Transparency Myanmar

transparency.myanmar@gmail.com

          တရုတ်နိုင်ငံ၏ စီးပွားရေးသည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်အတွင်း ၈ ဒဿမ ၇ ရာခိုင်နှုန်းခန့် မြင့်တက်လာကြောင်း တရုတ်အမျိုးသား စာရင်းအင်း ဆိုင်ရာ ဗျူရို (CNBS) ၏ သတင်း ထုတ်ပြန်ချက်က ဆိုပါသည်။

နှစ်စဉ် ပြုလုပ်သော တွက်ချက်မှုများအရ ၂၀၀၉ ခုနှစ် ပထမ လေးပုံတစ်ပုံ ကာလအတွင်း စီးပွားရေး တိုးတက်မှု ၁၀ ဒဿမ ၇ ရာခိုင်နှုန်းအထိ တိုးမြင့်ခဲ့သည်။ တရုတ် စီးပွားရေးသည် ပထမနှစ် လေးပုံသုံးပုံ လောက်မှ စ၍ တဖြည်းဖြည်းချင်း တိုးတက်လာရာမှ လေးပုံ တစ်ပုံခန့်တွင် ၆ ဒဿမ ၂ ရာခိုင်နှုန်းခန့် မြင့်တက်လာကြောင်း၊ လေးပုံ နှစ်ပုံခန့်တွင် ၇ ဒဿမ ၉ ရာခိုင်နှုန်းနှင့် လေးပုံတစ်ပုံ ခန့်တွင် ၉ ဒဿမ ၁ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ကြောင်း CNBS က ဆိုပါသည်။

တရုတ်ပြည်၏ စုစုပေါင်း ပြည်တွင်း ထုတ်ကုန်မှာ ၂၀၀၉ ခုနှစ် အတွင်း အမေရိကန် ဒေါ်လာ ၄ ဒဿမ ၉ ထရီလီယံ ရှိခဲ့ပါသည်။ တရုတ် အစိုးရက စီးပွားရေး ပြန်လည် နာလန်ထူနိုင်ရေးအတွက် အမေရိကန် ဒေါ်လာ ၅၈၆ သန်း ထုတ်ပေးရာမှ နှစ်စဉ် တိုးတက်မှုနှုန်းများ မြင့်တက်ခဲ့ခြင်း ဖြစ်ပါသည်။

တရုတ်အစိုးရက ၂၀၀၉ ခုနှစ်တွင် ၈ ရာခိုင်နှုန်းအထိ တိုးမြင့်ရန် ဦးတည် သတ်မှတ်ချက် ထားရှိခဲ့သည်။ အဆိုပါ သတ်မှတ်ချက်သည် အလုပ် ခန့်အပ်နိုင်မှု နှုန်းကို ထိန်းသိမ်းနိုင်မည့် စံသတ်မှတ်ချက် ဖြစ်သည်ဟု တရုတ် အစိုးရက ရှုမြင်ပါသည်။

"ရာစုနှစ် တစ်ခုအတွင်း ကမ္ဘာလုံး ဆိုင်ရာ ဘဏ္ဍာရေး အကျပ်အတည်းကြောင့် အင်မတန် ဆိုးရွားတဲ့ အကျိုး သက်ရောက်မှုတွေ ဖြစ်ပွားစေခဲ့ပါတယ်။ တရုတ် အစိုးရဟာ ပြည်တွင်းနဲ့ ပြည်ပက အခြေအနေတွေကို အမိအရ ဖမ်းဆုပ်ကြည့်ပြီး တစ်နိုင်ငံစလုံးကို အခက်အခဲ အကျပ်အတည်း ဂယက်ထဲက ရုန်းထွက်နိုင်အောင် ဦးဆောင် နိုင်ခဲ့တာကြောင့် အခုလို စီးပွားရေး ပြန်လည် တိုးတက်လာတာပါ" ဟု CNBS ၏ ဒါရိုက်တာ Ma Jiantang က ပြောကြားပါသည်။

"တရုတ်အစိုးရဟာ မှတ်လောက် သားလောက်အောင် ကျဆင်းခဲ့တဲ့ စီးပွားရေး အခြေအနေကြီးကို ရပ်တန့်အောင် လုပ်နိုင်ခဲ့ပါတယ်၊ တရုတ်ဟာ စီးပွားရေး ပျက်ကပ်ထဲကနေ ပထမဆုံး ရုန်းထွက်နိုင်ခဲ့တဲ့ နိုင်ငံတစ်ခု ဖြစ်လာပါပြီ" ဟု ၎င်းက ဆိုပါသည်။

၂၀၀၉ ခုနှစ် အတွင်း လက်လီ ရောင်းချမှု နှုန်းမှာ ၁၆ ဒဿမ ၉ ရာခိုင်နှုန်း ခန့် မြင့်တက်ခဲ့သည်။ ကမ္ဘာလုံး ဆိုင်ရာ စီးပွားရေး ပျက်ကပ်ကြောင့် ကျဆင်းသွားသည့် ပြည်ပသို့ ကုန်ပစ္စည်း တင်ပို့မှုကို ခုသာခံသာ ဖြစ်စေရန် အစိုးရက ပြည်တွင်း သုံးစွဲမှုနှုန်း မြင့်တက်အောင် ကြိုးပမ်းခဲ့သည်။ သို့ရာတွင် အကျိုးဆက် အနေဖြင့်  တရုတ်ပြည်တွင်း အိမ်ရာမြေ ဈေးနှုန်းများ မြင့်တက်မှုများ ဖြစ်ပေါ်လာသောကြောင့် စိုးရိမ်မကင်း ဖြစ်လျက် ရှိသည်။

သို့အတွက်ကြောင့် တရုတ် အစိုးရက ပြည်တွင်းဘဏ်များအား ငွေထုတ်ချေးမှုကို ထိန်းချုပ်ရန် ညွှန်ကြားချက် ထုတ်ပြန်လိုက်ရသည်။

 BBC သတင်းဌာန၏ China GDP grows by 8.7 percent in 2009 ကို ဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment