6 Nov 2009
International Herald Tribune
တောင်ကုန်းများ ထူထပ်စွာ ဝိုင်းရံနေသော ထိုးဖောက်ဝင်ရောက်ရန် ခက်ခဲ့သည့် နေရာတခု အဖြစ် ဗြိတိသျှကိုလိုနီ အရာရှိများက သတ်မှတ်ခဲ့သော လက်ရှိ တရုတ်နယ်ခြားတောင်တန်းဒေသများ သည် လွန်ခဲ့သော ရာစုနှစ်များကပင် ကျူးကျော်သိမ်းပိုက်လိုသော စစ်တပ်များ လက်ရှောင်ခဲ့ကြသည့် ဝေးလံသီခေါင်ဒေသများ ဖြစ်သည်။
အဆိုပါ ဒေသများကို တစ်ချိန်က နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သော လူမျိုးစုတပ်ဖွဲ့များက သိမ်းပိုက်နေထိုင်လျက်ရှိပြီး ၎င်းတို့အရင်က ထိုနေရာများကို သိမ်းပိုက်ရန် ကြိုးစားရာတွင် မအောင်မြင်ခဲ့သည့် ဗြိတိသျှဘုရင်ခံများရော၊ မြန်မာဘုရင်များပါ ထိုဒေသကို စိုးမိုးရန် များစွာခက်ခဲကြောင်း လက်ခံခဲ့ပါသည်။
သို့ရာတွင် မြန်မာတပ်မတော်အစိုးရအတွက်မူ အဆိုပါ သူပုန်နယ်မြေသည် မပြီးမြောက်သော လုပ်ငန်း၏ ဆူးငြောင့်တစ်ခု၊ အမျိုးသားပေါင်းစည်းရေး ရေရှည် ရည်မှန်းချက်ပန်းတိုင်အတွက် အဟန့်အတားတစ်ခု ဖြစ်နေပါသည်။ မြန်မာဗိုလ်ချုပ်ကြီးများက ကြီးမားတောင့်တင်းသော ဝ လူမျိုးစု စစ်တပ်ကို တန်းဖြုတ်၍ အစိုးရထံ သစ္စာခံရန် တောင်းဆိုထားသော်လည်း ဝ တပ်ဖွဲ့ UWSA က ယခုအချိန်ထိ ဂရုတစိုက် တုန့်ပြန်မှု မရှိသေးပါ။ ကြီးထွားလာသော ပြဿနာ အကျပ်အတည်းအတွက် နှစ်ဖက်စလုံးက တက်ကြွစွာ ပြင်ဆင်နေပါသည်။
ယခုတင်းမာမှုများကို ပြင်ပအဖွဲ့အစည်းများက သတိထား၍ ရှောင်းရှားပြောဆိုခဲ့ကြခြင်းမှာ ဆန့်ကျင်ဘက်ဝိရောဓိများ ပြည့်နှက်နေသော မြန်မာနိုင်ငံတွင် အစိုးရနှင့် ယုံကြည်မှုပျက်ပြားခဲ့သော ဝ လူမျိုးစုတပ်ဖွဲ့ကြားတွင် နောက်ထပ်ဆန်းကြယ်သော အငြင်းပွားမှုတစ်ခု ဖြစ်ပွားနိုင်ခြေရှိသောကြောင့် ဖြစ်ပါသည်။ သို့ရာတွင် ဝ တပ်ဖွဲ့မှာ လက်နက်အပြည့်အစုံတပ်ဆင်ထားသော အမြဲတမ်းတပ်ဖွဲ့ဝင် ၂ သောင်းကျော်ဖြင့် ဖွဲ့စည်းထား၍ အိုင်ယာလန်တပ်မတော်၏ ၂ ဆခန့် ကြီးပါသည်။ ထို့အပြင် အမေရိ ကန်ပြည်ထောင်စုကလည်း ကမ္ဘာ့အများဆုံး မူးယစ်ဆေးဝါးထုတ်လုပ်မှုများအတွက် တာဝန်ရှိသော အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားပါသည်။
ယခု ဝ ဒေသရှိအကျပ်အတည်းကို ရှောင်လွဲနိုင်ခြင်း မရှိပါက အာရှဒေသတစ်လျှောက် မူးယစ် ဆေးဝါး တရားမဝင်ရောင်းဝယ်မှုများ မြင့်တက်လာမည်ဖြစ်ပြီး ဝ အဖွဲ့အစည်းနှင့် အခြားလူမျိုးစုတပ်ဖွဲ့ များသည် မူးယစ်ဆေးဝါးမှရသော ငွေများဖြင့် လက်နက်များဝယ်ယူမည်ဖြစ်သည်။
မြန်မာပြည်မြောက်ပိုင်းသည် ဝေးကွာသော အခြားကမ္ဘာတစ်ခုသဖွယ် ဥပဒေမဲ့ခြင်းနှင့် စစ်အင်း အားကြီးမားစွာ တည်ဆောက်ထားခြင်း၊ အလယ်ခေတ် ပုံစံစုစည်းထားသော နားလည်ရန်ခက်သည့် လူမျိုးစုစစ်တပ်များ ရှိနေခြင်း၊ နယ်ခြားကာစီနိုများ၊ ပြည့်တန်ဆာများ၊ မူးယစ်ရာဇာတို့၏ ခြံဝန်းကျယ် များဖြင့် ဖွဲ့စည်းထားပါသည်။
မြန်မာအစိုးရနှင့် လက်နက်ကိုင် လူမျိုးစုတပ်ဖွဲ့များ အကြိမ်ပေါင်းများစွာ ညှိနှိုင်းခဲ့ကြသည့် မြန် မာပြည်မြောက်ပိုင်း ဆွေးနွေးပွဲများသည် မည်သည့် အကျိုးရလဒ်များမှမရှိဘဲ ယခုအခါနောက်ဆုံးအ ကြိမ်အဆုံးအဖြတ်အဖြစ်တိုက်ခိုက်ကြမည်ဟု လေ့လာသူများက ယုံကြည်ထားပါသည်။ ဝ တပ်ဖွဲ့ဝင် များကလည်း အသင့်အနေအထားဖြင့် တပ်စွဲထားပါသည်။
အသင့်အနေအထားနှင့် ဂရုတစိုက်စောင့်ကြည့်ရမည်ဟု မိမိတို့ကို မှာထားသည်ဟု UWSA ဌာနချုပ် ပန်ဆိုင်း အခြေစိုက် ဝ တပ်ဖွဲ့မှ တပ်သား အိုက်ရီက ပြောကြားခဲ့ပြီး ပန်ဆိုင်းသို့ ဝင်လာသူ မှန်သမျှအား ၂၄ နာရီစောင့်ကြည့်နေသည်ဟုဆိုပါသည်။ UWSA က ထိန်းချုပ်ထားသော နယ်မြေများ သို့ လာရောက်လည်ပတ်သူ အနည်းငယ်သာရှိပြီး တရုတ်စီးပွားရေးလုပ်ငန်းရှင်များ မူးယစ်ဆေးဝါးကုန်သည်များနှင့် တစ်ခါတစ်ရံ ကုလသမဂ္ဂတာဝန်ရှိ ပုဂ္ဂိုလ်များသာ လာရောက်လေ့ရှိသည်ဟု သိရပါသည်။
လာမည့်နှစ်ရွေးကောက်ပွဲမတိုင်ခင် အစိုးရအား နယ်ခြားစောင့်တပ်များအဖြစ် သစ္စာခံရန် မြန် မာတပ်မတော်ခေါင်းဆောင်များက တောင်းဆိုထားသော လက်နက်ကိုင်တပ်ဖွဲ့တစ်ဒါဇင်ကျော်အနက် UWSA သည် အင်အားအတောင့်ဆုံးဖြစ်သည့် ဗိုလ်ချုပ်ကြီးများက ရွေးကောက်ပွဲနှင့် အခြေခံဥပဒေ သည် ကာလကြာရှည်စွာကြန့်ကြာခဲ့သော အမျိုးသားပေါင်းစည်းရေးကို ဆောင်ကျဉ်းပေးနိုင်မည့် သမိုင်းမှတ်တိုင်တစ်ခုအဖြစ် ယုံကြည်ယူဆထားကြသည်။
မြန်မာတပ်မတော်၏ ထိပ်တန်းဗိုလ်ချုပ်ကြီး ၂ ဦးဖြစ်သော တပ်ချုပ်ကြီး သန်းရွှေနှင့် ဒုတပ်ချုပ် ကြီး မောင်အေးတို့သည် ယခုအခါအသက် ၇၀ ကျော်နေပြီး လူမျိုးစုတပ်ဖွဲ့များကို အပြင်းအထန် နှိမ်နင်းရန် တာစူနေပါသည်။
