Transparency Myanmar

transparency.myanmar@gmail.com

(by Deinis D.Gray)

(From AP) 20 - Oct - 2009

          အရှေ့တောင်အာရှ နိုင်ငံများသည် ယခုအပတ်တွင် လူ့အခွင့်အရေး  စောင့်ကြည့်သည့်အဖွဲ့ နှင့်ပတ်သက်၍ ကဏ္ဍသစ် ဖွင့်လှစ်လိမ့်မည် ဖြစ်ပါသည်။ ဝေဖန်သူများ၏ အဆိုအရ အဆိုပါအဖွဲ့တွင် ပါဝင်သော မြန်မာနိုင်ငံသည် စစ်အစိုးရက အုပ်ချုပ်လျက်ရှိပြီး၊ ကမ္ဘာတွင် အဆိုးရွားဆုံး လူ့အခွင့်အရေး ချိုးဖောက်သူ ဖြစ်နေသဖြင့် ထိုအဖွဲ့သည် အလုပ်ဖြစ်လိမ့်မည်ဟု မထင်ကြောင်း ဖော်ပြထားပါသည်။

          ယခုတစ်ခေါက် အာဆီယံထိပ်သီး ညီလာခံတွင်လည်း မြန်မာနိုင်ငံသည် ပြဿနာတစ်စုံ တစ်ခုကတော့ ပေးမြဲဖြစ်ပေမည်။ ထို့ကြောင့်ပင် နိုင်ငံတကာ၏ အာဆီယံအပေါ် ရပ်တည်ချက်၊ အမေရိကန်နှင့် ဥရောပတို့နှင့် လွတ်လပ်စွာ ကုန်သွယ်မှုအတွက် ကြိုးပမ်းနေချိန်တွင် အာဆီယံကို သိမ်ငယ်စေသည်။

          အာဆီယံက ရှေ့သို့ဆက်လက်ချီတက်ရန် ကြိုးစားနေချိန်တွင် မြန်မာအနေဖြင့် အခန်းတွင်းမှ ထွက်မရဘဲ ပိတ်လှောင် ကျန်ရစ်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွက် ASEAN လုပ် ကိုင်သမျှ ဂုဏ်သိက္ခာညှိုးနွမ်းရကြောင်း၊ မြန်မာအပေါ် Alternative ASEAN Network မှ လှုပ်ရှားသူ Debbie Stothard ကပြောပါသည်။

          အာဆီယံ၏ အဖွဲ့သစ်ဖြစ်သော ASEAN Intergovenmental Commission on Human Rights သည် မြန်မာနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ခန့် လွတ်မြောက်ရေးနှင့် အခြားညှမ်းပမ်းနှိပ်စက်မှုများ လျော့နည်းသွားအောင် လုပ်ပေးနိုင်မည် မဟုတ်ပေ။ ၎င်းအဖွဲ့ကြီးအနေဖြင့် အဖွဲ့ဝင်နိုင်ငံများကို ပြစ်ဒဏ်ချမှတ်ခြင်းမပြုနိုင်ပေ။ လူ့အခွင့် အရေးကိစ္စများကို အကာအကွယ်ပေးရေးထက် ပိုမိုအာရုံစူးစိုက် လုပ်ဆောင်ရန်သာ ရည်ရွယ်ချက် ထားသည်။

          အာဆီယံ ခေါင်းဆောင်များကလည်း ယခုမှစတင်ခြင်းဖြစ်၍ တဖြည်းဖြည်းမှသာ ပိုမိုလုပ် ဆောင်နိုင်လိမ့်မည် ဖြစ်ကြောင်း သဘောပေါက်ကြပါသည်။

          အာဆီယံအဖွဲ့မှ အဖွဲ့ဝင်များ၏ မြန်မာနိုင်ငံအပေါ် မကြာသေးခင်က သုံးသပ်ချက်အရ အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှုများ ခြိမ်းခြောက်မှုများထက် ပိုကောင်းသော မူဝါဒကို ကျင့်သုံးမည်ဖြစ်သည်။ ယခုထိပ်သီးအစည်းအဝေးတွင် အများသဘောတူညီချက်အရ မြန်မာနိုင်ငံ နှင့် ထိပ်တိုက်တွေ့ခြင်းထက် အဖွဲ့လိုက် ညှိနှိုင်းဆက်ဆံ၍သာ ချဉ်းကပ်သွားကြလိမ့်မည် ဖြစ်သည်။

          သုံးရက်ကြာ ထိပ်သီးဆွေးနွေးပွဲကို သောကြာနေ့တွင် စတင်မည်ဖြစ်ပြီး၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ သြစတေးလျနှင့် နယူးဇီလန်တို့မှ ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံ ကြမည်ဖြစ်သည်။ အကြိုညှိနှိုင်း ဆွေးနွေးပွဲကို ဗုဒ္ဓဟူးနေ့တွင် စတင်မည်ဖြစ်သည်။

          ဆွေးနွေးပွဲ အစီအစဉ်များတွင် ၂၀၁၅ ခုနှစ်တွင် ဥရောပသမဂ္ဂပုံစံ အဖွဲ့အစည်းဖြစ်လာရေး အတွက် ရည်ရွယ်ပြီး ပညာရေး၊ စားနပ်ရိက္ခာဖူလုံရေးနှင့် ဇီဝစွမ်းအင်ဖွံ့ဖြိုးရေးတို့ ပူးပေါင်းဆောင် ရွက်ရေးနှင့် ကမ္ဘာ့ရာသီဥတု ပြောင်းလဲခြင်းအတွက် အာဆီယံကြေညာချက်တို့ကို လက်မှတ် ရေးထိုးရန်ရှိပါသည်။

          ထိုင်းအစိုးရသည် ထိပ်သီးအစည်းအဝေး ကျင်းပမည့် ဘန်ကောက်မြို့ တောင်ဖက် ကီလို ၂၀၀ အကွာရှိ ပင်လယ်ကမ်းခြေတွင် အစိုးရဆန့်ကျင်ဆန္ဒပြပွဲများ မဖြစ်စေရန် ရည်ရွယ်၍ လုံခြုံရေး တင်းကျပ်စွာချထားပါသည်။ ပြီးခဲ့သည့် ဧပြီလက ပင်လယ်ကမ်းခြေ ပတ္တရားတွင် ပြုလုပ်မည့် ထိပ်သီးအစည်းအဝေးကို ဆန္ဒပြမှုများကြောင့် ပျက်ပြားစေပြီး အချို့ခေါင်းဆောင်များ ရဟတ်ယာဉ်ဖြင့်ရော သင်္ဘောဖြင့်ပါရှောင်ပြေးခဲ့ရပါသည်။

          ယခုကာလအတွင်း Chan-Am အပန်းဖြေစခန်းနှင့် ဘန်ကောက်တွင် လုံခြုံရေးတပ်ဖွဲ့များအား အရေးပေါ် လုံခြုံရေးအခြေအနေ ထုတ်ပြန်ခွင့်ကို ပြုထားပြီး၊ သွားလာမှုများကိုလည်း ကန့်သတ်ရန် လုပ်ပိုင်ခွင့်အာဏာ ပေးထားသည်။

          မြန်မာသည် အဆိုပါ (၄၂)နှစ် သက်တမ်းရှိပြီဖြစ်သောအဖွဲ့သို့ ၁၉၉၇ ခုနှစ်တွင် ၀င်ရောက်ခဲ့ပါသည်။ ယခု အပြည်ပြည်ဆိုင်ရာ ကန့်ကွက်နေသည့်ကြားမှ နိုင်ငံရေး အကျဉ်းသားအချို့ကို လွှတ်ကာ၊ ဒေါ်အောင်ဆန်းစုကြည်ကို အနောက်နိုင်ငံ သံတမန်များနှင့် အစိုးရ၀န်ကြီးနှင့် တွေ့ဆုံမှု ခွင့်ပြုခဲ့ပြီးနောက် အစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ပါသည်။

          အမေရိကန်အစိုးရသည် မြန်မာနိုင်ငံကို အထီးကျန်သော ပေါ်လစီမှ ဖေါက်ထွက်၍ မြန်မာစစ်အစိုးရနှင့် တိုက်ရိုက်အဆင့်မြင့် ဆွေးနွေးပွဲများပြုလုပ်ရန် ကြေညာခဲ့သော်လည်း ကြာမြင့်ခဲ့ပြီဖြစ်သော စီးပွားရေးပိတ်ဆို့မှုကိုလည်း ဆက်လက် ကျင့်သုံးသွားမည် ဖြစ်ကြောင်း သိရသည်။

          သို့သော် အုပ်ချုပ်နေသော ဗိုလ်ချုပ်များက နိုင်ငံရေး ဆန့်က်ျသူများကို မကြာသေးမှီက ပိုမိုဖမ်းဆီးခဲ့ပါသည်။ မည်သူကမှ ၎င်းတို့၏ ရည်မှန်းချက်လမ်းစဉ်ကို စိုးမိုး၍မရကြောင်း၊ အရင်းနှီးဆုံး မိတ်ဆွေတရုတ်ပင် စွက်ဖက်ပိုင်ခွင့် မရှိကြောင်း ပြတ်သားစွာ ပြောကြားခဲ့သည်။ တရုတ် နယ်စပ်တွင် လူမျိုးစုများအပေါ် တိုက်ခိုက်မှုများ ပြုလုပ်မှုကြောင့် အနည်းငယ် မပြေမလည်ဖြစ်သွားသော ဆက်ဆံရေးကြောင့် ယခုကဲ့သို့ပြောခြင်းဖြစ်သည်။

          စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အချို့သော အင်အားကြီး နိုင်ငံများသည် မြန်မာနိုင်ငံကို ဖိအားပေးရန် လွှမ်းမိုးရန် နည်းမျိုးစုံကို အကြောင်းပြချက် အမျိုးမျိုးဖြင့် လုပ်ဆောင်နေကြောင်း၊ သို့သော် အစိုးရသည် ခြိမ်းခြောက်တိုင်း ကြောက်မည်မဟုတ်ကြောင်း ပြောကြားခဲ့ပါသည်။

          ကုလသမဂ္ဂ အထွေထွေညွှန်ကြားရေးမှူးချုပ် ဘက်ကီမွန်းကလည်း အာဆီယံကို မြန်မာအား ပိုမိုတင်းကြပ်သော အနေအထားများဖြင့် ဆက်ဆံရန် တိုက်တွန်းခဲ့သည်။ သို့သော် အာဆီယံ ခေါင်းဆောင်များက ၎င်းတို့၏အဖွဲ့ဝင် မြန်မာကို ဒီမိုကရေစီလမ်းကြောင်းဟု မြန်မာတို့က သတ်မှတ်ထားသော (၂၀၁၀) ရွေးကောက်ပွဲပါဝင်သော လမ်းကြောင်းအတိုင်း ဆက်လက် လုပ်ဆောင်ရန်သာ တိုက်တွန်းမှုရှိခဲ့ပါသည်။

          အာဆီယံမှာ မြန်မာနိုင်ငံတွင် အဖြူသဘောဆောင်သော နိုင်ငံရေးပြောင်းလဲမှုများ လုပ်ဆောင်နိုင်ရန် ကြိုးပမ်းနိုင်ခြင်း မရှိခြင်းမှာ သိသာကြောင်း၊ ကျွန်ုပ်တို့မျှော်လင့်ချက် သိပ်မထားကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ရန်ကုန်မြို့တွင် ပြောကြားခဲ့ပါသည်။

          အာဆီယံသည် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ဖြင့်  ဖွဲ့စည်းထားပါသည်။

 



--
Posted By icypress to Sensible Rumour at 10/29/2009 07:56:00 AM

0 comments:

Post a Comment