Transparency Myanmar

transparency.myanmar@gmail.com

Michacl Bristow,BBC News, 4 Dec 2009

          မြောက်ကိုရီးယား ပြည်သူများသည် ပြုပြင် ပြောင်းလဲလိုက်သော ငွေကြေးစနစ်အရ များစွာ ထိခိုက် နစ်နာ ဆုံးရှုံးမှုများ ဖြစ်ခဲ့ရကြောင်း၊ ၎င်းတို့၏ စုငွေ အားလုံး အသိမ်းခံလိုက်ရသလို ဖြစ်သွားကြောင်း သတင်းများက ဆိုပါသည်။

          သာမန်ပြည်သူများသည် ယခင် ငွေကြေး အဟောင်း သုံးစွဲခွင့် မကုန်မီ၊ ထို ငွေအဟောင်းဖြင့် ပစ္စည်းများကို အလုအယက် လိုက်လံ ဝယ်ယူနေကြပါသည်။

          မြောက်ကိုရီးယား အစိုးရသည် တနင်္လာနေ့က ၎င်းတို့၏ ငွေကြေး ကိန်းဂဏန်းကို သုညနှစ်လုံးထိ လျော့ချမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

          ကျွမ်းကျင်သူများ၏ အဆိုအရ ယခုကဲ့သို့ ပြုလုပ်ခြင်းသည် ငွေကြေး ဖောင်းပွမှုကို တိုက်ဖျက်ရန် ဖြစ်ပြီး၊ ဆင်းရဲနေပြီး ဖြစ်သော ပြည်သူများအပေါ် အစိုးရက ပိုမို ချုပ်ကိုင်နိုင်ရန် ပြုလုပ်ခြင်း ဖြစ်ကြောင်း ဆိုပါသည်။ ပြုံးယမ်းအစိုးရသည် နိုင်ငံတဝှမ်း ပေါ်ပေါက်လာသော လွတ်လပ်စွာ ရောင်းဝယ်နိုင်သော ဈေးများ၏ လှုပ်ရှားမှုများကို ထိန်းချုပ်လိုခြင်း ဖြစ်ပုံရသည်ဟု ဆိုပါသည်။

          မြောက်ကိုရီးယား အစိုးရသည် အစပိုင်းတွင် အဆိုပါ ပြုပြင် ပြောင်းလဲမှုနှင့် ပတ်သက်၍ ငြိမ်နေခဲ့သည်။ ၎င်း၏ ပြည်သူများကိုသာ အသိပေးခဲ့ပြီး၊ ကမ္ဘာသို့ ကြေညာခဲ့ခြင်း မရှိပေ။

          သို့သော် သောကြာနေ့က တောင်ကိုရီးယား၏ Yonhap သတင်းအေဂျင်စီက မြောက်ကိုရီးယားနှင့် ချိတ်ဆက်ထားသော ဂျပန် အခြေစိုက် သတင်းစာက အဆိုပါသတင်းကို အတည်ပြုခဲ့သည်ဟု ဆိုပါသည်။

          အဆိုပါ သတင်းစာတွင် မြောက်ကိုရီးယား ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးနှင့် တွေ့ဆုံ မေးမြန်းထားမှုအား ကိုကား၍ Yanhap က ပြောဆိုခဲ့ပါသည်။

          မြောက်ကိုရီးယား ဘဏ်တာဝန်ရှိသူက ပြောကြားရာတွင် နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုများ၊ သဘာဝ ဘေးအန္တရာယ်များနှင့် ကွန်မြူနစ်အဖွဲ့၏ ကျဆုံးမှုများက စီးပွားရေး ချွတ်ခြုံကျမှုကို ဖြစ်စေကြောင်း ရေးသားထားပါသည်။ ထို့ကြောင့် အစိုးရကို ငွေကြေးအား ပြန်လည် ချိန်ညှိရန် တွန်းအားပေးသလို ဖြစ်ခဲ့ရကြောင်း ၎င်းက ဆိုပါသည်။

          ယခု ငွေကြေး စနစ်သစ်အရ ယခင် မြောက်ကိုရီးယား ဝမ် ၁၀၀၀ သည် ယခု ၁၀ ဝမ်သာ ရှိတော့မည် ဖြစ်ပါသည်။

          ပြည်သူများသည် တနင်္ဂနွေနေ့က အထိ ၎င်းတို့၏ ငွေစက္ကူ အဟောင်းများကို အသစ်များဖြင့် ကြိုက်သလောက် လဲလှယ်နိုင်လိမ့်မည်ဟု ထင်ထားခဲ့ကြသည်။ သို့သော် သတင်းတစ်ခု၏ အဆိုအရ လူကြီးတစ်ဦးလျှင် ဝမ်တစ်သိန်းသာ လဲလှယ်ခွင့် ပြုသည်ဟု ကန့်သတ်ထားကြောင်း သိရှိရပါသည်။

          အဆိုပါ သတင်း ကြေညာသည့် အချိန်တွင် အစိုးရ၏ တရားဝင် လဲလှယ်နှုန်းအရ အမေရိကန် တစ်ဒေါ်လာသည် မြောက်ကိုရီးယားဝမ် ၁၃၅ ဝမ် ရှိပါသည်။

          ထို့ကြောင့် လူကြီးတစ်ဦးသည် ဒေါ်လူ ၇၄၀ (ပေါင်စတာလင် ၄၄၅ )နှင့် ညီမျှသော ဝမ်ကိုသာ လဲလှယ်ခွင့် ရှိသည် ဟူသော သဘောပင် ဖြစ်ပါသည်။

          အိမ်ထောင်စုများစွာသည် ဒေါသထွက်မှုများ စိုးရိမ်ပူပန်မှုများ ဖြစ်ခဲ့ရသည်။ လဲလှယ်နိုင်ခွင့် ရှိသည့် ပမာဏထက် ပိုနေသော ငွေများမှာ လွှင့်ပစ်လိုက်ရတော့မည် ဖြစ်ရာ၊ ပြည်သူလူထု၏ စုဆောင်းငွေများကို ထိရောက်စွာ သိမ်းယူလိုက်ခြင်း ဖြစ်ပါသည်။

          မြောက်ကိုရီးယားမှ ထွက်ပြေးလာပြီး တောင်ကိုရီးယားတွင် နေထိုင်လျက် ရှိသူ Park Song-hak က မြောက်ကိုရီးယားရှိ ၎င်း၏ အဆက်အသွယ်များက ပြောကြားရာတွင် မြောက်ကိုရီးယား ပြည်သူများသည် ဝမ်းနည်းပြီး၊ စစ်ဖြစ်သလိုမျိုး အော်ဟစ် ငိုကြွေးလျက် ရှိကြသည်ဟု ဆိုပါသည်။

          အချို့ သတင်းများ၏ အဆိုပါအရ ကန့်ကွက် ပြောဆိုမှုများအရ မြောက်ကိုရီးယား အာဏာပိုင်များသည် လဲလှယ်နိုင်သည့် ပမာဏကို တိုးမြှင့်ပေးခဲ့သည်ဟု ဆိုပါသည်။

          မြောက်ကိုးရီးယားမှ ထွက်ပြေးလာသူ နောက်တစ်ဦး Kim Woon-ho က ပြည်သူများသည် ရုတ်တရက် ထွက်ပေါ်လာသော အဆိုပါသတင်းကြောင့် အရုပ်ကြိုးပြတ် ဖြစ်ကုန်ကြကြောင်း ပြောပါသည်။ အစိုးရသည် မိမိပြည်သူများထံမှ ငွေများကို သိမ်းဆည်းနေသည်ဟု ကန့်ကွက်မှုများ ပေါ်ထွက်လာခဲ့သည်ဟု ၎င်းက ဆိုပါသည်။ ပြည်သူများသည် ငွေစက္ကူ အဟောင်းများ သက်တမ်းမကုန်မီ ပစ္စည်းများကို လိုက်လံ ဝယ်ယူနေကြသဖြင့် ကုန်ပစ္စည်းများ တက်တော့မည်ဟု ဆိုပါသည်။

          သို့သော် လျှို့ဝှက်လွန်းသော ကွန်မြူနစ်တိုင်းပြည်မှ ပေါ်ထွက်လာမည့် ရုပ်ပုံကားချပ်မှာ မှုန်ဝါးနေဆဲ ဖြစ်ပါလိမ့်မည်။

          ယခုအခါ ဝမ်ငွေအသစ်ကို သုံးစွဲနေကြပြီ ဖြစ်ကြောင်း၊ ငွေစက္ကူအဟောင်းကို အနည်းငယ်သော သူများကသာ လက်ခံတော့ကြောင်း ပြောပါသည်။

          ပညာရှင် အတော်များများက ယခု ပြုပြင် ပြောင်းလဲမှုမှာ တက်လာနေသော ငွေကြေး ဖောင်းပွမှုကို ထိန်းချုပ်ရန် ရည်ရွယ်ခြင်း ဖြစ်ပုံ ရကြောင်း ယုံကြည်နေကြပါသည်။

          လဲလှယ်နိုင်သည့် ငွေပမာဏကို ကန့်သတ်ခြင်းအားဖြင့် စိုက်ထုတ်ရမည့် ငွေစက္ကူကိုလည်း လျော့ချ၍ ရနိုင်ကြောင်း ဆိုပါသည်။ အချို့ ပညာရှင်များကမူ ယခု ပြောင်းလဲမှုသည် အစိုးရက ၎င်း၏ ပြည်သူများအပေါ် ချုပ်ကိုင်မှုကို ပိုမို အားကောင်းစေရန် ဖြစ်ကြောင်း သုံးသပ်ပါသည်။

          မြောက်ကိုရီးယားသည် ၂၀၀၂ ခုနှစ်က အကန့်အသတ်ရှိသော ဈေးကွက် ပြုပြင် ပြောင်းလဲမှုများကို မိတ်ဆက်ပေးခဲ့ရာ၊ ပြည်သူများကို လွတ်လပ်စွာ ရောင်းဝယ်နိုင်သော ဈေးများတွင် ကုန်ပစ္စည်းများ ရောင်းဝယ်ရန် ခွင့်ပြုခဲ့ပါသည်။ အဆိုပါ ဈေးများသည် သာမန် ပြည်သူများအတွက် အလွန် အရေးပါမှု တိုးတက်လာပြီး ကုန်ပစ္စည်းမျိုးစုံ ကျယ်ပြန့်စွာ လိုအပ်လာပါသည်။

          မကြာသေးမီက ပြုံးယမ်းရှိ အဓိကဈေးသို့ သွားရောက် လည်ပတ်ခဲ့သူ တစ်ဦး၏ ပြောကြားချက်အရ အစိုးရ ပိုင်ဆိုင်သော ဆိုင်များတွင် ကုန်ပစ္စည်း ရောင်းချမှုများ လျော့နည်းလာပြီး လွတ်လပ်သော ဈေးများတွင် နိုင်ငံခြားမှ တင်သွင်းလာသော သစ်သီးများ၊ အဝတ်အထည်များနှင့် လျှပ်စစ်ပစ္စည်းများကို ဝယ်ယူနိုင်ကြကြောင်း သိရှိရပါသည်။

          မြောက်ကိုရီးယား အာဏာပိုင်များသည် မကြာသေးမီက အဆိုပါဈေးများကို ကန့်သတ်မှုများ ပြုလုပ်နိုင်ရန် ကြိုးစားခဲ့ပါသည်။

          တောင်ကိုရီးယား အခြေစိုက် Korean Herald တွင် မြောက်ကိုးရီးယား ကျွမ်းကျင်သူ Rudiger Frank က ပြောကြားရာတွင် ယခုငွေကြေးပြုပြင်ပြောင်းလဲမှုသည် နိုင်ငံရေးအရ ရွှေ့လျားမှုတစ်ခုဖြစ် သလို စီးပွားရေးအရ ရွှေ့လျားမှုဖြစ်သည်ဟု ဆိုပါသည်။

          ၎င်းက ပြောကြားရာတွင် မြောက်ကိုရီးယား အာဏာပိုင်များသည် အသစ်ပေါ်ထွက်လာသော လူလတ်တန်းစားများကို ဖျက်ဆီးလိုခြင်းဖြစ်ကြောင်း၊ အဆိုပါ လူလတ်တန်းစားအများစုသည် လွတ် လပ်စွာ ရောင်းဝယ်နိုင်သည့်ဈေးများတွင် ငွေကြေးရောင်းဝယ်မှုများ ပြုလုပ်ကြသည်ဟု ဆိုပါသည်။

          ယခုငွေကြေးပြုပြင်ပြောင်းလဲမှုသည် မြောက်ကိုရီးယား၏ ရိုးရာ ထိန်းသိမ်းသော ဆိုရှယ်လစ် စနစ်(Orthodox socialism) ကို ပြန်သွားနေခြင်းဖြစ်သည်ဟု ဗီယင်နာအခြေစိုက် Frank က ရေးသား ထားပါသည်။

          ယခုရည်ရွယ်ချက်မှာ နှစ်အနည်းငယ်အတွင်းက ပြုပြင်ပြောင်းလဲမှုများကြောင့် ဖြစ်ပေါ်လာ သော အန္တရာယ်ရှိသည့် အကျိုးသက်ရောက်မှုများကို ပပျောက်သွားအောင်ပြုလုပ်ခြင်းဖြစ်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment