Transparency Myanmar

transparency.myanmar@gmail.com

Reuters, 9th February 2010

          ရန်ကုန်မြို့ စက်ရုံ ၂ ခုမှ အလုပ်သမား ၂၀၀၀ ကျော်သည် လစာငွေ နည်းပါးမှုကြောင့် ဆန္ဒပြခဲ့ကြပြီးနောက် အင်္ဂါနေ့တွင် မြန်မာ စစ်ဖက် အစိုးရက လက်နက်ကိုင် အဓိကရုဏ်း နှိမ်နင်းရေး ရဲ ရာဂဏန်းကို တပ်ဖြန့်၍ လုံခြုံရေး တိုးမြှင့်လိုက်ပါသည်။

          ရန်ကုန်မြို့နှင့် ၁၁ ကီလိုမီတာ (၇ မိုင်) ခန့် ကွာဝေးသော လှိုင်သာယာ စက်မှုဇုံ ပတ်ပတ်လည်ရှိ လမ်းများကို လုံခြုံရေး ထိန်းသိမ်းရန် ရိုင်ဖယ် သေနတ်များ၊ ဒိုင်းများ တပ်ဆင် ပေးထားသော အဓိကရုဏ်း နှိမ်နင်းရေး ရဲများ တင်ဆောင်ထားသော ထရပ်ကား ၅၀ ခန့် စေလွှတ်၍ နေရာယူထားသည်ဟု ရိုက်တာ သတင်းထောက်က ပြောကြားပါသည်။

          Taiyi ရှူးဖိနပ် စက်ရုံနှင့် Opal 2 အထည်ချုပ် စက်ရုံမှ အလုပ်သမားများက တနင်္လာနေ့တွင် စတင် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းမှ အရာရှိကြီးတစ်ဦးက ပြောကြားခဲ့ပြီး အင်္ဂါနေ့တွင် Taiyi အလုပ်သမားများနှင့် အုပ်ချုပ်သူများ အကြား သဘောတူညီမှု ရရှိလု နီးနေပြီဟုလည်း ဆိုပါသည်။

          ပုံစံ အမျိုးမျိုးဖြင့် ကန့်ကွက် ဆန္ဒပြမှုများမှာ မြန်မာနိုင်ငံတွင် ဖြစ်တောင့်ဖြစ်ခဲ ရှားပါးလှပြီး ၂၀၀၇ ခုနှစ်ကမူ လောင်စာဆီနှင့် ဓာတ်ငွေ့ ဈေးနှုန်းများ တက်ခဲ့ခြင်းကြောင့် ဖြစ်ပွားခဲ့သော အသေးစား ဆန္ဒပြမှုများသည် သံဃာတော်များကြောင့် နိုင်ငံအနှံ့ ကျယ်ပြန့်သွားခဲ့ပြီး အစိုးရက ရက်ရက်စက်စက် နှိမ်နင်း ဖြိုခွဲခဲ့ရာ လူ ၃၁ ဦးခန့် သေဆုံးခဲ့ပါသည်။

          စစ်ဖက် အစိုးရက ရေးဆွဲထားသော ဒီမိုကရေစီ လမ်းညွှန်မြေပုံ၏ နောက်ဆုံးအဆင့် ဖြစ်သော ရွေးကောက်ပွဲများကို ယခုနှစ်အတွင်း ကျင်ပရန် စီစဉ်ထားရာ မငြိမ်သက်မှုများ ဖြစ်လာနိုင်သော အန္တရာယ်များကို အစိုးရက ဆတ်ဆတ်ထိမခံ တုံ့ပြန်လိမ့်မည်ဟု အကဲခတ်သမားများနှင့် သံတမန်များက ပြောကြားပါသည်။

          "အလုပ်သမား ဝန်ကြီးဌာနက အရာရှိကြီးတွေက ဆန္ဒပြ အလုပ်သမားတွေနဲ့ အလုပ်ရှင်တွေကြားမှာ ကူညီ ညှိနှိုင်းပေးနေတယ်လို့ ယူဆရပါတယ်" ဟု ပြောကြားသူမှာ မီဒီယာများသို့ ပြောရေးဆိုခွင့် မရှိသဖြင့် အမည် မဖော်လိုသူ အရာရှိတစ်ဦး ဖြစ်သည်။

          ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများ ပိုင်ဆိုင်သည့် အထည်ချုပ် စက်ရုံ ၁၃၀ ခန့် မြန်မာနိုင်ငံတွင် ရှိပြီး လူဦးရေ ၄၅၀၀၀ ခန့်ကို အလုပ်ပေးထားပါသည်။

          အဝတ်အထည်များ ပြည်ပ တင်ပို့မှုမှာ ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်တွင် ဒေါ်လာ ၂၉၂ သန်းရရှိ ခဲ့ပြီး၊ ၂၀၀၇-၀၈ တွင် ဒေါ်လာ ၂၈၂ သန်း၊ ၂၀၀၆-၀၇ တွင် ဒေါ်လာ ၂၇၈ သန်း အသီးသီး ရရှိခဲ့သည်ဟု တရားဝင် စာရင်းဇယားများအရ သိရပါသည်။

          လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် အနောက်နိုင်ငံများ၏ အရေးယူ ပိတ်ဆို့မှုများနှင့် ရင်ဆိုင်နေရသော မြန်မာနိုင်ငံသည် ကုန်ကျစရိတ် နည်းပါးခြင်း၊ အလုပ်သမားခ ဈေးပေါခြင်း စသော ကိစ္စများတွင် ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ထိုင်း စသော အိမ်နီးချင်း နိုင်ငံများ၏ ယှဉ်ပြိုင်မှု ကြီးထွားလာခြင်းနှင့် ရင်ဆိုင်နေရပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment