Transparency Myanmar

transparency.myanmar@gmail.com

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီလ်က ကိုရီးယား ကျွန်းဆွယ်တွင် နျူကလီးယား ကင်းစင်ရေး ကိစ္စကို ပြန်လည် အကောင်အထည် ဖော်မည်ဟု ထုတ်ဖော် ပြောဆိုလိုက်ကြောင်း သိရသည်။

နျူကလီးယား လက်နက် ဖျက်သိမ်းရေးနှင့် ပတ်သက်၍ သံတမန် နည်းအရ အဖြေရှာ နေချိန်တွင် ခေါင်းဆောင်ကြီး ကင်ဂျုံအီလ်က ၎င်း၏ နျူကလီးယား ဆိုင်ရာ ထိပ်တန်း ကိုယ်စားလှယ် အဖွဲ့အား တရုတ်နိုင်ငံ၊ ဘေကျင်းမြို့သို့ စေလွှတ်လိုက်သည်။

ပြုံးယမ်းသို့ ရောက်ရှိနေသော တရုတ် အကြီးတန်း အရာရှိ Wang Jiarui အား ကင်ဂျုံအီလ်က ကိုရီးယား ကျွန်းဆွယ်တွင် နျူကလီးယား ကင်းစင်ရေးနှင့် ပတ်သက်ပြီး ယင်းသို့ မှတ်ချက်ပြု ပြောဆို လိုက်ခြင်း ဖြစ်ပါသည်။

ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ ဧပြီလက ပျက်ပြယ်ခဲ့သော ခြောက်နိုင်ငံ ညှိနှိုင်း ဆွေးနွေးပွဲကို ပြန်လည် စတင်နိုင်ရေးအတွက် အဆိုပါ တရုတ်သံတမန်က ပြုံးယမ်းမြို့သို့ လာရောက်ကာ ပဏာမ သဘော ညှိနှိုင်းခြင်း ဖြစ်သည်။

ကိုရီးယား ကျွန်းဆွယ်တွင် နျူကလီးယား လက်နက် ပပျောက်ရေးကို မိမိတို့ နိုင်ငံအနေဖြင့် မဖြစ်မနေ အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်ကြောင်း ကွန်မြူနစ် ခေါင်းဆောင်ကြီး ကင်ဂျုံအီလ်က ဖေဖော်ဝါရီလ ၈ ရက်နေ့ (တနင်္လာနေ့) တွင် ပြောဆိုကြောင်း Xinhua သတင်းဌာနက ဖော်ပြပါသည်။

ခြောက်နိုင်ငံ ညှိနှိုင်းပွဲသည် လွန်စွာ အရေးပါသည်ဟု ကင်ဂျုံအီလ်က ဆိုသည်။ တောင်ကိုရီးယား Yonhap သတင်းဌာန အဆိုအရ ထိပ်တန်း နျူကလီးယား ညှိနှိုင်းရေးမှူး Kim Kye Gwan သည် တရုတ် သံတမန် Wang နှင့်အတူ ဘေဂျင်းသို့ ထွက်ခွာသွားပြီ ဖြစ်ကြောင်း သိရပါသည်။

၂၀၀၉ ခုနှစ်က ဒုံးကျည်နှင့် နျူကလီးယား စမ်းသပ်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ကုလသမဂ္ဂက မြောက်ကိုရီးယားအပေါ် ပြင်းထန်သော အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။ သို့အတွက်ကြောင့် မြောက်ကိုရီးယားက ပိတ်ဆို့ အရေးယူမှုများကို ပြန်လည် ဖယ်ရှား နိုင်ရေးအတွက် ကိုရီးယား နှစ်နိုင်ငံ၊ တရုတ်၊ ရုရှား၊ ဂျပန်နှင့် အမေရိကန် ပြည်ထောင်စုတို့ ပါဝင်သော ခြောက်နိုင်ငံ ဆွေးနွေးပွဲကို ပြန်လည် စတင်နိုင်မည့် နည်းလမ်း ရှာဖွေခြင်း ဖြစ်ဟန် ရှိကြောင်း လေ့လာ သုံးသပ်သူများက ဆိုပါသည်။

ပြုံးယမ်းမြို့တော်သို့ ရောက်ရှိလာသော တရုတ် သံတမန် Wang က တရုတ် သမ္မတ ဟူဂျင်တောင် ထံမှ ပေးစာ တစ်စောင်ကို ခေါင်းဆောင်ကြီး ကင်ဂျုံအီလ်ထံသို့ ပေးအပ်ခဲ့သည်။ ဟူဂျင်တောင်က ကင်မ်အား ဘေဂျင်းသို့ အလည်အပတ် ဖိတ်ခေါ်ကြောင်းလည်း သိရပါသည်။
 ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ ထိပ်တန်း နိုင်ငံရေး အကြံပေး ပုဂ္ဂိုလ် Lynn Pascoe လည်း ဇန်နဝါရီလ ၉ ရက်နေ့က ပြုံးယမ်းမြို့သို့ ရောက်ရှိနေပြီး ၎င်း၏ ခရီးစဉ်သည် နျူကလီးးယား ဖျက်သိမ်းရေး ဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် မြောက်ကိုရီးယား အစိုးရအား ဖိအားပေးရန် ကြိုးပမ်းမှု တစ်ရပ် ဖြစ်ကြောင်း သိရပါသည်။

မြောက်ကိုရီးယား အစိုးရသည် ကုလ သမဂ္ဂ၏ ပိတ်ဆို့ အရေးယူမှုများ ပြန်လည် ဖယ်ရှား ပေးစေလိုသည့် ဆန္ဒ ရှိသလို အမေရိကန် ပြည်ထောင်စုနှင့်လည်း ပုံမှန် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်လိုသည်။

ထို့ပြင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို တစ်ဦးတည်း ထုတ်ဖော် ဆန္ဒပြရန် တရုတ် နယ်စပ် ဒေသမှ တစ်ဆင့် တရားမဝင် ဝင်ရောက်ခဲ့သော အမေရိကန် နိုင်ငံသား တစ်ဦးကိုလည်း မြောက်ကိုရီးယား အစိုးရက အပြုအမူကောင်းများ ထုတ်ပြသည့် အနေဖြင့် ဇန်နဝါရီလ ၆ ရက်နေ့တွင် လွှတ်ပေးလိုက်သည်။

သို့သော် မြောက်ကိုရီးယားက တောင်ကိုရီးယားသည် ယခုအခါ ကင်ဂျုံအီလ် အစိုးရအဖွဲ့ ပြုတ်ကျနိုင်ရေးအတွက် အကွက်ချ စီစဉ်လျက် ရှိသည်ဟု စွပ်စွဲ ပြောဆိုကာ မိမိတို့တွင် အင်အား ကောင်းမွန်သော လျှို့ဝှက် တိုက်ခိုက်ရေး အဖွဲ့များ ရှိနေကြောင်း ခြိမ်းခြောက် လိုက်ပါသည်။

"မိမိတို့ နိုင်ငံတွင် အများပြည်သူများကို ထုတ်ဖော်ပြသခြင်း မပြုရသေးသော ကမ္ဘာ့ အဆင့်မီ တိုက်ခိုက်ရေး တပ်ဖွဲ့များနှင့် ခုခံ ကာကွယ်ရေး စနစ်များ ရှိသည်" ဟု မြောက်ကိုရီးယား ပြည်သူများနှင့် နိုင်ငံတော် လုံခြုံရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ပါသည်။

အငြင်းပွားစရာ ဖြစ်ထားသည့် ပင်လယ်ဝါ နယ်စပ်ဒေသတွင် တောင်ကိုရီးယား စစ်တပ်က ကာကွယ်ရေး အစီအမံများ ပြုလုပ်နေခြင်းကို မြောက်ကိုရီးယား ဝေဖန်ပြောဆိုခဲ့ပြီး ကင်ဂျုံအီလ် ဆန့်ကျင်ရေး စာရွက် စာတမ်းများအား တောင်ကိုရီးယားက လေဘောလုံးဖြင့် ကျဲချမှု ကိုလည်း မကျေနပ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါသည်။

ပြီးခဲ့သည့် ဇန်နဝါရီလက အဆိုပါ ပင်လယ်ဝါ ဒေသသို့ မြောက်ကိုရီးယားက အမြောက်များဖြင့် ရုတ်တရက် ပစ်ခတ်ခဲ့သေးသည်။ ယခုအခါ ခေါင်းဆောင်ကြီး ကင်ဂျုံအီလ်သည် ငွေကြေး တန်ဖိုး ပြန်လည် ပြင်ဆင် သတ်မှတ် ခြင်းကြောင့် ဖြစ်ပေါ်လာသော လူမှု မတည်မငြိမ်မှုများနှင့် အမှားအယွင်းများကြောင့် ၎င်း၏ နိုင်ငံရေး အာဏာ ထိပါးမည်ကို စိုးရိမ်လျက် ရှိကြောင်း၊ သို့အတွက်ကြောင့် ပြည်ပ အန္တရာယ် ကာကွယ်ရေး၊ နိုင်ငံတော် အချုပ်အခြာ အာဏာ ခိုင်မြဲရေး စသည်တို့ကို ထုတ်ဖော် ပြောဆိုကာ ၎င်း၏ အာဏာ ခိုင်မြဲအောင် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံ Dongguk University မှ ပေါမောက္ခ Kim Yong Hyun က သုံးသပ်သည်။

"ငွေကြေးတန်ဖိုး ပြန်လည် ပြင်ဆင် သတ်မှတ် လိုက်ပြီးနောက်ပိုင်း မြောက်ကိုရီးယားရဲ့ စီးပွားရေးဟာ ပုံမှန် မဟုတ်ဘဲ အဆိုးဘက် ရောက်လာတယ်။ နောက်ပြီး ခြောက်နိုင်ငံ ဆွေးနွေးပွဲကို ပြန်လည် စတင်ဖို့လည်း မြောက်ကိုရီးယား အနေနဲ့ လိုအပ်နေပါတယ်" ဟု ၎င်းက ပြောပါသည်။

AP သတင်းဌာန၏ North Korea's Kim restates nuclear disarmament pledge ကို ဘာသာ ပြန်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment