နိုဝင်ဘာ ၁၀၊ ၂၀၀၉
မကွေးတိုင်း ပခုက္ကူမြို့ရှိ ပြည်သူပိုင် စီးကရက်စက်ရုံကို ဦးတေဇပိုင် ထူးကုမ္ပဏီမှ လွှဲပြောင်းရယူ လုပ်ကိုင်လျက် ရှိကြောင်း ရန်ကုန်မြို့ အခြေစိုက် ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
အဆိုပါ စက်ရုံအား ငွေပမာဏ အနည်းငယ်မျှနှင့် လွှဲပြောင်း ရယူခဲ့သည်ကို အတိအကျ မပြောနိုင်သော်လည်း ချိုသာသော ဈေးနှုန်းနှင့် ရရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် ဈေးကွက်ဝေစု အများစုရရှိထားသော London ကဲ့သို့ အရည်အသွေးကောင်း စီးကရက်တစ်မျိုးကို စမ်းသပ်ထုတ်လုပ်လျက်ရှိပြီး ဈေးကွက်အတွင်းသို့ ကျယ်ကျယ်ပြန့်ပြန့် မပြန့်သေးကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။
လှိုင်မြို့နယ် မယ်ဇီကုန်းနှင့် သုခလမ်းထောင့်ရှိ ရွှေသံလွင် ကုမ္ပဏီမှ ငှားရမ်း လုပ်ကိုင်နေသော စီးကရက်စက်ရုံကို မြန်မာ စီးပွားရေးဦးပိုင်မှ လွန်ခဲ့သည့် ငါးလခန့် လွှဲပြောင်းလုပ်ကိုင်ခဲ့ကြောင်း၊ ရွှေသံလွင် ကုမ္ပဏီအနေဖြင့် ပခုက္ကူစီးကရက်စက်ရုံအား ထပ်မံငှားရမ်းလုပ်ကိုင်ရန် ကြိုးစားခဲ့သော်လည်း အဆင်မပြေခဲ့ကြောင်း ယခု ဦးတေဇက လုပ်ကိုင်ခွင့်ရသွားခြင်း ဖြစ်ကြောင်း လိှုင်စီးကရက်စက်ရုံ မန်နေဂျာဟောင်းတစ်ဦးက ဆိုသည်။
ဦးပိုင်နှင့် ထူးသည် ဝင်ငွေကောင်း အမြတ်များသည့် လုပ်ငန်းမှန်သမျှ ၂၀၁၀ မတိုင်ခင် လက်ဦးမှု ရှိရှိရယူ လုပ်ကိုင်နိုင်ရန် ကြိုးစားလျက် ရှိကြောင်း စီးပွားရေး အခွင့်ကောင်းများဖြစ်သည့် ဆန်ပြည်ပ တင်ပို့ခွင့် ကိစ္စ၊ ပဲမျိုးစုံ တင်ပို့ခွင့် လုပ်ငန်းများသာမက ယခု စီးကရက်စက်ရုံလို လုပ်ငန်းများလည်း ဝင်ရောက်လုပ်ကိုင်လျက် ရှိကြောင်း မြန်မာ့ ဈေးကွက်စီးပွားရေးအား စောင့်ကြည့်လေ့လာသူတစ်ဦးက သုံးသပ်ပြောကြားသည်။
လွယ်ဟိန်း ကုမ္ပဏီအနေဖြင့် ရေသန့်နှစ်မျိုး၊ အချိုရည် ၁ဝ မျိုးခန့်နှင့် စီးကရက်များ ထုတ်လုပ် ဖြန့်ချိလျက် ရှိပြီး လူသားများ၏ ကျန်းမာရေးကို အထောက်အကူမပြုသည့် စီးကရက်မှ ဝင်ငွေအများဆုံးရရှိနေသည်ကို စိတ်မကောင်းစွာ တွေ့ရကြောင်း လွယ်ဟိန်း ကုမ္ပဏီဥက္ကဋ္ဌက သတင်းထုတ်ပြန်ဖူးသည်။
ရန်ကုန်မြို့ စီးကရက်ဈေးကွက်တွင် လန်ဒန်တစ်ဗူး ၂၅ဝဝ ကျပ်၊ Red Ruby တစ်ဗူး ၇ဝဝ ကျပ်၊ Red Blue တစ်ဗူး ၄ဝဝ ကျပ်၊ အသစ်ဖြန့်လာသည့် Super 5 တစ်ဗူး ၇ဝဝ ကျပ်၊ 555 တစ်ဗူး ၂ဝဝဝ ကျပ် ခန့်ရှိပြီး လန်ဒန်တစ်လိပ် ၂ဝဝ ကျပ်ခန့် ရှိကြောင်း စုံစမ်းသိရှိရသည်။
--
Posted By icypress to Sensible Rumour at 11/10/2009 12:23:00 AM