Transparency Myanmar

transparency.myanmar@gmail.com

Latimes.com ,4 Dec 2009

          မြောက်ကိုရီးယား ဒုက္ခသည် ၁၅၀ ခန့်ကို ကိုယ်စားပြု ဆောင်ရွက်နေသော တောင်ကိုရီးယား အခြေစိုက် အဖွဲ့အစည်းများက သမ္မတ ကင်ဂျုံးအီးကို တရားစွဲဆိုရန် သဟိတ်မြို့ရှိ နိုင်ငံတကာ တရားရုံးကို တွန်းအား ပေးနေကြပါသည်။ ဒုက္ခသည်များ ပြောကြားသော ရက်စက် ကြမ်းကြုပ်သည့် အစိုးရ၏ အကြောင်း အောက်တွင် တင်ပြပါမည်။

          ပြီးခဲ့သော ကြာသပတေးနေ့က ဖြစ်ပါသည်။ လီကွမ်ဟီးသည် အသက်ပြင်းပြင်း တစ်ချက် ရှုလိုက်ပြီးနောက် မြောက်ကိုရီးယား အကျဉ်းထောင်အတွင်းတွင် သူမ မတွေ့မြင်ရသေးသော သူမ၏ မွေးကင်းစ ကလေးငယ် အသတ်ခံရသည့် အကြောင်းကို ပြန်လည် ပြောပြပါသည်။

          ၂၀၀၅ ခုနှစ်က တရုတ်နိုင်ငံသို့ တရားမဝင် ထွက်ခွာသွားသော ၈ လ ကိုယ်ဝန်ဆောင် မိခင် လီဂျမ်ဟီးကို အာဏာပိုင်များက ဖမ်းမိသွားပြီး မြောက်ကိုရီးယားသို့ ပြန်ပို့ခဲ့ပါသည်။ မြောက်ကိုရီးယား အကျဉ်းထောင်တွင်း သူမကလေး မွေးဖွားပြီးချိန်တွင် စစ်သားတစ်ယောက်က သူမ၏ ကလေးကို အသက်ရှုလမ်းကြောင်း ပိတ်၍ သတ်လိုက်ပါသည်။

          သူမ၏ သားလေးသာ အသက်ရှင်နေပါက ၄ နှစ်ခန့် ရှိပြီဟု သူမက ပြောပါသည်။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီးကို လူအခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ ခုံရုံးတင် စစ်ဆေးရန် နိုင်ငံတကာ တရားရုံးသို့ တိုက်တွန်းနေသော မြောက်ကိုရီးယား လူ့အခွင့်အရေး လှုပ်ရှားသူများအဖွဲ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် လီကွမ်ဟီးက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

          မြောက်ကိုရီးယား ဒုက္ခသည် ၁၅၀ ခန့်ကို ကိုယ်စားပြု ဆောင်ရွက်နေသည့် Antihuman Crime Investigation Committce က မြောက်ကိုရီးယား ခေါင်းဆောင်၏ ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျ ကျူးလွန်းနေသော အစွန်းရောက် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ လူသားထုအပေါ် ကျူးလွန်နေသော ရာဇဝတ်မှုများကို ဟိတ် နိုင်ငံတကာခုံရုံးမှ စစ်ဆေး ဆုံးဖြတ်ပေးစေရန် လိုလားနေပါသည်။

          ကော်မတီအဖွဲ့ဝင်များသည် ကင်ဂျုံးအီးကို ဖမ်းဝရမ်း ထုတ်ရေးအတွက် မေတ္တာရပ်ခံ တောင်းဆိုလွှာ တင်သွင်းရန် ဟိတ်ဂ်မြို့သို့ လာမည့် အပတ်တွင် သွားရောက်မည် ဖြစ်သည်။

          ဤကိစ္စသည် နိုင်ငံရေး သရုပ်ပြကွက်တစ်ခု မဟုတ်ပါ။ မိမိတို့ အလွန်အမင်း မခံမရပ်နိုင် ဖြစ်နေ ပါသည်ဟု လူ့အခွင့်အရေး လှုပ်ရှားသူ Young Howard က ပြောပါသည်။

          ကင်ဂျုံအီးကဲ့သို့ အလားတူ ပြစ်မှုမျိုးကို ကျူးလွန်သူ အဖြစ် ဆူဒန်သမ္မတ အိုမားဟာဆန် အာမက်ဘာရှီးကို ညွှန်ပြကြပါသည်။ ဆူဒန်သမ္မတသည် စစ်ရာဇဝတ်မှု ကျူးလွန်မှုများကြောင့် ပြီးခဲ့သော မတ်လက နိုင်ငံတကာ ခုံရုံးတွင် တရားစွဲ ခံနေရပြီး လက်ရှိနိုင်ငံ ခေါင်းဆောင်တစ်ဦးအပေါ် ပထမဆုံး အရေးယူဆောင်ရွက်ခြင်း ဖြစ်ပါသည်။

          အထီးကျန်ဝါဒ ကျင့်သုံးသော နိုင်ငံ၏ ပြည်သူ ၂၄ သန်း အပေါ်တွင် ကြင်နာတတ်သော ခေါင်းဆောင်အဖြစ် သူ့ကိုယ်သူ ကြေညာထားသော ကင်ဂျုံးအီး (၆၇နှစ်) သည် နိုင်ငံကို ဆိုးဆိုးဝါးဝါး ရက်စက် ကြမ်းကြုတ်စွာ အုပ်ချုပ်သူဖြစ်သည်။ ၁၉၉၄ တွင် ဖခင်ဖြစ်သူ ကင်အီဘွန်းထံမှ အာဏာ ဆက်ခံခဲ့စဉ်မှစ၍ ၎င်းကြောင့် မပြောပြနိုင်လောက်အောင် များပြားသော မြောက်ကိုရီးယား ပြည်သူများ သေဆုံးခဲ့ သည်ဟု လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောပါသည်။

          အတိုက်အခံများကို ငြိမ်ဝပ် ပိပြားသွားစေရန်အတွက် မြောက်ကိုရီးယား အစိုးရသည် နိုင်ငံရေး အကြမ်းဖက်မှုများစွာ ဆောင်ရွက်ခဲ့ပြီး ဖမ်းဆီးထားသော အကျဉ်းသားပေါင်း ၁ သိန်းခွဲမှ ၂ သိန်းခန့် အထိ ရှိသည်ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန စာရင်းဇယားများအရ သိရပါသည်။

          နိုင်ငံရေး လွတ်လပ်ခွင့်ရှိမှုကို တိုင်းတာ ပြုစုထားသော အာရှနိုင်ငံများ စာရင်းတွင် မြောက်ကိုရီးယားနှင့် မြန်မာနိုင်ငံက နောက်ဆုံးတွင် ရှိနေသည်ဟု ဝါရှင်တန် အခြေစိုက် Heritage ဖောင်ဒေးရှင်း၏ နောက်ဆုံး အစီရင်ခံစာတွင် သတ်မှတ် ဖော်ပြထားပါသည်။

          ယခုအခါ ကျန်းမာရေး မကြာခဏ ချို့ယွင်းနေပြီး ယခင်နှစ်က လေဖြတ်သော ဝေဒနာ ခံစားခဲ့ရသူ ကင်ဂျုံးအီးကို နိုင်ငံတကာ ခုံရုံးတင်၍ စစ်ဆေးရန် ဒုက္ခသည်များက ဆန္ဒပြုနေကြပါသည်။

          ကြသပတေးနေ့ သတင်းစာ ရှင်းလင်းပွဲတွင် မြောက်ကိုရီးယား ဒုက္ခသည် အမျိုးသမီး ၃ ဦး၊ အမျိုးသား ၂ ဦး၊ ၁ဝ နှစ်အရွယ် ကလေးတစ်ဦးတို့က ကင်ဂျုံးအီး အစိုးရ လက်အောက်တွင် ၎င်းတို့ ခံစားခဲ့ရသော နှိပ်စက်ညှင်းပန်းမှုများ၊ ဒုက္ခများကို တစ်ယောက်ပြီး တစ်ယောက် ရှင်းလင်း ပြောကြားခဲ့ ပါသည်။

          တောင်ကိုရီးယားသို့ ထွက်ပြေးလာသော ဒုက္ခသည်များက ကင်ဂျုံအီးကို တရားစီရင်ရေးသည် ရေရှည်ကိစ္စတစ်ခုဟု နားလည်ထားကြသော်လည်း "ကင်" ရက်စက် ယုတ်မာမှုများကို ကမ္ဘာက သိစေရေးအတွက် ဖြန့်ချိရန် ဆန္ဒရှိနေကြပါသည်။

          အဆိုပါ တရား စစ်ဆေးခြင်းကို ကင်ဂျုံအီးက ရင်ဆိုင်မည် မဟုတ်သော်လည်း လူ့အခွင့်အရေး လှုပ်ရှားသူများ၏ ကြိုးပမ်းအားထုတ်မှုများ အောင်မြင်ပါသည်ဟု လေ့လာသူများက ဆိုပါသည်။

          ယခု လှုပ်ရှားမှုများသည် နိုင်ငံတကာအသိုင်းအဝိုင်းမှ ပြည်သူများကို လှုံဆော်ရာတွင် အကျိုး သက်ရောက်မှု အပြည့်အဝ ရှိသည်ဟု ပြောကြားသူမှာ Kyunspook University မှ နိုင်ငံရေးသိပံ္ပ ပါမောက္ခ ယိုမန်းဟို ဖြစ်ပါသည်။

          Democracy Network Against North Korean Gulags အဖွဲ့၏ အထွေထွေ အတွင်းရေးမှူး ဂျန်ဂျောင်အီ(၄၆နှစ်) က မိမိသည် စပိုင်တစ်ယောက် ဖြစ်ကြောင်း မှားယွင်းဝန်ခံမှုကြောင့် အာဏာပိုင်များက ပြင်းထန်စွာ ရိုက်နှက်ခဲ့ပြီး နာမည်ဆိုး ယိုဒတ် အကျဉ်းထောင်တွင် ၂၀၀၀ ခုနှစ်မှ စ၍ ၃ နှစ်တိတိ အကျဉ်းကျခံခဲ့ရသည်ဟု ပြောပါသည်။

          ယိုဒတ်အကျဉ်းထောင်သည် တိရစ္ဆာန် ဆေးကုသသူများက ဆရာဝန်ဖြစ်နေသော နေရာတစ်ခု ဖြစ်သည်။ အဘယ်ကြောင့် တိရစ္ဆာန် ဆေးကုဆရာဝန်များက မိမိတို့အား ကုသပေးပါသနည်းဟု မေးမြန်းခဲ့ရာ တာဝန်ကျစစ်သားများက "မင်းတို့က တိရစ္ဆာန်တွေပဲ၊ ဒါကြောင့် ဆရာဝန်နဲ့ ဆေး ကုသ မပေးနိုင်ဘူးဟု ရိုင်းစိုင်းစွာ ပြောဆိုခဲ့သည်ဟု ၎င်းက ပြောပြပါသည်။

          ရက်စက် ကြမ်းကြုတ်လွန်းသော အခြေအနေများကြောင့် အကျဉ်းသားများမှာ လူသားဖြစ်ကြောင်း အသိစိတ်ပင် ပျောက်ဆုံးနေသည်ဟု ဆိုပါသည်။

          အကျဉ်းထောင်များတွင် တစ်စုံတစ်ယောက် သေဆုံးသွားပါက မည်သူကမှ ဝမ်းမနည်းကြပါ။ အလောင်းကို မိမိတို့ မြေမြှုပ်ပြီးချိန်တွင် "ကောင်းတယ်" ဟူသော စကားတစ်ခွန်း ကြားရလေ့ရှိပြီး ဆန်ပြုတ် တစ်ပန်းကန် ရရှိပါသည်ဟု ဂျန်ဂျော်အီက အတွေ့အကြုံများကို ရှင်းလင်းပါသည်။

          ဒုက္ခသည်များကိုယ်စား လူ့အခွင့်အရေး ကော်မတီ အဖွဲ့ဝင်များက ဟိတ်ဂ် နိုင်ငံတကာ တရားရုံးသို့ ပေးပို့သော စာများအရ ဂျန်ဂျောင်အီ၏ အတွေ့အကြုံများမှာ အရေးပါ အရာရောက်သည်ဟု သိရပါ သည်။

          အကျဉ်းသားများအပေါ် စားစရာ ဝေစု အလွန်အမင်း ဖြတ်တောက်ခြင်းကြောင့် အာဟာရ ချို့တဲ့မှု၊ ငတ်ပြတ်မှု၊ ရောဂါများ ဖြစ်ပွားကာ အကျဉ်းသားများစွာ သေဆုံးခဲ့သည်ကို အတိအကျ မြင်တွေ့ခဲ့ရသည်ဟု ပေးစာတွင် ဖော်ပြထားပါသည်။

          အကျဉ်းစခန်း စည်းမျဉ်း စည်းကမ်းများကို တရားသဖြင့် ပြန်လည် သုံးသပ်ခြင်း မရှိဘဲ ပြစ်ဒဏ် ပေးခြင်းများ၊ ခိုင်းသော အလုပ် မပြီး၍ ရိုက်နှက် အပြစ်ပေးမှုများအတွက် ဒုက္ခသည်များက သက်သေ ထွက်ဆိုခဲ့ပါသည်။ အချို့ အကျဉ်းသားများမှာမူ ကိုယ်အလေးချိန်များစွာ လျော့ကျ ဖျားနာ နေသောကြောင့် ပြန်လွတ်လိုက်သော်လည်း အိမ်တွင် သေဆုံးသွားကြသည်ဟု ဆိုပါသည်။

          မြောက်ကိုရီးယား အစိုးရက ၎င်းတို့၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့်ပတ်သက်သော စွပ်စွဲချက်များကို "ကွန်မြူနစ်နိုင်ငံအပေါ် ဆန့်ကျင်သည့် ရန်သူများ လုပ်ကြံ ဖန်တီးထားသည့် အကြံအဖန် နိုင်ငံရေး လုပ်ကွက်များ"ဟု ပြန်လည် တုန့်ပြန်ခဲ့ပါသည်။

          အမည်မဖော်လိုသူ မြောက်ကိုရီးယား အမျိုးသမီးတစ်ဦးက မြောက်ကိုရီးယားသို့ ပြန်ပို့ခံရသော ထွက်ပြေးသူများ၏ အကြောင်းကို ပြောပြရာတွင် တရုတ် အမျိုးသားများနှင့် လက်ထပ်ခဲ့သော အမျိုးသမီးများမှာ ဆိုးဝါးစွာ နှိပ်စက်ခြင်း ခံရသည်ဟု ဆိုပါသည်။

          ''တရုတ်တွေနဲ့ လက်ထပ်ရတာ အတော် ပျော်ခဲ့မှာပေါ့" ဟု ပြောကြားကာ ကန်ကျောက်ပြီး သေနတ်ဒင်ဖြင့် ရိုက်သည်ဟု သူမက ပြောပြပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးမှာ သွေးဆင်း၍ ကလေး ပျက်ကျသွားသည်ဟု ဆိုပါသည်။

          အဆိုပါ အမည်မဖော်လိုသူ မြောက်ကိုရီးယား အမျိုးသမီးသည် ထွက်ပြေးရန် ကြိုးစားမှုကြောင့် ၅ ကြိမ်တိုင်တိုင် အဖမ်းခံခဲ့ရပြီး ယခု တောင်ကိုရီးယားသို့ ရောက်ရှိလာသောအခါ ကမ္ဘာပေါ်ရှိ ပြည်သူများကို အသိပေးရန် အသက်ဆက် ရှင်မည်ဟု ဆုံးဖြတ်ခဲ့ကြောင်း သူမက ထုတ်ဖော် ပြောကြား ပါသည်။

          သူမသာ မြောက်ကိုရီးယားသို့ ပြန်သွားပါက တရုတ်မျိုးနှင့် ကိုယ်ဝန်ရခဲ့သော မိန်းမများကို နှိပ်စက်မှုမျိုးနှင့် အလားတူ ကြုံတွေ့ရမည်ဟု ပြောပါသည်။

          လီကွမ်ဟီးက သူမ၏ ဇာတ်လမ်းကို ပြောပြရာတွင် သူမအား အမျိုးသမီး စာရိတ္တ ပြုပြင်ရေးစခန်းသို့ ပို့၍ ကလေး မွေးပြီးပါက သူမ၏ ကလေးကို ကိုယ်တိုင်သတ်ရန် အမိန့်ချသည်ဟု ဆိုပါသည်။ သူမက ငြင်းဆန်ခဲ့သည့်အတွက် သူမအား ရိုက်နှက်ပြီး မွေးလာသည့် ကလေးကို စစ်သားက သတ်ပစ်ခဲ့ခြင်း ဖြစ်သည်ဟု ဝမ်းနည်းစွာဖြင့် ရှင်းပြပါသည်။

          ကင်ဂျုံအီးအား အပြစ်ရှိကြောင်း ဆုံးဖြတ်၍ သေဒဏ်ပေးသည်ကို မြင်တွေ့လိုပါသလားဟု လီကွမ်အီးကို ကြာသပတေးနေ့က မြေးမြန်းခဲ့ရာ သူမ၏ အဖြေမှာ မြန်ဆန်လှပါသည်။ သူမက ဟုတ်ကဲ့ဟု တိုးတိတ် ညင်သာစွာ ပြောကြားခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment