစိုးရသည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်တွင် နျူကလီးယားဆိုင်ရာ ခြောက်နိုင်ငံ ဆွေးနွေးပွဲမှ နုတ်ထွက်ခဲ့သည်။ ထို့နောက် နျူကလီးယား စမ်းသပ်မှုများကို ပြုလုပ် ခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီရိုဒန်က လင်တန်က ဝါရှင်တန်အနေဖြင့် ပြုံယမ်းနှင့် ခြောက်နိုင်ငံ ဆွေးနွေးပွဲ စည်းဘောင်အတွင်းမှ နေ၍ နှစ်ဦးနှစ်ဖက် အပြန်အလှန် တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်လိုသည်ဟု ထုတ်ဖော်ထားသည်။

အကယ်၍ မြောက်ကိုရီးယားအနေဖြင့် နျူကလီးယား အစီအစဉ် ဖျက်သိမ်းရေးကို အကောင်အထည်မဖော်ပါက မိမိတို့အနေဖြင့်လည်း ပြုံယမ်းနှင့် ဆက်ဆံရေးကို ပုံမှန် ဖြစ်အောင် ပြုလုပ်သွားမည် မဟုတ်ကြောင်း၊ ပိတ်ဆို့ အရေးယူမှုများကိုလည်း ဖယ်ရှားပေးမည် မဟုတ်ပါကြောင်း ဟီလာရီကလင်တန်က သတိပေးထားပါသည်။

မြောက်ကိုရီးယားက နျူကလီးယား လက်နက်ဖြုတ်သိမ်းရေး အတွက် ခြောက်နိုင်ငံ ဆွေးနွေး ပွဲကို အဆောတလျင် စတင်ရန် မလိုအပ်ကြောင်း ပြောဆိုထားသည်။ ကုလသမဂ္ဂဆိုင်ရာ အထူးသံတမန် Lynn Pascoe က မြောက်ကိုရီးယား ခေါင်းဆောင်များနှင့် တွေ့ဆုံပြီး နျူကိစ္စကို ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း၊ နောင်ကာလများတွင် အမျိုးစုံလင်သော အရေးကိစ္စများကို ထုတ်ဖော်ဆွေးနွေးရန် ရှိကြောင်း ပြောဆိုပါသည်။

"သူတို့က ခြောက်နိုင်ငံ ဆွေးနွေးပွဲကို ပြန်လာဖို့ စိတ်အားထက်သန်မှု မရှိကြပါဘူး" ဟု ၎င်းက ပြောပါသည်။ သို့သော် လေ့လာ သုံးသပ်သူများက မြောက်ကိုရီးယားသည် နိုင်ငံစီးပွားရေး ကျဆင်းမှု၊ စားနပ်ရိက္ခာ ပြတ်လပ်မှုတို့နှင့် ရင်ဆိုင်နေရသောကြောင့် ခြောက်နိုင်ငံ ဆွေးနွေးပွဲသို့ ပြန်လည် ဝင်ရောက်နိုင်ကြောင်း ခန့်မှန်းပြောဆိုပါသည်။

BBC သတင်းကိုဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်း ကသာမြို့နှင့် ကချင်ပြည်နယ် မိုးတားကြီး မြို့တို့ကို ဆက်သွယ် ဖော်လုပ်ထားသည့် မီးရထားလမ်းပိုင်းကို ပြည်ထောင်စု ရထားလမ်း ကွန်ယက်၏ အစိတ်အပိုင်းအဖြစ် ဖွင့်လှစ် လိုက်ပြီဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများက ရေးသားဖော်ပြပါသည်။

၂၅ ဒဿမ ၆ ကီလိုမီတာ ရှည်လျားသော အဆိုပါ ကသာ-မိုးတားကြီး ရထားလမ်း ဖောက်လုပ်ရေး စီမံကိန်းကို ၂၀၀၇ ခုနှစ်၊ မေလတွင် စတင်ခဲ့ကြောင်း၊ အဆိုပါ လမ်းပိုင်းသည် ကီလိုမီ တာ ၁၅၆ ဒဿမ ၈ ရှည်လျားသော ကသာ-ဗန်းမော် မီးရထားလမ်းမကြီး၌ ပါဝင်ကြောင်း သိရပါ သည်။

ရထားလမ်းပိုင်း အားလုံးပြီးစီးသွားပါက မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ ဖြစ်သော မန္တလေး နှင့် ဗန်းမော်တို့အကြား တိုက်ရိုက် ရထားလမ်းအဖြစ် ပေါ်ထွက်လာမည်ဖြစ်သည်ဟု မြန်မာ့အလင်း သတင်းစာက ဆိုပါသည်။

မြန်မာ့အလင်း သတင်းစာ အဆိုအရ ယခုနောက်ဆုံး ဖွင့်လှစ်လိုက်သည့် မီးရထားလမ်းပိုင်းကို ထည့်သွင်း ရေတွက်မည်ဆိုပါက မြန်မာနိုင်ငံတွင် စုစုပေါင်း မီးရထားလမ်းအရှည် ၅၃၇၁ ဒဿမ ၈ ကီလိုမီတာ ရှိသွားပြီဖြစ်ပြီး မီးရထား ဘူတာရုံပေါင်း ၈၅၈ ခုရှိပြီဖြစ်သည်။

ထို့ပြင် စစ်အစိုးရ လက်ထက်၌ ပေါ်ထွက်လာသော တံတားကြီးငယ် အစင်းပေါင်း ၁၀၇၆၀ ရှိကြောင်း သတင်းကဆိုသည်။ တစ်ချိန်တည်းမှာပင် မြန်မာ့မီးရထား ဝန်ကြီးဌာနက မြန်မာနိုင်ငံ တောင်ပိုင်းနှင့် မြောက်ပိုင်း၊ အရှေ့နှင့် အနောက်ပိုင်း ဒေသများကို ဆက်သွယ်မည့် မီးရထားလမ်းပိုင်း ၉ ခုကို စတင် ဖောက်လုပ်ရန် စီစဉ်နေပြီဖြစ်ကြောင်း သိရပါသည်။

ကီလိုမီတာ ၂၀၀၀ ကျော် ရှည်လျားမည့် အဆိုပါ စီမံကိန်းအတွက် ကျပ်၁၃၂ ဘီလီယံ ကုန်  ကျမည် ဖြစ်သည်ဟု ဆိုပါသည်။ ထို့ပြင် မြန်မာ့မီးရထား ဝန်ကြီးဌာနသည် ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေး နှစ် အတွင်း ကီလိုမီတာ ၄၀၀ ရှည်လားသည့် ရထားလမ်း ဖောက်လုပ်ရေး စီမံကိန်းများကိုလည်း အပြီးသတ် အကောင်အထည်ဖော်သွားမည်ဟု သိရပါသည်။

အဆိုပါ စီမံကိန်းများတွင် ရထားလမ်းပိုင်း ၈ ခု ပါဝင်ပြီး ယခုနှစ် ရွေးကောက်ပွဲအပြီး ပေါ်ထွန်း လာမည့် နောင်အစိုးရ အဖွဲ့သစ်ကို လွှဲပြောင်းပေးအပ်ရမည် ဖြစ်ပါသည်။ မြန်မာအစိုးရသည် မကွေးတိုင်း နှင့် ရခိုင်ပြည်နယ်ကို ဆက်သွယ်မည့် အထူးရထားလမ်း ဖောက်လုပ်ရေး စီမံကိန်းတစ်ရပ် ကိုလည်း ထပ်မံ အကောင်အထည်ဖော်လျက် ရှိသည်။

အဆိုပါ စီမံကိန်းမှာ စစ်တွေ-အမ်း-ပဒေါင်-မင်းဘူး ရထားလမ်း ဖောက်လုပ်ရေးဖြစ်ပြီး ကီလိုမီတာ ၄၁၃ ရှည်လျားမည် ဖြစ်သည်။ အဆိုပါ ရခိုင်ပြည်နယ်နှင့် မကွေးတိုင်း ရထားလမ်း ဖောက်လုပ်ရေး စီမံကိန်းတွင် ဘူတာရုံပေါင်း ၅၁ ခု၊ တံတားအစင်း ၁၂၈၅ စင်းနှင့် လှိုဏ်ခေါင်းများ လည်း ပါဝင်ကြောင်း သိရပါသည်။

Xinhua မှသတင်းကို ဘာသာပြန်ဆို ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာစစ်အစိုးရ အာဏာပိုင်များသည် ဒီမိုကရေစီ ရွေးကောက်ပွဲ နီးကပ်လာသည်နှင့် အမျှ ၂၀၀၇ ခုနှစ်က ဖြစ်ပေါ်ခဲ့သည့် ရွှေဝါရောင် တော်လှန်ရေး တစ်ကျော့ ပြန်လာမည်ကို အထူးပင် စိုးရိမ်လျက် ရှိသည်။

ယခု ၂၀၁၀ ပြည့်နှစ်တွင် စစ်အစိုးရက ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပမည် ဖြစ်သည့် အတွက်ကြောင့် နိုင်ငံအတွင်းရှိ သံဃာတော်များကို စည်းမျဉ်း စည်းကမ်းများ ထုတ်ပြန်ပြီး ထိန်းချုပ်ရန် ကြိုးပမ်းနေသည်ကို တွေ့ရသည်။

နိုင်ငံပိုင် သတင်း မီဒီယာများ၏ ရေးသားချက်အရ မြန်မာ စစ်အစိုးရသည် သံဃာတော်များအတွက် စည်းမျဉ်း စည်းကမ်းသစ်များ ထုတ်ပြန်နိုင်ရန် နိုင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့ အစည်းအဝေး တစ်ရပ်ကို ကျင်းပစေခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ သံဃာတော်များ အနေဖြင့် ဒီမိုကရေစီ ရွေးကောက်ပွဲတွင် ဆန္ဒမဲ ပေးပိုင်ခွင့် မရှိသည့်တိုင် စစ်အစိုးရက ရွေးကောက်ပွဲ ကာလအတွင်း နိုင်ငံရေး ဆက်နွယ်သော ပြဿနာများကို သံဃာတော်များ ဖန်တီးလာမည်ကို စိုးရိမ်သောကြောင့် ယင်းသို့ အစည်းအဝေး ကျင်းပစေခြင်း ဖြစ်ကြောင်း လေ့လာ သုံးသပ်သူများက ဆိုသည်။

နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီဟု အမည်တပ်ထားသော စစ်အစိုးရ အဖွဲ့က ယခုနှစ်အတွင်း ဒီမိုကရေစီ ရွေးကောက်ပွဲကို ဒီမိုကရေစီ အသွင် ကူးပြောင်းရေး ဖြစ်စဉ်၏ တစ်စိတ်တစ်ပိုင်း အဖြစ် ကျင်းပပေးမည် ဖြစ်သည်ဟု ထုတ်ဖော် ပြောဆိုထားသည်။

နိုင်ငံရေး လေ့လာသူ အများစုက အဆိုပါ ရွေးကောက်ပွဲသည် အတု အယောင်မျှသာ ဖြစ်လိမ့်မည်ဟု ခန့်မှန်းပြောဆိုကြသည်။ အကြောင်းမှာ ဒီမိုကရေစီ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့် မရအောင် နေအိမ် အကျယ်ချုပ်ဖြင့် ဖမ်းဆီး ထိန်းသိမ်းထားခြင်း၊ ရွေးကောက်ပွဲ နောက်ပိုင်း စစ်တပ် အာဏာ လျော့ကျ မသွားစေရန် ၂၀၀၈ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို မိမိတို့ စိတ်တိုင်းကျ ရေးဆွဲခဲ့ခြင်းတို့ကြောင့် ဖြစ်သည်ဟု ဆိုသည်။

ယခုအခါ စစ်အာဏာပိုင်များသည် ၂၀၀၇ ခုနှစ်က ဖြစ်ပေါ်ခဲ့သော ရွှေဝါရောင် တော်လှန်ရေးမျိုး နောက်ထပ် တစ်ကြိမ် ထပ်မံ ဖြစ်ပေါ်အောင် သံဃာတော်များက ကြိုးပမ်း လာမည်ကို စိုးရိမ်နေကြကြောင်း အချို့သော နိုင်ငံရေး သုံးသပ်သူများက ဆိုသည်။

"သူတို့က ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အတော့်ကို ကြောက်လန့်နေကြတာ။ အဲဒါကြောင့် ရွေးကောက်ပွဲကို တတ်နိုင်သမျှ ထိန်းချုပ်လို့ ရအောင် အစွမ်းကုန် ကြိုးစားနေကြတယ်။ အဲလို အချိန်မျိုးမှာ သံဃာတော်တွေကသာ စိန်ခေါ်မှုတွေ အမျိုးမျိုး ပေးနိုင်မှာ သူတို့ကို ခြောက်လှန့်နိုင်မှာပါ။" ဟု ထိုင်း အခြေစိုက် မြန်မာ့ရေးရာ ကျွမ်းကျင်သူ Bertil Lintner က သုံးသပ်သည်။ Bertil Lintner သည် မြန်မာနိုင်ငံရှိ သံဃာတော်များနှင့် ပတ်သက်သော လူ့အခွင့်အရေး ဆိုင်ရာ အစီရင်ခံစာ တစ်ရပ်ကို လတ်တလော ရေးသားခဲ့သူလည်း ဖြစ်သည်။

"စစ်အစိုးရက တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကို ဇက်ကြိုးတပ် ထိန်းချုပ်ဖို့ ကြိုးစားနေတယ်။ အတိုက်အခံ နိုင်ငံရေး အုပ်စုတွေကိုတော့ ထိန်းချုပ်ပြီးပါပြီ။ သူတို့ ထိန်းချုပ်ဖို့ ကျန်နေတာက သံဃာတော်တွေပဲ" ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

စာရင်းဇယားများအရ မြန်မာနိုင်ငံတွင် သံဃာတော် အပါး ၄၀၀၀၀၀ (လေးသိန်းခန့်) နှင့် သီလရှင် အပါး ၅၀၀၀၀ (ငါးသောင်း) ခန့် ရှိသည်။ ပြီးခဲ့သည့် ၂၀၀၇ စက်တင်ဘာလက မြန်မာနိုင်ငံ အထက်ပိုင်း ပခုက္ကူမြို့တွင် သံဃာတော်များ စုပေါင်း ဆန္ဒပြခဲ့ကြရာ စစ်တပ်က ကြမ်းတမ်းစွာ နှိမ်နင်းခဲ့သည်။ အဆိုပါ သံဃာတော်များသည် မြန်မာ တစ်နိုင်ငံလုံးဆိုင်ရာ ညီညွတ်သော သံဃာတော်များ အဖွဲ့ကို လျှို့ဝှက်စွာ ဖွဲ့စည်းပြီး မြန်မာ တစ်ပြည်လုံး အတိုင်းအတာဖြင့် ဆန္ဒပြကြရန် ကြိုးပမ်းခဲ့ကြသည်။

အဆိုပါ သံဃာတော်များ၏ ကြိုးပမ်းချက်ကြောင့် အဆိုပါ ကာလတွင် မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိနိုင်ရေးအတွက် အရေးပါသော ဖြစ်ရပ်များ ထွက်ပေါ်ခဲ့သည်။ သံဃာတော်များ၏ လှုပ်ရှားမှုသည် မြန်မာ့ ဒီမိုကရေစီ အရေးအတွက် အရေးပါသော ယာဉ်တစ်ခုကဲ့သို့ ဖြစ်ခဲ့သည်။

ထိုဖြစ်ရပ်ကို မြန်မာ စစ်အစိုးရက ပြင်းထန်စွာ နှိမ်နင်းခဲ့ရာ သံဃာတော်များနှင့် ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်သော ဆန္ဒပြသူ ဒါဇင်နှင့် ချီ၍ သေဆုံးခဲ့ပြီး အများစုမှာ နှစ်ရှည် ထောင်ဒဏ်ဖြင့် ဖမ်းဆီး အကျဉ်းချခြင်း ခံခဲ့ရကြောင်း နိုင်ငံရေး လေ့လာသူများက ယုံကြည်လျက် ရှိသည်။

အချို့သော သံဃာတော်များမှာမူ ရွှေဝါရောင် တော်လှန်ရေး နောက်ပိုင်း ထိုင်းနိုင်ငံ အပါအဝင် အခြားသော နိုင်ငံများသို့ ထွက်ပြေး တိမ်းရှောင်ကာ ပြည်ပြေး ဘဝဖြင့် နေထိုင်ခဲ့ကြသည်။

အစိုးရပိုင် မြန်မာ့အလင်းနှင့် ကြေးမုံ သတင်းစာတို့ ရေးသားချက်အရ မြန်မာ နိုင်ငံတော် မဟာ သံဃာ့ နာယက အဖွဲ့သည် ပဓာန ဆရာတော်ကြီးများကို ဆင့်ခေါ်ပြီး စည်းမျဉ်း ဥပဒေသစ်များကို ထုတ်ပြန်ရန် အစည်းအဝေး ကျင်းပခဲ့သည်။ သတင်း ထုတ်ပြန်ချက်အရ အဆိုပါ မဟာ သံဃာ့ နာယက အဖွဲ့ အစည်းအဝေးသည် ဗုဒ္ဓ သာသနာတော် မပျောက်ကွယ်ရေး အတွက် ရည်ရွယ်သည်ဟု ဆိုသည်။

၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးတွင် ဦးဆောင် ပါဝင်ခဲ့သော သံဃာတော် အများစုမှာ သက်တော် ငယ်ရွယ်သူများ ဖြစ်ကြသည်။ ထိုစဉ်က ပဓာန ဆရာတော်ကြီးများက ဆန္ဒပြပွဲတွင် ပါဝင်ခြင်း မပြုရန် ဟန့်တားခဲ့ကြသော်လည်း သံဃာတော်ငယ်များက နားမထောင် ခဲ့ကြပေ။ အဆိုပါ ဆန္ဒပြပွဲသည် စစ်အစိုးရက မြှင့်တင်လိုက်သော လောင်စာဆီ ဈေးနှုန်းများနှင့် ကုန်ဈေးနှုန်းများ ကိစ္စကို မကျေနပ်သောကြောင့် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ရွှေဝါရောင် တော်လှန်ရေး နောက်ပိုင်း ကာလများ၌ စစ်အစိုးရက သံဃာတော်များအတွက် မှတ်ပုံတင် ကတ်ပြားများ ထုတ်ပေးခဲ့သည်။ သံဃာတော်များကို အလွယ်တကူ စောင့်ကြည့် လေ့လာရန် ဟူသည့် ရည်ရွယ်ချက်ဖြင့် ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။ "သံဃာတော်တွေကို ပြည်နယ်နဲ့ တိုင်းအလိုက် အရောင် မတူတဲ့ စိစစ်ရေး ကတ်ပြားတွေ ထုတ်ပေးထားပါတယ်" အရှင် ကေသာရက ဧရာဝတီ သတင်းဌာနသို့ ပြောကြားသည်။

Asia Correspondent မှ Burma plans crackdown on monks as election nears ကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Business Times, 23rd February 2010

          မြန်မာ စစ်အစိုးရသည် ပို့ကုန် မြှင့်တင်ရေးအတွက် စီးပွားရေး မြို့တော် ရန်ကုန်ရှိ အဓိက ဆိပ်ကမ်း ခြောက်ခုအား တာဝန်ယူ ကိုင်တွယ်ရန် ပုဂ္ဂလိက ကုမ္ပဏီများအား အဆိုပြုရန် ဖိတ်ခေါ်လျက် ရှိသည်။

          ပို့ဆောင်ရေး ဝန်ကြီးဌာနသည် Build၊ Operate and Transfer (Bot) အစီအစဉ်အရ ဆိပ်ကမ်း ခြောက်ခုကို အဆင့်မြှင့်တင် တည်ဆောက်၍ လုပ်ကိုင်ကြရန် ယုံကြည်ရသော မြန်မာ တိုင်းရင်းသား ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ ကုမ္ပဏီများနှင့် အဖွဲ့များကို တရားဝင် ကြေညာ ကမ်းလှမ်းလျက် ရှိသည်။

          တနင်္လာနေ့ထုတ် နိုင်ငံပိုင် ကြေးမုံသတင်းစာတွင် ကုမ္ပဏီများသည် နှစ်သုံးဆယ် ငှားရမ်းခွင့် ဆောက်ထားရန်နှင့် ဆောက်လုပ်ရေးပါ ခွင့်ပြုထားပြီး၊ ကုမ္ပဏီများ လျှောက်ထားနိုင်ကြောင်း ဖော်ပြ ထားသည်။

          ကန်ထရိုက် ရမည့် သူများသည် ရန်ကုန်မြစ်အတွင်း ရေစူးနက်နက် သွားလာနိုင်ရေးအတွက် သဲများကို တူးဖော်ကြရလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် ရေကြောင်းလမ်းများ ထိန်းသိမ်းရေးအတွက် တာဝန်ရှိမည် ဖြစ်ပြီး သင်္ဘောများ၊ လှေများထံမှ ထိန်းသိမ်းစရိတ် ကောက်ခံခွင့် ရှိကြောင်း ဖော်ပြထားသည်။

          အဆိုပါ ကြေညာချက်တွင် ဆိပ်ကမ်းများကို ပုဂ္ဂလိကများအား ခွင့်ပြုရခြင်းမှာ အနာဂတ်တွင် တိုးတက်လာမည့် ထုတ်ကုန် သွင်းကုန် လုပ်ငန်းများအတွက် ပုဂ္ဂလိက လုပ်ပိုင်ခွင့် အပြည့်အဝ ရရှိရန် ဖြစ်ကြောင်း ဆိုသည်။ နိုင်ငံတကာ ကုန်သွယ်ရေး ပမာဏ၏ ၉၀ % သည် ရန်ကုန် ဆိပ်ကမ်းများ မှတဆင့်သာ သွားကြရသည်။

          ပုဂ္ဂလိက ကုမ္ပဏီနှစ်ခု ဖြစ်သော Asia World နှင့် Myanmar International Terminal Thilawa (MITT) တို့သည် ရန်ကုန်ရှိ ဆိပ်ကမ်းနှစ်ခုအား BOT စနစ်ဖြင့် လုပ်ကိုင်နေသည်မှာ ကြာပြီ ဖြစ်သည်။

          အစိုးရထံမှ လာသော သတင်းတစ်ရပ်က Reuters သို့ ပြောကြားရာတွင် ပို့ဆောင်ရေး ဝန်ကြီး ဌာနသည် တစ်ခုတည်းသော သင်္ဘောလိုင်း ဖြစ်သည့် ကြယ်ငါးပွင့် သင်္ဘောလိုင်းကို စစ်တပ်ပိုင် မြန်မာ့ စီးပွားရေး ဦးပိုင်သို့ လွှဲပြောင်းရန် စီစဉ်နေသည်ဟု ဆိုသည်။

          မြန်မာနိုင်ငံတွင် စစ်တပ် အုပ်ချုပ်မှုမှာ ရာစုနှစ် တစ်ဝက်ခန့် ရှိနေပြီ ဖြစ်ပြီး၊ ယခုအခါ ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံပိုင် လုပ်ငန်းများ ရာနှင့်ချီ၍ ပုဂ္ဂလိကသို့ ရောင်းချရန် စီစဉ်လျက် ရှိသည်။

          လေ့လာ သုံးသပ်သူများ အဆိုအရ ရွေးကောက်ပွဲသည် အရပ်သား အုပ်ချုပ်ရေးကို ပုံစံဖော်မည် ဆိုသော်လည်း တိုင်းပြည်၏ နိုင်ငံရေးကို နောက်ကွယ်မှ စစ်တပ်ကသာ အင်အားကြီးစွာ ကိုင်တွယ် ထားလိမ့်ဦးမည် ဖြစ်ကြောင်း ခန့်မှန်းနေကြသည်ဟု ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.