၁၉၄၈ ခုနှစ်ဗြိတိန်ထံမှ လွတ်လပ်ရေးရပြီး နောက်ပိုင်း ဆယ်စုနှစ်များစွာအတွင်း ဝ လူမျိုးစုတပ် ဖွဲ့နှင့် သွေးစွန်းသော တိုက်ပွဲများစွာ ဆင်နွှဲရှုံးနိမ်ဖူးသော မြန်မာဗိုလ်ချုပ်ကြီးများ၏ မှတ်ဥာဏ်တွင် ဝ လူမျိုးတို့၏ ရက်စက်ကြမ်းကြုတ်မှုများ၊ အကြောက်အရွံ့မရှိမှု၊ ညတိုက်ပွဲများတွင် အသံလုံမှုတို့သည် စွဲ မြဲနေဆဲဖြစ်ပါသည်။
ဝ တပ်ဖွဲ့ UWSA တွင် လက်နက်ခဲယမ်းများ သိသိသာသာ သိုလှောင်စုဆောင်းနေပြီး ပုခုံးထမ်းပစ်ခတ်ရသော လေယာဉ်ပစ်ဒုံးကျည် ၃၀၀ ခန့်၊ တင့်ကားဖျက်လက်နက်များ၊ လုံလောက် သော ချေမှုန်းရေးရိုင်ဖယ်များနှင့် ကျည်ဆံများ ပါဝင်သည်ဟု ထိုင်းစစ်တပ်မှ ဝ အရေးကျွမ်းကျင်သူ ဗိုလ်မှူးကြီး Peeranate Katetem က ပြောကြားပါသည်။
ဗိုလ်မှူးကြီး Peeranate ၏ ခန့်မှန်းချက်အရ ထိစပ်မှုမရှိသော နယ်မြေ ၂ ခုကို ထိန်းချုပ်ထား သည့် UWSA တပ်ဖွဲ့တွင် အရန်တပ်သားများ အပါအဝင် တပ်ဖွဲ့ဝင် ၅ သောင်းခန့်ရှိသည်ဟုဆိုပါ သည်။
ဝလူမျိုးတို့၏ ကြောက်စရာဓလေ့မှာ ကောက်သစ်ပွဲတော်များတွင် ပြိုင်ဖက် လူမျိုးစုများ၏ ဦးခေါင်းများကို ဖြတ်၍ဆင်နွှဲတတ် ထုံးစံဖြစ်ပြီး ထိုဓလေ့မှာ ဒုတိယကမ္ဘာစစ်အပြီးတွင် ပျောက်ကွယ် သွားပါသည်။ အစောပိုင်း နိုင်ငံခြားခရီးသည်များ၊ သာသနာပြုမစ်ရှင်များသည် ဝ ကျေးရွာများ၏ အပြင်ဖက် တောအုပ်ထဲတွင် အရိုးခေါင်းများ အပုံလိုက် တွေ့ရှိခဲ့ကြသည်ဟု ဆိုပါသည်။ အထက်ပါကိစ္စများ သည် အတိတ်က ပုံရိပ်များသာ ဖြစ်ပါသည်။
လက်ရှိအချိန်တွင်မူ UWSA ခြေကုတ်ယူထားသော မိုင်းပန်မြို့တွင် တရုတ်ကုန်သည်များ လွှမ်းမိုးထားသော ဈေးအနီး မြို့လယ် အင်တာနက်ကဖေးများတွင် ဝ ကလေးငယ်များ ကွန်ပြူတာ ဂိမ်းဆော့ ကစားနေကြပါသည်။ အခြားသော လူမျိုးစုတပ်ဖွဲ့များကဲ့သို့ မြန်မာအစိုးရ တောင်းဆိုသည့်အတိုင်း လက်နက်ချခဲ့ပါက အထက်ပါအရာများအားလုံး ဆုံးရှုံးသွားလိမ့်မည်ဖြစ်ကြောင်း မိုင်းပစ်မြို့၏ မြင်ကွင်း က သတိပေးနေပါသည်။
ဝ ဒေသတွင် ကိုယ်ပိုင်ကျောင်းများ၊ ကိုယ်ပိုင်ဆေးရုံများ၊ ကိုယ်ပိုင်လျှပ်စစ်ဓာတ်အား ထုတ်လုပ် ရေး စီမံကိန်းများ၊ ကိုယ်ပိုင်တယ်လီဖုန်း ဆက်သွယ်ရေးလုပ်ငန်းများစသဖြင့် အပြည့်အဝ ထူထောင် ထားပြီး အင်တာနက်အဆက်အသွယ်မှာလည်း အလွန်မြန်ဆန်ကာ မြန်မာအစိုးရ၏ ဆင်ဆာစနစ်နှင့်လည်း ကင်းလွတ်ပါသည်။
