Transparency Myanmar

transparency.myanmar@gmail.com

DVB, 8th February 2010

          ထိုင်း စစ်တပ်က မြန်မာနိုင်ငံသို့ အတင်းအကြပ် ပြန်ပို့မည့် ကရင် ဒုက္ခသည်များအား မီဒီယာများနှင့် စကားမပြောရန်နှင့် ပြောပါက အဖမ်းခံရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဆိုပါသည်။

          ထိုင်းနိုင်ငံ အနောက်မြောက်ဖက်တွင် ကရင် စစ်ပြေးဒုက္ခသည် ၃၀၀၀ ခန့်သည် ၎င်းတို့ကို မြန်မာနိုင်ငံသို့ ပြန်လည် ပို့မပို့ သတင်းကို နားစွင့်နေကြပါသည်။ ၎င်းတို့သည် ၂၀၀၉ ခုနှစ် ဇွန်လ မြန်မာ စစ်တပ်နှင့် တိုင်းရင်းသား ကရင်အဖွဲ့များ တိုက်ပွဲများ ဖြစ်ပွားစဉ်က ထွက်ပြေး လာကြသူများ ဖြစ်ပါ သည်။

          လူ့အခွင့်အရေး အဖွဲ့များက ထိုင်းအစိုးရအား ဒုက္ခသည်များ နေရပ် ပြန်ခြင်းမှာ သူ့သဘောနှင့် သူ ပြန်သွားခြင်းကို သေချာစေရန် တိုက်တွန်းထားပြီး၊ ၎င်းတို့၏ မူရင်း ဒေသများတွင် မြေမြှုပ်မိုင်းများ ရှိကြောင်း၊ မြန်မာ စစ်တပ်သို့ အတင်းဝင်ရောက် စစ်မှုထမ်းရန် လုပ်ဆောင်မှုများ လည်း ရှိကြောင်း ပြောပါသည်။

          ကရင် အမျိုးသမီးများအဖွဲ့(KWO) မှ အကြီးတန်း အဖွဲ့ဝင် Blooming Night Zen က စနေနေ့က ဒုက္ခသည်များနှင့် တွေ့ဆုံရာတွင် ထိုင်း စစ်သားများက ၎င်းတို့အား မီဒီယာများနှင့် အခြား အဖွဲ့အစည်းများကို နေရပ် ပြန်ပို့ခြင်းနှင့် ပတ်သက်၍ စကားပြောလျှင် ဖမ်းဆီးပြီး၊ နေရပ် ပြန်ပို့ခံရမည် ဟု ပြောကြားခဲ့သည်ဟု ဆိုပါသည်။

          နေရပ် ပြန်ပို့သည့် လုပ်ငန်းစဉ်ကို ပြီးခဲ့သည့် အပတ် သောကြာနေ့က စတင်ရမည် ဖြစ်သော်လည်း လူ့အခွင့်အရေး အဖွဲ့များ၏ ပြင်းထန်သော ကန့်ကွက်မှုများ၊ အမေရိကန် ဥပဒေပြု အဖွဲ့ဝင် ၂၇ ဦး၏ ဝန်ကြီးချုပ် အဘီဆစ်သို့ ပေးပို့သော စာများကြောင့် ယာယီ ရပ်ဆိုင်းထားခဲ့ပါသည်။

          ထိုသို့ မရပ်ဆိုင်းမီက ဒုက္ခသည်များကို ဖေဖော်ဝါရီလ ၁၅ ရက် နောက်ဆုံး ထား၍ ပြန်ပို့ရန် စီစဉ် ထားခဲ့ပါသည်။ ပြီးခဲ့သည့် သောကြာနေ့က လမ်းလျှောက်တတ်စ ကလေးတစ်ဦး အပါအဝင် ဒုက္ခသည် ၁၁ ဦး အား ပြန်ပို့ပြီးကြောင်း အတည်ပြုနိုင်ခဲ့ပါသည်။

          လန်ဒန် အခြေစိုက် Burma Campaign UK ကလည်း ဗြိတိသျှ အစိုးရနှင့် နိုင်ငံတကာ ခေါင်းဆောင်များကို ဒုက္ခသည်များအား ပြန်မပို့ရေးအတွက် ထိုင်းအစိုးရကို တိုက်တွန်းပေးရန် တောင်းဆိုခဲ့ပါသည်။

          ထိုင်းအစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြီးခဲ့သည့် သီတင်းပတ် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားရာ၌ ဒုက္ခသည်များသည် စစ်ဖြစ်၍ ထွက်ပြေးလာခြင်း မဟုတ်ဘဲ အလုပ်ရှာရန် လာရောက်ကြခြင်း ဖြစ်သည်ဟု ဆိုပါသည်။

          သို့သော် Ler Per Har စခန်းသို့ ရောက်လာသော ဒုက္ခသည် အများစုသည် ကရင်ပြည်နယ်ရှိ ၎င်းတို့၏ နေရာများမှာ မြန်မာစစ်တပ်၏ အမြောက်နှင့် ပစ်ခတ်မှုကြောင့် ထွက်ပြေးလာသူများ ဖြစ်ပြီး၊ ကျန်ခဲ့သူများမှာလည်း မြန်မာ စစ်တပ်အတွင်းသို့ ဝင်ရန် အတင်း ပြုလုပ်ခံရကြောင်း သိရှိရပါသည်။

          ထိုင်းအစိုးရသည် ပြီးခဲ့သည့် နှစ်က Hmong ဒုက္ခသည် ၄၆၀၀ ကို လာအိုသို့ ပြန်ပို့ခဲ့ရာ အကြီးအကျယ် ဝေဖန်ခံခဲ့ရပြီး၊ ဒုက္ခသည်များမှာ ယုံကြည် ကိုးကွယ်မှုကြောင့် နှိပ်စက်မှုများ ခံရဖွယ် ရှိပါသည်။

          အဆိုပါ အဖြစ်အပျက်သည် နိုင်ငံတကာ မီဒီယာများသို့ ပြန့်နှံ့ခဲ့ရာ၊ ယခု ကရင် ဒုက္ခသည်များ ကိစ္စတွင်လည်း ထိုနည်းအတိုင်းပင် ဖြစ်နေပေသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment