Transparency Myanmar

transparency.myanmar@gmail.com

မြောက်ကိုရီးယား ကွန်မြူနစ် နိုင်ငံတော်ကို ဖြုတ်ချရန် ရည်ရွယ်သည့် တောင်ကိုရီးယား၏ မည်သည့် ကြိုးပမ်းမှုမဆို စစ်ရေးအရ ပြင်းထန်စွာ တုံ့ပြန်သွားမည်ဖြစ်သည်ဟု မြောက်ကိုရီးယား အစိုးရက ထုတ်ဖော် သတိပေးလိုက်ကြောင်း သိရပါသည်။

မြောက်ကိုရီးယား အစိုးရသည် ဆိုးလ်၊ ဝါရှင်တန်၊ ဘေဂျင်း စသည့် နိုင်ငံများနှင့် သံတမန် ဆက်ဆံရေး ထူထောင်ရန် ခြေလှမ်းများ စတင်နေပြီ ဖြစ်သည့်တိုင် ယင်းသို့ ခြိမ်းခြောက် လိုက်ခြင်း ဖြစ်ပါသည်။

ကမ္ဘာ့အဆင့်မီသော စစ်လက်နက် တပ်ဆင်ထားသည့် တပ်ဖွဲ့များကို ထုတ်ဖော် ပြသခြင်း မရှိသေးသော်လည်း မြောက်ကိုရီးယား ပြည်သူနှင့် နိုင်ငံတော်လုံခြုံရေး ဝန်ကြီးဌာနက တောင်ကိုရီးယား နိုင်ငံကို ခြိမ်းခြောက်မှုပြုသည့် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

အဆိုအပါ ကြေညာချက် စာတမ်းအရ မြောက်ကိုရီးယားသည် မိမိနိုင်ငံတော် ကာကွယ်ရေးအတွက် စစ်တပ်အင်အား တိုးချဲ့စုရုံးလျက် ရှိကြောင်း သိရပါသည်။ မြောက်ကိုရီးယားသည် မိမိအချုပ်အခြာ အာဏာကို ထိပါးစော်ကားမှု၊ ညီညွတ်ရေး ပျက်ပြားအောင် လုပ်ဆောင်မှုနှင့် ငြိမ်းချမ်းရေး ထိပါးစေမည့် ကြိုးပမ်းမှု အပါအဝင် ဆိုရှယ်လစ်စနစ်၏ ဂုဏ်သိက္ခာကို ထိခိုက်စေမှုများ အားလုံးကို စစ်ရေးအရ အပြည့်အဝ တုံ့ပြန်သွားမည် ဖြစ်သည်ဟု အဆိုပါ ကြေညာချက်က ဖော်ပြသည်။

AP သတင်းဌာနအဆိုအရ တရုတ်နိုင်ငံ၏ အထူးသံတမန်နှင့် မြောက်ကိုရီးယား အရာရှိကြီးများ ပြုံယမ်းမြို့တွင် နျူကလီးယား လက်နက် ဖြုတ်သိမ်းရေးဆိုင်ရာ ခြောက်နိုင်ငံ ဆွေးနွေးပွဲနှင့် ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှု ပြုလုပ်သည့် အချိန်တွင် အဆိုပါကြေညာချက် ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

မြောက်ကိုရီးယား နိုင်ငံအနေဖြင့် နျူကလီးယား ဖြုတ်သိမ်းရေး ဆွေးနွေးပွဲ စကားဝိုင်းသို့ပြန် လည်ဝင်ရောက်ရန် တရုတ်နိုင်ငံ သံတမန်က နိုင်ငံတကာ ကြိုးပမ်းချက် တစ်ရပ်အဖြစ် ယင်းသို့ သွားရောက်ခဲ့သည်ဟု ဆိုသည်။

တရုတ်ကွန်မြူနစ်ပါတီ၏ ထိပ်တန်းအရာရှိ တစ်ဦးဖြစ်သော Wang Jiarui သည် မြောက်ကိုရီးယား အလုပ်သမား ပါတီမှ စီနီယာအရာရှိ Choe Thae Bok နှင့် ပြုံယမ်းမြို့တော်တွင် တွေ့ဆုံခဲ့ကြောင်း၊ အဆိုပါ တွေ့ဆုံပွဲတွင် တရုတ်နိုင်ငံအနေဖြင့် မြောက်ကိုရီးယားနှင့် အပြန်အလှန် ချစ်ကြည်ရင်းနှီးမှု တစ်ရပ်ကို မြှင့်တင်သွားလိုပါသည်ဟု မစ္စတာ Wang က မစ္စတာ Choe ကိုပြောဆိုခဲ့ကြောင်း Xinhua သတင်းက ဖော်ပြပါသည်။

သို့သော် Xinhua ၏ သတင်းရေးသား ဖော်ပြချက်တွင် နျူကလီးယားနှင့် ပတ်သက်သော အရေး ကိစ္စများ ပါဝင်ခြင်းမရှိပေ။ Korea Cable TV Network ၏ သတင်း ပေးပို့ချက်အရ မစ္စတာ Wang သည် မြောက်ကိုရီးယား ထိပ်ဆုံးခေါင်းဆောင်ကြီး ကင်ဂျုံအီလ်နှင့် တွေ့ဆုံကာ ခြောက်နိုင်ငံ ဆွေးနွေးပွဲနှင့် ပတ်သက်ပြီး ညှိနှိုင်း ပြောဆိုဖွယ်ရှိကြောင်း သိရပါသည်။

ထို့ပြင် မစ္စတာ Wang သည် တရုတ်သမ္မတ ဟူဂျင်တောင်က ပေးပို့သော သတင်းစကားကို ကင်ဂျုံအီလ် ထံသို့ ပေးပို့ရန် ရည်မှန်းချက် ရှိပုံရပါသည်ဟု တောင်ကိုရီးယား သတင်းစာဖြစ်သော Chosun Ilbo သတင်းစာက ရေးသား ဖော်ပြသည်။

အဆိုပါ သတင်းစာ ရေးသားချက်အရ ပြုံယမ်းအစိုးရသည် တရုတ်ပြည်မှ စီးပွားရေး အကူအညီ အထောက်အပံ့ ရရှိရန် အလို့ငှာ နျူကလီးယား ဖြုတ်သိမ်းရေးအတွက် တိုးတက် ဖြစ်ထွန်းမှုများ ထုတ်ဖော်ပေးလိုသည့် အနေအထားတွင် ရှိသည်။

တရုတ်သံတမန် ရောက်ရှိနေသည့် ရက်သတ္တပတ် အတွင်းမှာပင် ကုလသမဂ္ဂဆိုင်ရာ နိုင်ငံရေး အကြီးအကဲ B Lynn Pascoe လည်း ပြုံယမ်းသို့ သွားရောက်ခဲ့သည်ဟု ဆိုပါသည်။ မြောက်ကိုရီးယားသည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်အတွင်း ရော့ကက် စမ်းသပ်ပစ်လွှတ်မှု ပြုလုပ်ခဲ့ရာ နိုင်ငံတကာ၏ ပြစ်တင် ပြောဆိုမှုကို ခံခဲ့ရပြီး ခြောက်နိုင်ငံ စကားဝိုင်းမှ နှုတ်ထွက်ခဲ့သည်။

ထို့နောက် မကြာမီမှာပင် နျူကလီးယား စမ်းသပ်မှုများ၊ တိုက်ချင်းပစ် ဒုံးကျည်စမ်းသပ် ပစ်ခတ်မှုများကို ဆက်တိုက် ဆိုသလို ပြုလုပ်ခဲ့ပါသည်။ ထိုမျှမကသေးဘဲ ပလူတိုနီယံ စမ်းသပ် ထုတ်လုပ်မှုများကိုလည်း ပြန်လည် စတင်ခဲ့သည်။

AP သတင်းဌာန၏ Nkorea threatens South amid push to restart talks ကို ဘာသာ ပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment