Transparency Myanmar

transparency.myanmar@gmail.com

24th Oct, 09

By Wai Moe (Irrawaddy)

မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က ၎င်းတို့ တပ်မတော်အစိုးရသည် လာမည့်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေကို မကြာမီ ထုတ်ပြန်ကြေညာမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံဝန်ကြီးချုပ်အား ယမန်နေ့က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံအပန်းဖြေခရီးသွားမြို့ ချာအမ်းတွင် ကျင်းပလျက် ရှိသော ၁၅ ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံ၏ အသိုင်းအဝိုင်းတွင် ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့် တွေ့ဆုံခဲ့ပြီးနောက် ထိုင်းဝန်ကြီးချုပ် အဘီဆစ်ဘာဂျာဂျီဗာက ၎င်းတို့ နှစ်ဦးဆွေးနွေးခဲ့သော အကြောင်းအရာများထဲတွင် ၂၀၁၀ ရွေးကောက်ပွဲနှင့် မြန်မာနိုင်ငံအမျိုးသားပေါင်းစည်းရေး လုပ်ငန်းစဉ်များလည်း ပါဝင်သည်ဟု ဆိုသည်။

ရွေးကောက်ပွဲဆိုင်ရာ ဥပဒေကို မကြာမီ ထုတ်ပြန်ကြေညာမည်ဟု ဗိုလ်ချုပ်ကြီးသိန်းစိန်က ပြောကြားခဲ့သော်လည်း အကြောင်းအရာ အသေးစိတ်ကို ပြောကြားခဲ့ခြင်း မရှိဟု သိရပါသည်။

မြန်မာဝန်ကြီးချုပ်က ဆက်လက်၍ အိမ်နီးချင်းထိုင်းနိုင်ငံအား တိုက်ခိုက်မည့် မည်သူကိုမဆို မြန်မာနိုင်ငံ၏ မြေကို အသုံးပြုခွင့်ပေးမည်မဟုတ်ကြောင်းနှင့် မြန်မာနိုင်ငံသည် ညီညွတ်စွာ ယှဉ်တွဲနေထိုင်ရေးမူကို လက်ခံကျင့်သုံးသည်ဟု ပြောကြားခဲ့ကြောင်း Thai News Agency သတင်းများအရ သိရပါသည်။

၂၀၀၆ ခုနှစ်က စစ်တပ်မှ အာဏာသိမ်း ဖြုတ်ချခံရသော ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာကို ပြန်လည် ပေးပို့ရန် ထိုင်းနိုင်ငံက တောင်းဆိုခဲ့သည့်တိုင်အောင် ပြန်လည်ပေးပို့လိမ့်မည်မဟုတ်ကြောင်း ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟွန်ဆန်က ပြောကြားခဲ့ပြီးနောက် ဗိုလ်ချုပ်ကြီးသိန်းစိန်၏ မှတ်ချက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ဟွန်ဆန်က သက်ဆင်နှင့် အထိန်းသိမ်းခံ မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နှိုင်းယှဉ်ပြောကြားခဲ့ပြီး ကုဋေကြွယ် စီးပွားရေးလုပ်ငန်းရှင် ဘဝမှ ထိုင်းနိုင်ငံ၏ အင်အားအကြီးဆုံး နိုင်ငံရေးသမား ဖြစ်လာခဲ့သူ သက်ဆင်သည် နိုင်ငံရေးအာဏာလုပွဲ၏ သားကောင်ဖြစ်ခဲ့ရသည်ဟု ဝေဖန် ပြောကြားလိုက်ပါသည်။

လွန်ခဲ့သော အနှစ် ၂ဝ အတွင်း ၁၄ နှစ်ခန့် နေအိမ်အကျယ်ချုပ် ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်၏ အကြောင်းအရာလည်း ထိုင်း မြန်မာဝန်ကြီးချုပ်တို့၏ စကားဝိုင်းတွင် ပါဝင်ခဲ့ပြီး ထိုင်းဝန်ကြီးချုပ် အဘီဆစ်က ၎င်း၏ မြန်မာနိုင်ငံခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။

လာမည့်နှစ် ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို သတ်မှတ်ရွေးချယ်ခြင်း မရှိသေးသော်လည်း မြန်မာဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး နှစ်ဦးစလုံးက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေကို မကြာမီကြေညာမည်ဟု အာဆီယံညီလာခံတွင် ပြောကြားခဲ့သည်။

သို့သော်လည်း ၂၀၁၀ တွင် ရွေးကောက်ပွဲများ ကျင်းပမည့် ဖြစ်ကြောင်း တပ်မတော်အစိုးရက ၂၀၀၈ ဖေဖော်ဝါရီတွင် ကြေညာပြီး နောက်ပိုင်း မြန်မာအာဏာပိုင်များသည် နိုင်ငံခြားအာဏာပိုင်များနှင့် တွေ့ဆုံသည့် အစည်းအဝေးများတွင် အလားတူပြောကြားမှုမျိုးကို မကြာခဏ ပြောလေ့ရှိကြောင်း လေ့လာသူများက သတိထားမိနေသည်မှာ ကြာပါပြီ။

အာဆီယံအဖွဲ့ဝင်နိုင်ငံများက ၂၀၁၀ ရွေးကောက်ပွဲတွင် အကူအညီပေးမည့် ကမ်းလှမ်းချက်များကို လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ကျင်းပခဲ့သည့် အစည်းအဝေးများတွင် ကြိမ်ဖန်များစွာ ပြောကြားခဲ့သော်လည်း ယခုအချိန်အထိ မြန်မာအစိုးရက နိုင်ငံလုံးဆိုင်ရာ မဲပေးပွဲတွင် နိုင်ငံတကာ၏ ပါဝင်ပတ်သက်နေမှုကို ခွင့်ပြုရန် ရေငုံနှုတ်ပိတ်နေဆဲ ဖြစ်သည်။

လာမည့် ရွေးကောက်ပွဲသည် နိုင်ငံတကာမှ တောင်းဆိုထားသော အချိန်စံညွှန်းများနှင့် ကိုက်ညီသည်ဟု ဦးဥာဏ်ဝင်းက အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကို ကြာသပတေးနေ့က ပြောကြားသည်။

မြန်မာအစိုးရက ၎င်းတို့ ကျင်းပပေးမည့် ရွေးကောက်ပွဲသည် အများနှင့် ပါဝင်သက်ဆိုင်ပြီး လွတ်လပ်၍ တရားမျှတသည်ဟု ဆိုကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Kasit Piromya က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

သို့ရာတွင် မြန်မာအစိုးရသည် ဤကဲ့သို့သော ကတိပေးမှုမျိုးကို ယခင်ကထဲက ပြုလုပ်နေကျဖြစ်၍ ၎င်းတို့အပေါ် လေးစားမှုမရှိကြတော့ဘဲ အဆိုပါ ကြေညာချက်ကို သံသယရှိသည့် ဖော်ပြမှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။

ASEAN Inter Parliamentary Myanmar Caucus နာယက Kraisak Choonhavan က မြန်မာတပ်မတော်အစိုးရသည် ဒီမိုကရေစီ မူဝါဒနည်းလမ်းများကို လေးစားလိုက်နာကြောင်း မကြာခဏ အာမခံချက်များ ပေးခဲ့သော်လည်း လက်တွေ့တွင်မူ အတိုက်အခံများကို နိုင်ငံရေးလုပ်ငန်းစဉ်တွင် လွတ်လပ်စွာ ပါဝင်ခွင့်ပြုရန် ထပ်ကာထပ်ကာ ငြင်းဆန်နေသည်ဟု မှတ်ချက်ပေးပါသည်။

ASEAN Inter Parliamentary Assembly ကိုယ်စားလှယ်များက မြန်မာနိုင်ငံအရေးကိစ္စကို ပိုမိုထိရောက်စွာ ဖြေရှင်းရေးအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းကို စုစည်းညီညွတ်ကြရန် သောကြာနေ့က တိုက်တွန်းလိုက်သည်။

မြန်မာနိုင်ငံအရေးကိစ္စနှင့် ပတ်သက်၍ အများသဘောတူသော မူဝါဒတစ်ရပ် ရရှိရန်လိုသည်ဟု Kraisuk က ပြောခဲ့ပြီး ၎င်းက ဆက်လက်၍ အမေရိကန်နှင့် ဥရောပသမဂ္ဂက တစ်ဖက်၊ အာဆီယံနိုင်ငံများက တစ်ဖက် ဖြစ်နေရာ အဆိုပါ နှစ်ဖက်အုပ်စုများကြားတွင် မျှခြေရှိသည့် မူဝါဒဖြစ်သင့်သည်ဟု ပြောပါသည်။

၎င်းအပြင် သောကြာနေ့က အာဆီယံ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဆွေးနွေးမည့် အစည်းအဝေးသို့ တက်ရောက်မည့် ထင်ရှားသည့် နိုင်ငံရေးလှုပ်ရှားသူ ခင်ဥမ္မာကို မြန်မာအစိုးရက ကန့်ကွက်ခဲ့ပြီး ရဲအရာရှိဟောင်းများ ဖြစ်ကြသော စစ်အေးနှင့် ဝင်းမြိုင်ကို ရွေးချယ်ခဲ့ခြင်းကြောင့် အာဆီယံလူမှုရေးအဖွဲ့အစည်းများ အထူးပင် အံ့ဩတုန်လှုပ်သွားခဲ့သည်။

မြန်မာအစိုးရက ဆက်လက်၍ ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးကျော်တင့်ဆွေကို မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်နာအဖြစ် ရွေးချယ်ခဲ့သောကြောင့် အံ့ဩရပါကြောင်း ၎င်းတို့က ဖော်ပြခဲ့သည်။

အာဆီယံပဋိညာဉ် (ASEAN Charter) အောက်တွင် မြန်မာနိုင်ငံအရပ်ဖက်အဖွဲ့အစည်းနှင့် လူ့အခွင့်အရေး အခြေအနေများ တိုးတက်ကောင်းမွန်လာမည်ဟု Alternative Asean Network (Altsean) ညှိနှိုင်းရေးမှူး Debbie Stothard က ပြောကြားခဲ့ပြီး မြန်မာလုံခြုံရေးတပ်ဖွဲ့များသည် လူ့အခွင့်အရေး ချိုးဖောက်မှုများကို အဆိုးဝါးဆုံး ကျူးလွန်သူများ ဖြစ်သည်ဟု မှတ်ချက်ပေးပါသည်။

အာဆီယံဒေသတွင်း လူ့အခွင့်အရေးအဖွဲ့အစည်းများ ရှိကြောင်း သက်သေပြရန် ယခု ၁၅ ကြိမ်မြောက် အာဆီယံညီလာခံတွင် အာဆီယံ လူ့အခွင့်အရေး ကော်မရှင်ကို ဖွဲ့စည်းမည် ဖြစ်ပါသည်။ သို့ရာတွင် အဆိုပါ အဖွဲ့သစ်သည် မြန်မာနိုင်ငံကဲ့သို့ ဒေသတွင်း နိုင်ငံအချို့တွင် လူ့အခွင့်အရေးဆိုင်ရာ ကာကွယ်မှု၊ တိုးတက်မှုများကို ဆောင်ရွက်နိုင်စွမ်းရှိမည်မဟုတ်ဟု လေ့လာသူများက သုံးသပ်ပါသည်။

အာဆီယံ လူ့အခွင့်အရေးကော်မရှင်သည် အလွန်ကောင်းသည့် အိုင်ဒီယာတစ်ခု ဖြစ်သော်လည်း စနစ်တကျလူ့အခွင့်အရေးချိုးဖောက်မှုများ ခံစားနေရသော မြန်မာပြည်သူများအတွက် လက်တွေ့အကျိုးအမြတ် အနည်းငယ်သာ ရှိပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် သွားမပါသည့် ခန္ဓာကိုယ်တစ်ခုကဲ့သို့ အင်အားသုံး၍ လိုက်နာစေနိုင်သော လုပ်ငန်းစဉ်များ မရှိခြင်း၊ ပြစ်ဒဏ်ချမှတ်နိုင်သော စွမ်းရည်မရှိခြင်းတို့ကြောင့် ဖြစ်သည်ဟု Temple University's Japan Campus အာရှတိုက် လေ့လာရေးဆိုင်ရာ ညွှန်ကြားရေးမှူး Jeff Kingston က ကောက်ချက်ချခဲ့ပါသည်။

 



--
Posted By icypress to Sensible Rumour at 10/28/2009 09:19:00 AM

0 comments:

Post a Comment