လက်တစ်ဆုပ်စာခန့်သာ ရှိသော နိုင်ငံခြားသားလေ့လာသူများအနက် အချို့မှာ ဝ တို့နှင့်ပတ် သက်၍ ကောင်းစွာ သရုပ်ခွဲနိုင်ခြင်းမရှိပါ။ အကြောင်းမှာ နိုင်ငံခြားစစ်တပ်များ၊ ဥပဒေအဖွဲ့အစည်းများ နှင့် ဝိရောဓိဖြစ်နေသည့် ဝ ဒေသ၏ မူးယစ်ဆေးဝါးကုန်သွယ်မှုကြောင့် ၎င်းတို့အား ကောင်းစွာ သိရှိနား လည်ရန် မလွယ်ကူခြင်းဖြစ်ပါသည်။ လေ့လာသူများ၏ ပြောကြားချက်အရ ဝ လူမျိုးများသည် စည်းကမ်းလိုက်နာပြီး တိုက်ရည်ခိုက်ရည်ရှိသော လူအဖွဲ့အစည်းဖြစ်သည်ဟု ဆိုပါသည်။ စည်းကမ်းမလိုက်နာသူများအား ပြင်းထန်စွာ အပြစ်ပေးလေ့ရှိပြီး မိုင်းပန်မြို့၏ မြူနီစီပယ်လုပ်ငန်းအချို့ကို သံကြိုးဆွဲ ထား သော အကျဉ်းသားများက လုပ်ကိုင်ရသည်ဟု သိရသည်။
အတိတ်ကိုပြန်ကြည့်လျှင် ဝ စစ်သားများပါဝင်သော တရုတ်ကျောထောက်နောက်ခံပြု ဗကပ တပ်များနှင့် မြန်မာအစိုးရတပ်များသည် ၁၉၈၉ အပတ်အခတ်ရပ်စဲရေး သဘောတူညီချက် မရခင် အထိ ဆယ်စုနှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ကြပါသည်။ ဝ ဒေသရှိ ယောင်္ကျားတိုင်း စစ်တပ်ထဲ ဝင်ရပြီး တစ်ခါတစ်ရံစစ်သားနှင့် လယ်သမားအလုပ်ကို တစ်လှည့်စီ လုပ်ကိုင်ရပါသည်။ ဝ ဒေသ နှင့် ၎င်း၏ ကပ်လျက်ဒေသ မိုင်းလားတွင် နေထိုင်သော မိသားစုများသည် အနည်းဆုံး တစ်အိမ်တစ်ယောက် စစ်မှုထမ်းရ ပါသည်။
"စစ်တိုက်ရမှာကို ကျွန်တော်တို့မကြောက်ပါ" ဟု ပြောကြားသူမှာ မိုင်းလားဒေသ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့မှ တပ်သားချိုင်းဆန်ဖြစ်၍ ၎င်း၏ စစ်သားဘဝ အစပိုင်းတွင် မြန်မာစစ်တပ်နှင့် မကြာခဏ တိုက်ခိုက်ခဲ့ဖူးသူဖြစ်ပါသည်။ သို့ရာတွင် ၎င်းတို့၏ရွာများကို လေတပ်က ဗုံးကြဲခြင်းကိုမူ ကြောက်သည်ဟု ဆိုပါသည်။
တိုင်းရင်းသားရွာများမှ ပစ္စည်းဥစ္စာများကို မြန်မာစစ်သားများက လုယက်တတ်ပြီး မိန်းမပျိုများ ကို မုဒိန်းမှု ကျူးလွန်တတ်ခြင်းကြောင့် စိုးရိမ်ပူပန်နေသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
မည်သို့ပင်ထင်ရှားသော တပ်ဖွဲ့များရှိစေကာမူ ဝ နှင့် ၎င်း၏ မဟာမိတ်လူမျိုးစုတပ်ဖွဲ့များမှာ အင်အားကြီးမားသော မြန်မာစစ်တပ်၏ အစွန်းထွက် အရေအတွက်မျှသာရှိပါသည်။ မြန်မာစစ်တပ် အင်အားသည် တပ်ဖွဲ့ဝင် လေးသိန်းငါးသောင်းခန့်ရှိပြီး ခေတ်မီလက်နက်များ တပ်ဆင်ထားပါသည်။ UWSA ဌာနချုပ် ပန်ဆိုင်းတွင် မြေအောက်ဘန်ကာများ တူး၍ ခံစစ်ပြင်ဆင်နေသည်ဟု ထိုင်းနိုင်ငံအခြေစိုက် လူမျိုးစုရေးရာ ကျွမ်းကျင်သူ ဘာတစ်လ်လင်တနာက ပြောပါသည်။ သို့ရာတွင် ပုန်းအောင်းခြင်းသည် ရှုံးနိမ့်မှုအား အချိန်ဆွဲထားခြင်းပင် ဖြစ်သည်ဟု ဆိုပါသည်။
အကယ်၍ ၎င်းတို့ တိုက်ခိုက်ခြင်းခံရပါက တရုတ်နိုင်ငံက မည်သို့သဘောထားမည်နည်း ဟူသော မေးခွန်းမှာ မြန်မာပြည်မြောက်ပိုင်း လူမျိုးစုတပ်ဖွဲ့များအတွက် သေရေးရှင်ရေးသဖွယ် အရေးကြီး ပါသည်။
တရုတ်နိုင်ငံမှ ထောက်ပံ့ကူညီမှုမရပါက UWSA သည် ရေရှည်တိုက်ပွဲကို တောင့်ခံနိုင်မည်ဟု မထင်ပါ။ စားနပ်ရိက္ခာနှင့် လောင်စာဆီ ပြဿနာရှိလာပါလိမ့်မည်ဟု Lintner မှတ်ချက်ပေးပါသည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်ပတ်သက်သော သစ္စာတရားကို ကဏ္ဍများခွဲထားပါသည်။ လက်ရှိစနစ်များအတွင်း မြန်မာအစိုးရအား ပထဝီနိုင်ငံရေးအရ ပံ့ပိုးမှုများပြုလုပ်ခဲ့ပြီး နိုင်ငံ၏ သယံဇာတ ရေနံနှင့် သဘာဝဓာတ်ငွေ့ကို တပ်မက်ခြင်းနှင့် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ကို မက်မောခြင်းကြောင့် ဖြစ်ပါသည်။ သို့ရာတွင် တရုတ်နိုင်ငံသည် ၎င်း၏ နယ်စပ် တလျှောက်ရှိ မြန်မာလူမျိုးစုလက်နက်ကိုင်များနှင့် ရှည်လျားသော ဆက်ဆံရေးသမိုင်းရှိခဲ့ပြီး များစွာသော တရုတ်လူမျိုးများသည် အဆိုပါ ဒေသ များတွင် နေထိုင်၊ လုပ်ကိုင် စီးပွားရေးလုပ်ငန်းများ ပိုင်ဆိုင်ထားကြပါသည်။
အခါ၊ လားဟူ၊ ကချင်၊ ရှမ်းနှင့် ဝ စသည့် လူမျိုးစုများသည် တရုတ်မြန်မာနယ်ခြားကို ခွ၍ နေထိုင်လှုပ်ရှားကြပြီး နယ်ခြားမျဉ်းမရှိသည့်အလား ဖြတ်ကျော်ကူးသန်းရောင်းဝယ်လျက် ရှိကြပါသည်။
ဘီဂျင်းသည် မြန်မာဝန်ကြီးချုပ်ထံမှ အဆိုပါနယ်ခြားဒေသများငြိမ်းချမ်းနေပြီဖြစ်ကြောင်း အာမခံချက်ကို ရရှိထားပြီးဖြစ်သည်။ လတ်တလော ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သော အာဆီယံခေါင်း ဆောင်များ၏ ညီလာခံအပြီးတွင် ထုတ်ပြန်ခဲ့သော Xinhua သတင်းများအရ တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်က မြန်မာနိုင်ငံသည် ပြဿနာအရပ်ရပ်ကို သင့်လျှော်မှန်ကန်စွာ ကိုင်တွယ်ဖြေရှင်း၍ တရုတ် မြန်မာနယ်ခြားဒေသ၏ ခြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းစောင့်ရှောက်နိုင်လိမ့်မည်ဟု ပြော ကြားခဲ့သည်ဟု သိရှိရပါသည်။
လွန်ခဲ့သော သြဂုတ်လက မြန်မာနိုင်ငံတွင်းရှိ တရုတ်သွေးနှောသည့် ကိုးကန့်လူမျိုးစုတပ်ဖွဲ့ကို မြန်မာ့တပ်မတော်က တိုက်ခိုက်ခဲ့ခြင်းနှင့်ပတ်သက်၍ ဖြစ်ပေါ်ခဲ့သော နယ်စစ်ဒေသအခြေအနေများကို တရုတ်က စိုးရိမ်ပူပန်ခဲ့ပါသည်။ အဆိုပါစစ်ဆင်ရေးသည် ဇွန်လက မြန်မာစစ်တပ်၏ မဟာမိတ် DKBA က KNLA ကို တိုက်ပွဲဆင်နွှဲခဲ့ခြင်းနှင့် ပတ်သက်ဆက်စပ်နေပြီး လူမျိုးစုတပ်ဖွဲ့များ မြန်မာစစ်တပ်လက်အောက်သို့ သစ္စာခံရန် မြန်မာအစိုးရ၏ တောင်းဆိုမှုမှာ ဟန်ဆောင်ခြိမ်းခြောက်မှု မဟုတ်ကြောင်းပြသခြင်းဖြစ်သည်ဟု ဆိုပါသည်။ ကိုးကန့်ဒေသထိုးစစ်သည် ချမ်းသာကြွယ်ဝသော တရုတ်တိုင်းရင်းသား မျိုးနွယ်များအား တုန်လှုပ်ကြောက်ရွှံ့သွားစေခဲ့ပြီး ဝ နယ်မြေထဲသို့ အမြောက်အမြား ထွက်ပြေးသွားခဲ့ကြ သည်ဟု Shan Herald Aqency for News က ဖော်ပြခဲ့ပါသည်။
ဝေးလံသီခေါင် မြန်မာပြည်မြောက်ပိုင်းတခွင်မှာ တရုတ်စီးပွားရေးသမားများ၊ တရုတ်ခရီးသွား များ နယ်စပ်ဖြတ်ကျော် ကူးလူးပျော်ပါးရာ စားကျက်မြေဖြစ်ပါသည်။ အဆိုပါ နယ်မြေရှိ မိုင်းလားဒေသ ကို တရုတ်တပ်နီတပ်ဖွဲ့ဝင်ဟောင်း လင်မင်ကျန်းက အုပ်ချုပ်နေပြီး တပ်ဖွဲ့ဝင် ၃၀၀၀ ပါဝင်သော စစ် တပ်ကို ပိုင်ဆိုင်ထားကာ UWSA ဝ တပ်ဖွဲ့နှင့် မဟာမိတ်ဖွဲ့ထားပါသည်။
နေ့အချိန်တွင် မိုင်းလားမြို့သည် အိပ်ပျော်နေသော်လည်း ညပိုင်းရောက်သည်နှင့် တန်းစီထား သော ရာချီသည့် ပြည့်တန်ဆာများသည် တက္ကစီများနှင့်ရောက်လာမည့် ဖောက်သယ်များအား အလှည့်ကျ စောင့်စားနေကြပါသည်။ အောင်မြင်ထင်ရှားသော ပြည့်တန်ဆာများကမူ ၎င်းတို့အား ဆက်သွယ်နိုင်မည့် လိပ်စာကဒ်များကို ပြင်ပစားသောက်ဆိုင်များတွင် ဖြန့်ဝေထားပါသည်။ ဟိုတယ်ခများကို နာရီအလိုက် ပေးချေရပါသည်။ အနီးအနားရှိ မိုင်းလားမှ ကာဆီနိုများကလည်း တရုတ်လောင်းကစားသမားများကို မြူဆွယ်လျက် ရှိပါသည်။ မနက်မိုးလင်းလာသောအခါ ဈေးလှည့်ရောင်းသူများက ဒေသတွင်း တောအုပ်များထဲမှ တိရိစ္ဆာန်ပေါင်းစုံကို ရောင်းချကြပါသည်။
မြန်မာပြည်မြောက်ပိုင်း၏ ထူထပ်သော တောင်ကုန်းများတွင် ရာဘာပင်များ အတန်းလိုက် စိုက်ပျိုးထားပြီး တရုတ်စက်ရုံများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးပါသည်။ ထိုဒေသတွင် သက်ကယ်တဲများ၊ ကျွဲများဖြင့် ယာတောဆင်းသည့် လယ်သမားများစသဖြင့် အစွန်းရောက်ဆင်းရဲခြင်းများရှိသလို ရှင်းပြရန် ခက်ခဲ့သည့် ကြွယ်ဝမှု၊ ခေတ်မီမှုများ၊ အုတ်တံတိုင်းကာခြံဝင်းကျယ်များနှင့် ဥဒဟိုသွားလာနေသော ပါဂျဲရိုး၊ လင့်ခရူဆာ မော်တော်ယာဉ်များကိုလည်း တွေ့မြင်ရပါမည်။ ၎င်းမော်တော်ယာဉ်များမှာ မြန်မာ ပြည်မတွင် သွင်းကုန်လိုင်စင်ခက်ခဲမှုကြောင့် ဒေါ်လာ ၁ သိန်းကျော်တန်းဖိုးရှိပြီး ယခုမြောက်ပိုင်း သူပုန်နယ်မြေများတွင်မူ ၎င်းကားများကို တရုတ် လာအိုနယ်စပ်များမှ တရားမဝင်တင်သွင်းလာခြင်းဖြစ် ပြီး ဝ နှင့် မိုင်းလား၊ အာဏာပိုင်များထုတ်ပေးသော နံပါတ်ပြားများ တပ်ဆင်ထားပါသည်။
အမေရိကန်နှင့်ထိုင်း မူးယစ်နှိမ်နင်းရေး အရာရှိများက ဝ အဖွဲ့အစည်း၏ ချမ်းသာကြွယ်ဝမှုများ သည် ဟီးရိုးအင်းနှင့် မီသိုင်းအင်ဖက်တာမင်းထုတ်လုပ်ရောင်းချခြင်းမှ ရရှိသည်ဟု ယုံကြည်ထားကြပြီး ၎င်းမူးယစ်ဆေးဝါးများကို ထိုင်းနယ်စပ်အား ဖြတ်ကျော်သယ်ဆောင်လေ့ရှိကာ လတ်တလောကာလ တွင် လက်နက်များဝယ်ယူရန် ငွေလိုအပ်သဖြင့် မူးယစ်ဆေးဝါးပမာဏ မြောက်မြားစွာ ထွက်ရှိလာ သည်ဟု သိရပါသည်။ မူးယစ်ဆေးဝါးကုန်သွယ်ရေး၏ အဓိက ပုဂ္ဂိုလ်မှာ ဝေဆွတ်ကိုင်ဖြစ်ပြီး ၎င်း သည် အမေရိကန်အာဏာပိုင်များက အလိုရှိသော ဝ ခေါင်းဆောင် ၁၉ ဦးအနက် တစ်ဦးဖြစ်သည်။ အ မေရိကန် အစိုးရက ဝေဆွတ်ကိုင်ကို ဒေါ်လာ ၂ သန်းဆုငွေထုတ်ထားပြီး ၎င်းသည် တရုတ်နိုင်ငံတွင် မွေးဖွားသူဖြစ်၍ လွန်ခဲ့သော ဆယ်စုနှစ်အတွင်း ဝ အာဏာပိုင်အဖွဲ့တွင် ခေါင်းဆောင်ပိုင်း(ဘဏ္ဍာ ရေးတာဝန်ခံ) နေရာရလာခြင်းဖြစ်သည်။
၎င်းတို့၏ နယ်မြေအတွင်း သီးခြားနေထိုင်သည့် ပုံစံကြောင့် ဝ ခေါင်းဆောင်များကို အလွယ် တကူဖမ်းဆီးနိုင်မည် မဟုတ်ပါ။ အမေရိကန် မူးယစ်အာဏာပိုင်များကမူ ဥပဒေအရ စွဲချက်တင်ရန် ထုတ်ပြန်ထားခြင်းကြောင့် ၎င်းတို့၏ နယ်မြေပြင်ပသို့ ထွက်၍ ခရီးသွားခွင့်၊ စီးပွားရေးလုပ်ကိုင်ခွင့်များ ကို ကန့်သတ်နိုင်ခဲ့သည်ဟု ဆိုပါသည်။
၎င်းတို့သွားလာလှုပ်ရှားမှု မပြုနိုင်အောင် ထိန်းချုပ်မှုအချို့ကို ပြုလုပ်နိုင်ပြီဟု ထိုင်းနိုင်ငံ မြောက်ပိုင်း အခြေစိုက် DEA အေးဂျင့် Pamela Brown က ပြောပါသည်။ အကယ်၍ အမေရိကန်နှင့် ပြစ်မှုတရားခံပြန်ပို့ရန် သဘောတူထားသော နိုင်ငံတခုသို့သာ ခရီးသွားခဲ့ပါက အမေရိကန်သို့ ဖမ်းဆီး ပေးအပ်ရန် ဆောင်ရွက်နိုင်လိမ့်မည်ဟု သိရှိရပါသည်။
ဆယ်စုနှစ် ၂ စုမျှ အေးစက်ခဲ့သော ဆက်ဆံရေး အဆုံးသတ်ပြီးနောက် လက်ရှိအချိန်တွင် မြန်မာအစိုးရနှင့် စတင်ဆက်ဆံနေသည့် အမေရိကန်ပြည်ထောင်စုအတွက် မြန်မာပြည်မြောက်ပိုင်း အခြေအနေများသည် ရှေ့တိုးမရ နောက်ဆုတ်မရ ဖြစ်စေပါသည်။ မူးယစ်ရာဇာများနှင့် ၎င်းတို့အား ကာကွယ်ပေးနေသူများအား ဖြိုခွဲနှိမ်နင်းခြင်းကို အမေရိကန်ပြည်ထောင်စုက မြင်တွေ့လိုသော ဆန္ဒရှိပါ သည်။ သို့ရာတွင် မြန်မာအစိုးရ၏ စစ်ရေးစီမံချက်တွင် ရက်စက်ကြမ်းကြုတ်မှုများ ပါဝင်ပတ်သက်နေ ပါသည်။ လူမျိုးစုများကို မီးရှို့ခြင်း၊ အရွယ်မရောက်သူများကို စစ်မှုထမ်းစေခြင်း၊ မုဒိန်းမှုများ ကျူးလွန် ခြင်းများဖြစ်သည်။
မူးယစ်ဆေးဝါးတရားမဝင် ကုန်သွယ်ခြင်းကို မိမိတို့ ဆန့်ကျင်သော်လည်း မြန်မာစစ်တပ် အတိတ်က ကျူးလွန်ဖူးသည့် အရပ်သားများကို ထိခိုက်စေသော လူ့အခွင့်အရေးချိုးဖောက်မှုများကိုမူ မမြင်တွေ့လိုပါဟု အာဆီယံဆိုင်ရာ အမေရိကန်သံအမတ် Scot Marcial က ဘန်ကောက်တွင်ပြော ကြားပါသည်။ အလွန်ရှုပ်ထွေးသော အခြေအနေဖြစ်သည်ဟုလည်း မှတ်ချက်ချပါသည်။
ဟီရိုးအင်းနှင့်မီသိုင်း အင်ဖက်တာမင်းသုံးစွဲမှုများကို နိုင်နိုင်နင်းနင်းထိန်းချုပ်ရန် ကြိုးစားနေ သော အာရှနိုင်ငံများအတွက် ယခုမြန်မာနိုင်ငံတွင်းမှ ပြဿနာအကျပ်အတည်းသည် မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ချိမှုအပေါ်တွင် မည်သို့ အကျိုးသက်ရောက်မည်နည်းဟု မေးခွန်းထုတ်စရာဖြစ်လာပါ သည်။
Mr. lintner ကမူ ဤကိစ္စကို အဆိုးမြင်သည့် လက္ခဏာရှိပါသည်။ အကယ်၍ မြန်မာ့တပ်မတော်က လူမျိုးစုလက်နက်ကိုင်များကို အောင်မြင်စွာ သိမ်းသွင်းနိုင်ခဲ့လျှင်လည်း မူးယစ်ဆေးဝါး ကုန် သွယ်ရေးကိုမူ ဖယ်ရှားနိုင်မည်မဟုတ်ဟု ၎င်းကပြောကြားပါသည်။ ယနေ့ ရိတ်သိမ်းနေသော ဘိန်း အများစုမှာ အစိုးရက ထိန်းချုပ်ထားသော နယ်မြေများမှ စိုက်ပျိုးထွက်ရှိခြင်းဖြစ်သည်ဟု ဆိုပါသည်။
ဒေသခံပြည်သူ့စစ်များ ဆက်လက်ကျန်ခဲ့ဖွယ်ရှိပြီး ၎င်းတို့နှင့်အတူ မူးယစ်ဆေးကုန်သွယ်မှုပါ ဆက်လက်တည်ရှိလိမ့်မည်၊ ဥပဒေမဲ့ဒေသများအဖြစ် ဆက်လက်မြင်တွေ့ရပါလိမ့်မည်ဟု ၎င်းက သုံး သပ်ပြောကြားခဲ့ပါသည်။
--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
-~----------~----~----~----~------~----~------~--~---